အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

အတုအယောင် ရွေးကောက်ပွဲဖြစ်စဉ်အပေါ် ရိုက်ခတ်မည့် နိုင်ငံရေး လှိုင်းလုံး

ထူးခြားသည်မှာလည်း အဆိုပါအဖွဲ့အင်အား အများဆုံးသည် ရွေးကောက်ပွဲကို အကန့်အသတ် ကြီးကြီးမားမားနှင့် ကျင်းပမည့် စစ်ကိုင်း၊ မန္တလေး၊ မကွေး စသော ဗမာလူမျိုးအများစု နေထိုင်ရာ Heartland တွင် စစ်ရေးအရ လှုပ်ရှားနေကြခြင်းဖြစ်သည်။

(လေ့လာသုံးသပ်ချက် ဆောင်းပါး ရေးသားသည့် ဆောင်းပါးရှင် သစ်လွင်သည် နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ နှင့် ဥပဒေ အထူးပြု လေ့လာနေသော တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်သည်။)

စစ်တပ်က အာဏာသိမ်းပြီး ၅နှစ်အကြာတွင် လူကြိုက်နည်းသော၊ အများပါဝင်မှု မရှိသော ရွေးကောက်ပွဲတစ်ခုကို ကြီးမှူးကျင်းပရေးအတွက် ဦးစားပေးလုပ်ဆောင်နေသည်။

အစုအပြုံလိုက် သတ်ဖြတ်မှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှု၊ ဖမ်းဆီးအကျဉ်းချမှုများ ဆက်လက်ပြုလုပ်နေချိန် ပြုလုပ်သည့် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမည်ဟု ကြေညာထားပြီး ပထမပိုင်းကို ၂၀၂၅ ခုနှစ် နှစ်မကုန်မီ ပြီးစီးစေရန် စီစဉ်ခဲ့ကြောင်း တွေ့ရသည်။ ပထမပိုင်းတွင် မြို့နယ် ၁၀၂ မြို့နယ် ပါဝင်မည်ဟု စစ်တပ်​၏ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

ထို့နောက် ဒုတိယပိုင်း နှင့် တတိယပိုင်းတို့ ကာလတိုအတွင်း ပေါ်ပေါက်လာမည်ဟု ကြေညာထားသည်။ ဟန်ပြကျင်းပသည့် ထိုရွေးကောက်ပွဲက ထွက်ပေါ်လာသည့် ရလဒ်ကို စွဲကိုင်ကာ အာဏာသိမ်းစစ်တပ်၏ ၎င်းတို့၏လုပ်ရပ်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီသယောင် လွတ်တော်ခေါ်ယူမည်မှာ မလွဲဧကန်ဖြစ်သည်။

ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ ဖိအား

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးကို ငွေကြေးလိမ်လည်မှု နှင့် ဒုစရိုက်မှု မျိုးစုံပြုလုပ်နေသော ကျားဖြန့်လုပ်ငန်းကို အရေးယူကိုင်တွယ်ရန် အမေရိကန်အစိုးရက Scam Center Strike Force ဖွဲ့စည်းခဲ့သည်။ စစ်တပ်၏ မျက်စေ့ရှေ့တွင် နှစ်ကာလအတန်ကြာ လုပ်ကိုင်ခွင့် ရခဲ့ပြီး ကြီးထွားလာသော ထိုလုပ်ငန်းကို အမေရိကန်က အရေးယူရန် ရုတ်တရက် ပြင်ဆင်လာခြင်းသည် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် စစ်တပ်အတွက်မူ နိုင်ငံတကာက လာသည့် နိုင်ငံရေးဖိအားကြီးတစ်ခု ဖြစ်လာသည်။

စစ်တပ်ဦးစီး ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိ၊ အတုအယောင် ရွေးကောက်ပွဲသာဖြစ်၍ လက်မခံကြောင်း နိုင်ငံတကာက ကြေညာထားသည်။

စစ်တပ်ကို ထောက်ခံသော တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ နှင့် အာဆီယံ နိုင်ငံတချို့သာ ထို ရွေးကောက်ပွဲအား ထောက်ခံထားသည်ကို တွေ့ရသည်။

