မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားသည့် စစ်ရေးအရ အရေးပါသော အမ်း-ပဒါန်း လမ်းပေါ်မှ နတ်ရေကန်ဗျူဟာကုန်းစခန်းအနီး ကာကင်းစခန်းတစ်ခုဖြစ်သည့် ဂုတ်ကြီးကျေးရွာကို အာရက္ခတပ်တော် (AA) က ပြန်ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု AA နှင့်နီးစပ်သော သတင်းရင်းမြစ်ထံက သိရသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာမှ ၁၅ မိုင်ခန့်အကွာ၊ ရခိုင်-မကွေး နယ်ခြားမိုင်တိုင်မှ ၁၀ မိုင်ခန့် အကွာတွင် တည်ရှိပြီး ယခင်က လေကြောင်းရန်ကာကွယ်ရေးစခန်းဖြစ်သည့် နတ်ရေကန်စခန်း၏ အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာ ဂုတ်ကြီးကျေးရွာကို စစ်တပ်က ပြီးခဲ့သည့်သီတင်းပတ်တွင် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။
ထို့နောက် သုံးရက်အကြာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ AA တပ်ဖွဲ့ဝင်များ အကျအဆုံး ရှိကြောင်း စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖော်ပြထားကြသည်။
AA က ယင်းနေ့မှာပင် ပြန်ထိုးစစ်ဆင်ခဲ့သဖြင့် စစ်တပ်က အနီးအနားသို့ ဆုတ်ခွာသွားကာ တိုက်ပွဲများ ဆက်ဖြစ်နေခြင်းဖြစ်သည်ဟု AA နှင့်နီးစပ်သည့် သတင်းရင်းမြစ် အမျိုးသားက Myanmar Now ကို ပြောသည်။
“ ဂုတ်ကြီးက အကောင်တွေကတော့ ဂုတ်ကျိုးသွားပြီ။ သူတို့က မင်းပြင်ရွာမှာလို ဓာတ်ပုံလာရိုက်တယ်။ ဓာတ်ပုံရိုက်လို့ပြီးရင် ခွေးပြေးဝက်ပြေးထွက်ပြေးရပါတယ်။ ကိုယ့်ဘက်က ပြန်သိမ်းပိုက်လိုက်ပြီ။ သူတို့ နာရီပိုင်းလောက်ရောက်ခဲ့တာ။ အဲဒီရွာအနီးတဝိုက်မှာတော့ တိုက်ပွဲပြင်းထန်နေတုန်း” ဟု ထိုသူက ဆိုသည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ခြင်းမရှိသေးပေ။
မကွေးအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း လက်ရှိတွင် ဂုတ်ကြီးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းဗုံးကြဲမှုများရှိကြောင်း ပြောသည်။
“ မနေ့ ည ၁၀ နာရီ နဲ့ ၁၂ နာရီကြားမှာ လာကြဲနေတယ်။ မနေ့ကလည်း ခပ်စိပ်စိပ်ကြဲပါတယ်။ အခုတော့ ကင်းထောက်လေယာဉ်တစ်စီးတော့ ဝဲနေတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ဒီဇင်ဘာလ ၂၂ ရက်တွင် ဆိုသည်။
နတ်ရေကန်စခန်းသည် ယခင်က လေကြောင်းရန်ကာကွယ်ရေးစခန်းငယ် တစ်ခုသာဖြစ်ခဲ့သော်လည်း အမ်းမြို့နယ်အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပတ) ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီးနောက် ၆၄ မိုင်ရှည်လျားသော အမ်း-ပဒါန်းလမ်းသည် AA ၏ စစ်ရေးပစ်မှတ် ဖြစ်လာခဲ့သည်။
မကွေးတိုင်းဝင်ပေါက် အမ်း-ပဒါန်းလမ်းပေါ်မှ နတ်ရေကန်စခန်းသည် စစ်ရေးဗျူဟာအရ အရေးပါသဖြင့် AA နှင့် မဟာမိတ်တပ်များက ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ် ကတည်းက စတင်ထိုးစစ်ဆင် ခဲ့သည်။
AA နှင့် မဟာမိတ်များက အောက်တိုဘာလဆန်းတွင် နတ်ရေကန်ပင်မစခန်းအနီးအထိ ချဉ်းကပ်နိုင်ခဲ့ သော်လည်း အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ အနီးပတ်ချာလည် ကျေးရွာများကို ထိန်းချုပ်ထားရာ ဂုတ်ကြီးရွာလည်း အပါအဝင်ဖြစ်သည်။

