တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ရွာတွေကို စစ်တပ်စစ်ကြောင်းက ဒီဇင်ဘာလ ၁၇ရက်နေ့နဲ့ ၁၈ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၂၀၀ကျော် မီးလောင်ပျက်စီးသွားပါတယ်။
အင်အား ၂၀၀ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အဲ့ဒီနောက် အထိနာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျောက်ကုန်း၊ အင်းဘတ်၊ နှောပင်၊ ကျောက်မှော်၊ ကျွန်းပေါ်၊ အင်းဖျား၊ ကြက်လျှာနဲ့ ပန်းတိမ်ပြင်စတဲ့ ကျေးရွာ ၈ရွာကို မီးတင်ရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၃၈လုံး မီးလောင်ပျက်စီးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေပြုစုထားတဲ့စာရင်းအရ သိရပါတယ်။
လမ်းမကြီးဘေးတစ်လျှောက်က အိမ်ကြီးအိမ်ကောင်းတွေကို အဓိက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဆုံးရှုံးမှုတန်ဖိုးကြီးမားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းက ၁၆ရက်နေ့က ဝင်ရောက်လာတာပေါ့။ ၁၇ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး သူတို့ဘက်က အထိနာသွားတော့ အရှေ့မြောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၈ရွာကို မီးရှို့သွားတာ။ ၈ရွာပေါင်း ၂၃၈အိမ် ပျက်စီးသွားတာဗျ။ အဓိက လမ်းမကြီးဘေးကိုရှို့သွားတာဆိုတော့ လမ်းမကြီးဘေးဆိုတာက အိမ်ကောင်းတွေပဲများတာလေ။ တန်ဖိုးအားဖြင့်ကတော့ သိန်းပေါင်းကို သိန်းဂဏန်းထိကပ်မယ်လို့ ပြောလို့ရပါတယ်”
တိုက်ပွဲအတွင်း စစ်တပ်ဘက်က အနည်းဆုံး ၉ယောက်သေဆုံးပြီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ယောက်လည်း ကျဆုံးခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်လိုက်တဲ့ စစ်တပ်ရဲ့ အမိန့်ပြန်စာတစ်စောင်အရ ယင်းမာပင်မြို့နယ်ထဲ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပခုက္ကူအခြေစိုက် အမှတ်(၂၅၉) ခြေလျင်တပ်ရင်းက ဇေယျာဝင်းဆိုသူ ဗိုလ်မှူးတစ်ယောက် ဦးဆောင်ပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ဒီဇင်ဘာလ ၁၆ရက်နေ့မှာ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာနဲ့ အင်ဖျားရွာကနေတဆင့် ပန်းတိမ်ပြင်ရွာနဲ့ ကျောက်မှော်ရွာမှာ အင်အား ၂ဖွဲ့ခွဲပြီး တပ်စွဲခဲ့တာပါ။ နောက်တစ်ရက်အကြာ ဒီဇင်ဘာ ၁၇ရက်နေ့မှာတော့ ယင်းမာပင်အခြေစိုက် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အထိနာသွားတဲ့စစ်တပ်ဟာ သူတို့ရဲ့ အလုပ်ဖြစ်နေဆဲ ဗျူဟာဖြစ်တဲ့ ကျေးရွာတွေကို မီးတင်ရှို့ခဲ့ပြီး ဒီဇင်ဘာလ ၁၉ရက်နေ့မှာတော့ မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်ဆုတ်သွားပါတယ်။
လက်ရှိမှာတော့ စစ်ကြောင်းပြန်ထွက်သွားပြီဖြစ်တာကြောင့် တိမ်းရှောင်နေတဲ့ ဒေသခံတချို့ဟာ ရွာထဲပြန်လာကြပြီဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အနှစ်နှစ်အလလ ရှာဖွေစုဆောင်းပြီး တည်ဆောက်ထားတဲ့ အိမ်တွေကတော့ စစ်တပ်လက်ချက်ကြောင့် မီးလောင်ပျက်စီးသွားပါပြီ။
တချို့အိမ်တွေဆိုရင် ပြာပုံပဲကျန်တော့တဲ့ အခြေအနေထိဖြစ်သွားပြီး ဆောင်းတွင်းကာလဖြစ်တာကြောင့် ယာယီတဲ၊ အမိုးအကာနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ဒေသခံတစ်ယောက်က ပြောပြပါတယ်။
“စစ်ကြောင်းထွက်တော့ ရွာတွေကတော့ ကိုယ့်အိမ်ကို ပြန်ဝင်ကြပြီဗျ။ ပြန်ဝင်ကြတဲ့အချိန်မှာ အိမ်က ပြာပုံဖြစ်နေတာတွေ့ရတော့ ပိုပြီးအဆင်မပြေကြတာပေါ့ဗျာ။ တချို့ဆိုရင် စောင်တို့၊ ခြင်ထောင်တို့၊ အနွေးထည်၊ အိုးခွက်ပန်းကန်ကအစ မသယ်သွားနိုင်တဲ့လူတွေရှိတယ်လေ။ အဲ့လို အိမ်လုံးကျွတ်ပါတော့ အဲ့ဒါတွေပါ ပါသွားတာပေါ့။ ပါသွားတော့ အခုအချိန်မှာ အဲ့ဒါတွေက အရေးပေါ် လိုအပ်တာပေါ့။ ယာယီတဲဆောက်ပြီးတောင် အခြေခံ လူသုံးကုန်ပစ္စည်းတွေကတော့ တော်တော်များများ လိုအပ်သေးတယ်”
စစ်တပ်လက်ချက်ကြောင့် ကျောက်ကုန်းရွာက အိမ်ခြေ ၇၀ မီးလောင်ပျက်စီးသွားပြီး၊ အင်းဘတ်ရွာက ၄၉အိမ်၊ နှောပင်ရွာက ၃၆အိမ်၊ ကျွန်းပေါ်ရွာက ၃၄အိမ်၊ ကျောက်မှော်ရွာက အိမ်ခြေ ၃၀၊ ကြက်လျှာရွာက ၁၆အိမ်၊ ပန်းတိမ်ပြင်ရွာက ၂အိမ်နဲ့ အင်းဖျားရွာက ၁အိမ်၊ စုစုပေါင်း ၂၃၈အိမ် မီးလောင်ပျက်စီးသွားတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့အခြေအနေတွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ စစ်တပ်အာဏာသိမ်းပြီး ၄နှစ်ကျော်အတွင်း မီးရှို့ဖျက်ဆီးခံရမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၀,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