ထိုကြောင့်လည်း စစ်တပ်ပြန်ကြားရေး ဇော်မင်းထွန်းအနေက စစ်တပ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက်သာ ပြလုပ်ကျင်းပပေးခြင်းဖြစ်ပြီး နိုင်ငံတကာ၏ ကျေနပ်မှု မကျေနပ်မှုတို့ကို ဂရုမစိုက်ဟု ဒီဇင်ဘာ ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် လူမိုက်စကား ပြောဆိုခဲ့သည်။

အာဏာသိမ်းဗိုလ်ချုပ်များ၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သော ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ဦးကိုကိုကြီး။ (ဓာတ်ပုံ – Myanmar Now)

နောက်တစ်နေ့တွင် သံတမန်အရေးအရ ကမ္ဘာ့ဇာတ်ခုံပေါ်တွင် အရေးပါသော ကုလသမဂ္ဂအထွေထွေညီလာခံက အမျိုးသားညီညွတ်ရေး အစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ရန် တညီတညွတ် ဆုံးဖြတ်ခဲ့ကြသည်။ အာဏာသိမ်းကာလ ၅ နှစ်ကျော် ကြာသည့်အထိ နိုင်ငံတကာအခင်းအကျင်းတွင် စစ်အုပ်စု ဖယ်ကျဉ်ခံထားရကြောင်း ပြသသည့် လုပ်ရပ်ဖြစ်သည်။

လွတ်လပ်၊ မျှတသည့် မြန်မာသတင်းဌာန အများစုကလည်း အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း တင်ဆက်၊ ရေးသားနေကြချိန်တွင် စစ်တပ်သည် ဝါဒဖြန့်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ MRTV, MITV, MITV News နှင့် စစ်တပ်လက်အောက်ခံ MWD စသည့် ရုပ်သံလိုင်းများကို အားပြုနေရသည်။

သို့သော် အဆိုပါ ဝါဒဖြန့် ရုပ်သံလိုင်းများကို ဩစတြေးလျအခြေစိုက် ပလက်ဖောင်း Kick, Amazon ကုမ္ပဏီပိုင် ဗီဒီယိုပလက်ဖောင်း Twitch, Google Play Store ရှိ Mobile Appများ၊ Facebook, YouTube စသော နိုင်ငံတကာ Platforms များက ဖယ်ရှား ဖျက်သိမ်းလိုက်သည်ဟု Justice For Myanmar အဖွဲ့​၏ ထုတ်ပြန်ချက်တွင် တွေ့နိုင်သည်။

ပြည်သူများ ရွေးကောက်ပွဲတွင် အင်တိုက်အားတိုက် ပါဝင်မဲပေးကြရန် လှုံ့ဆော်နေသော ထိုရုပ်သံဌာနများ အားကိုးရသည့် ပလက်ဖောင်းများ ဖယ်ရှားခံရခြင်းသည် နိုင်ငံတကာ၏ အရေးယူမှု၊ ဖိအားပေးမှုတစ်ခု ဖြစ်သည်။ အာဏာသိမ်းတပ်က ရွေးကောက်ပွဲမတိုင်မီ သတင်းမီဒီယာအပိုင်းတွင် အထိနာခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကလည်း ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်အား ဇန်နဝါရီလ ထဲတွင် ပြန်လည်ကြားနာမည်ဟု ရွေးကောက်ပွဲမတိုင်မီမှာပင် ကြေညာခဲ့သည်။

အာဏာသိမ်း စစ်တပ်​၏ ဒုတိယပိုင်း နှင့် တတိယအပိုင်း ရွေးကောက်ပွဲများ ဆက်လက်ကျင်းပမည့် ာကာလဖြစ်သည်။ တခြားတဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာတရားရုံး (ICJ)တွင် ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့၏ ခုခံချေပချက်များကို ပြန်ရုပ်သိမ်းလိုက်ကြောင်း ၂၀၂၂ ခုနှစ်ကတည်းက ကြေညာထားသည်ကို တွေ့ရသည်။

ထိုသို့သော အရာများသည် အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် အစိုးရအသစ်အဖြစ် ဖွဲ့စည်းလာမည့်၊ လူမျိုးတုံးသတ်ဖြတ်မှု တိုက်ရိုက်ကျူးလွန်ထားသည့် မင်းအောင်လှိုင် စစ်အုပ်စုကို နိုင်ငံတကာ ဥပဒေကြောင်းအရ ယခုကတည်းက ဖိအားပေးထားသည့်သဘော ဖြစ်နေသည်။