ယခုလအတွင်း ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်အခြေစိုက် အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်( စကခ-၁၇) လက်အောက်ခံတပ်များမှ စစ်မှုထမ်းတပ်သားသစ် အင်အားအများအပြားကို ငဖဲမြို့နယ်သို့ ပို့ဆောင်၍ နတ်ရေကန်စခန်း လက်မလွှတ်ရစေရေးအတွက် အနီးရှိ AA ထိန်းချုပ် ကျေးရွာများသို့ မကွေးတိုင်းဘက်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
စစ်ကော်မရှင်တပ် ယာဉ်တန်းများသည် ခမောက်တောင်ဗျူဟာစခန်းမှတဆင့် ဂုတ်ကြီးကျေးရွာသို့ အမ်း-ပဒါန်း လမ်းဟောင်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး သုံးရက်အကြာတွင် နာရီပိုင်းခန့် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အမ်း-ပဒါန်းလမ်းမှ ၁၀ မိုင်အကွာ ငဖဲမြို့အနီး ယမ်းချက်စက်ရုံဖြစ်သော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ တည်ရှိရာ နတ်ရေကန်စခန်းသိမ်းနိုင်ပါက ထိုစက်ရုံသည် မဟာမိတ်တပ်များ၏ လက်နက်ကြီးပစ်ခတ်မှု လက်တကမ်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ထို့ကြောင့် နတ်ရေကန်စခန်းကျပါက စစ်တပ်၏ လက်နက်စက်ရုံ အများစုရှိရာ မကွေးတိုင်းအတွင်း AA နှင့် မဟာမိတ်တပ်များ ဝင်ရောက်နိုင်မည်ဖြစ်သောကြောင့် နတ်ရေကန်စခန်းနှင့် အနီးအနားကျေးရွာများကို ထိန်းချုပ်ထားနိုင်ရန်သည် စစ်တပ်အတွက် အရေးကြီးသော အခြေအနေဖြစ်သည်။
ထို့ကြောင့် ယခုလအတွင်း မကွေးတိုင်း၊ ငဖဲမြို့နယ် ကို စစ်ကော်မရှင်က အင်အား ရာနှင့်ချီ ပို့ဆောင်ထားပြီး အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) နှင့် အမှတ် (၉၀၅) အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ -၉၀၅) တို့တွင် တပ်ဖြန့်ထားသည့် အင်အားအချို့ကို နတ်ရေကန်စခန်းသို့ ပို့ထားသလို ငဖဲနယ်အတွင်း စစ်ကြောင်းထိုးနေသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦး က Myanmar Now ကိုပြောသည်။
“ လမ်းဟောင်း လမ်းသစ်တောက်လျှောက် (စစ်တပ်) အင်အားတွေ တက်နေတယ်။ အခုလည်း အင်အား အများကြီးနဲ့ တက်လာရင်း ဂုတ်ကြီးကို သိမ်းသွားတာ” ဟု အဆိုပါသတင်းရင်းမြစ်က ဆက်ပြောသည်။
ငဖဲမြို့နယ်တွင် မစခ-၉၀၅ ၊ အမှတ် ၄၀၉ နှင့် အမှတ် ၃၇၅ အမြောက်တပ်စခန်းများအပြင် ကပစ-၁၄ တို့ အခြေစိုက်သည်။
ငဖဲမြို့အနီး မင်းလှ(အထက်) မလွန်မြို့အနီးတွင် မော်တာကျည်ဆန်နှင့် အမြောက်ကျည်ဆန်များထုတ်သည့် ကပစ-၂၊ မင်းလှ (အထက်) ကုန်းကြီးရွာအနီး ၄၀ မီလီမီတာ တာဝေးပစ်ယာဉ်တင်ဒုံး ထုတ်သည့် ကပစ−၁၀ တို့ တည်ရှိသည်။ထို့ကြောင့် အမ်း-ပဒါန်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ပါက စစ်တပ်အတွက် လက်နက်ခဲယမ်းများ ထုတ်လုပ်ပေးနေ သည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများ အခြေစိုက်ရာ ဧရာဝတီမြစ် အနောက်ခြမ်းအထိ တော်လှန်ရေးအဖွဲ့များက နယ်မြေစိုးမိုးနိုင်မည်ဖြစ်သည်။
AA သည် အမ်း-ပဒါန်းလမ်းပေါ် ဝင်ရောက်ပြီးနောက် နတ်ရေကန်စခန်းဝန်းကျင် ကျေးရွာများကို ထိန်းချုပ်ထားရာ နတ်ရေကန်စခန်း၏အနောက်ဘက် ငါးမိုင်ကျော်အကွာ ကျောက်ဖြူမြို့ဘက်မှ လာသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစတေရှင်တစ်ခု ရှိနေသော တုံးကြီးကျေးရွာကိုလည်း AA က ယခုနှစ် ဖေဖော်ဝါရီလ ကတည်းကပင် သိမ်းထားသည်။