ရွေးကောက်ပွဲ နီးကပ်လာချိန် ကုလသမဂ္ဂက မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် တံခါးပိတ်ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်ကလည်း အာဏာသိမ်းစစ်တပ်က ဖိအားပေးကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ မြန်မာနိုင်ငံတွင် ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာနေသည်ဟု ထောက်ပြခဲ့ပြီး ရွေးကောက်ပွဲဥပဒေအကြောင်းပြ ဖမ်းဆီးမှုများကို ရှုတ်ချထားကြောင်း တွေ့ရသည်။

တိုးတက်လာသော ပြည်တွင်းနိုင်ငံရေး လှိုင်းလုံး။

ပြည်တွင်းရှိ ဒေသ အစုအဖွဲ့ အင်အားများရှိရာ ဖက်ဒရယ်ယူနစ်များ​၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများသည် စစ်တပ်ရွေးကောက်ပွဲ မတိုင်ခင် လျင်မြန်စွာ ပုံပေါ်လာသည်ကို တွေ့ရသည်။

ထိုအကြောင်း Myanmar Now သတင်းဌာန အင်တာနက် စာမျက်နှာတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဖော်ပြခဲ့သော ခြေလှမ်းသွက်လာသည့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံ ဆောင်းပါးတွင် တင်ပြဆွေးနွေးခဲ့သလို မန္တလေးဒေသသည် မန္တလေးကြားကာလနိုင်ငံရေး အစီအမံ (မူကြမ်း) ကို လွှတ်တော် အထူးအစည်းအဝေး ကျင်းပကာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ (၁၆)ရက်နေ့တွင် အတည်ပြုခဲ့သည်။

ထိုနောက် မကွေးဖက်ဒရယ် ယူနစ်လွှတ်တော် နဝမအကြိမ် လွှတ်တော်အစည်းအဝေးက မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံ ဥပဒေကို ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဆက်လက်၍ နောက်ထပ် နိုင်ငံရေးအရ တိုးတက်မှုအဖြစ် ရန်ကုန်ဖက်ဒရယ်ယူနစ်​၏ ကြားကာလ အစီအမံဆိုင်ရာ ဥပဒေကို နိုဝင်ဘာလ (၉) ရက်နေ့က ရန်ကုန်လွှတ်တော် ဒသမအကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည်။

နိုဝင်ဘာနောက်ဆုံးအပတ် (၂၈) ရက်နေ့တွင် မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီကို ယူနစ်ဒေသအစိတ်အပိုင်းအဖြစ် မန္တလေးဒေသကိုယ်စားပြုလွှတ်တော်ကော်မတီ သို့ ပြောင်းလဲခေါ်ဝေါ်၍ လွတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌများအား ရွေးချယ်ပြီးသည့်နောက် တဆက်ထဲ ဒေသအစုအဖွဲ့ကို ဦးဆောင်မည့် နိုင်ငံရေးအင်အားစုဖြစ်သော မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီလည်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှုးများအပါအဝင် ကောင်စီဝင် (၉) ဦးဖြင့် မန္တလေးဒေသလွှတ်တော် ပထမအကြိမ်အစည်းအဝေးက အတည်ပြု ပေးခဲ့သည်။

ထို့အပြင် ပထမဦးဆုံး ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲ အတည်ပြုနိုင်ခဲ့သော စစ်ကိုင်းဒေသသည် ယခုလအတွင်း ဒီဇင်ဘာ ၂၃ ရက်နေ့တွင် စစ်ကိုင်းယူနစ် အစိုးရအဖွဲ့ စတင် ဖွဲ့စည်းနိုင်ခဲ့ကြောင်းတွေ့ရသည်။

အာဏာသိမ်းဗိုလ်ချုပ်များ၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သော ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ဒေါ်စန္ဒာမင်း။ (ဓာတ်ပုံ – Myanmar Now)

အဆိုပါ ယူနစ်များသည် နိုင်ငံရေးအရ ကြားကာလအစီအမံ ကိစ္စများဆောင်ရွက်ရာတွင် တဆင့်ချင်း ရုပ်လုံးပေါ်လာသကဲ့သို့ ဒီဇင်ဘာ (၆) ရက်နေ့တွင် စစ်တပ်က ရွေးကောက်ပွဲမကျင်းပနိုင်ခြင်း မရှိသော ကျေးရွာနှင့်ရပ်ကွက်ဆိုင်ရာ ထုတ်ပြန်ချက်အရ အဆိုပါ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် အများဆုံးဖြစ်နေကြောင်း တွေ့ရှိရသည်။

ထိုအပြင် ရွေးကောက်ပွဲ အပြည့်အဝကျင်းပနိုင်သောဒေသသည် တစ်နိုင်ငံလုံးအတိုင်းအတာ အားဖြင့် ရန်ကုန် နှင့် နေပြည်တော်ကောင်စီ (၂) ခုပင် ရှိသည်။

စစ်ရေးအရာတွင်လည်း တော်လှန်ရေးတပ်ဖွဲ့ (၁၉)ဖွဲ့ ပူးပေါင်း၍ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အသွင် ဖွဲ့စည်းခဲ့ပြီး တရုတ်ဖိအားကို မည်သည့်အကြောင်းပြချက်နှင့်မျှဖြစ်စေ တွန်းလှန်မည်ဟု ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထူးခြားသည်မှာလည်း အဆိုပါအဖွဲ့အင်အား အများဆုံးသည် ရွေးကောက်ပွဲကို အကန့်အသတ် ကြီးကြီးမားမားနှင့် ကျင်းပမည့် စစ်ကိုင်း၊ မန္တလေး၊ မကွေး စသော ဗမာလူမျိုးအများစု နေထိုင်ရာ Heartland တွင် စစ်ရေးအရ လှုပ်ရှားနေကြခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်း မှားယွင်းမှု အကြောင်းပြ အာဏာသိမ်းခဲ့သော စစ်တပ်သည် ယခုအခါ သူတို့ကိုယ်တိုင် ၄ နှစ်ကျော်ကြာ အချိန်ယူ စီစဉ်သည့် ရွေးကောက်ပွဲ မဲစာရင်းမှာလည်း ရာခိုင်နှုန်းပြည့် မှန်ကန်မည် မဟုတ်ကြောင်း ဝန်ခံထားသည်။

အချုပ်အားဖြင့် စာရေးဆရာမကြီး လူထုဒေါ်အမာ စကား ငှားပြောရလျှင် “အာဏာရှင်တို့သည် ဘယ်သောအခါမှ အရှင်မထွက်၊ အသေသာထွက်သည်”ဟု ဆိုရမည်။ စစ်ရေး၊ နိုင်ငံရေး ဖိအားပေးခံရသော အာဏာသိမ်းစစ်တပ်သည် ၅ နှစ်တာကာလတွင် တစ်နိုင်ငံလုံးကို မအုပ်ချုပ်နိုင်အောင်သည်အထိ အင်အားချိနဲ့သွားစေကာမူ တိုင်းပြည်ကို ၎င်းတို့အာဏာရှိသမျှ ချောက်ထဲဆွဲချဖို့သာ ရည်ရွယ်ထားသည်ဖြစ်သည်။

မည်သို့ပင် နိုင်ငံတကာ နှင့် ပြည်တွင်းမှ နိုင်ငံရေး၊ စစ်ရေး အခြေအနေများက ဖိအားပေးထားစေကာမူ အစီအစဉ်တိုင်း ဟန်ပြ ရွေးကောက်ပွဲများကို အပိုင်းလိုက် ဆက်လက်ကျင်းပကာ ၎င်းတို့ ကြိုတင်စီစဉ်ထားသည့် ရွေးကောက်ပွဲရလဒ်ကို စွဲကိုင်ကာ ဥပဒေနှင့်ညီသယောင် ဟန်ပြ လွှတ်တော်ခေါ်၍ အစိုးရအသစ် ဖွဲ့စည်းမည်ဖြစ်သည်။

နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများကလည်း ရွေးကောက်ပွဲဖြင့် နိုင်ငံရေး ထွက်ပေါက်ယူမည့် စစ်အုပ်စုကို ဝက်အူဖြင့် မူလီလှည့်ရစ်သလို ဆက်လက်၍ တဆင့်ခြင်း ဖိအားပေးထားနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

Related Articles

Back to top button