အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်နှင့်နယ်မြေထိစပ်နေသော ပဲခူးတိုင်းနှင့် မကွေးတိုင်းအတွင်း တိုက်ပွဲများဖြစ်နေရာ စစ်တပ်က အခိုင်အမာခုခံနေသော နတ်ရေကန်စခန်းကို တိုက်ခိုက်နေဆဲဖြစ်ပြီး တောင်ကုတ်-ပန်းတောင်းလမ်းတောင်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။
ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းကို ဆက်သွယ်ထားသည့် ၆၄ မိုင်အရှည်ရှိသည့် အမ်း-ပဒါန်းလမ်းပေါ်မှ စစ်တပ်၏ နတ်ရေကန် စခန်းကို AA နှင့်မဟာမိတ်များက ယခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့သည်။
AA ဦးဆောင်သည့် မဟာမိတ်တပ်ပေါင်းစုက နတ်ရေကန်စခန်း၏ ပင်မကုန်းကို သိမ်းနိုင်ခဲ့သော်လည်း ယမန်နေ့နံနက်တွင် စစ်တပ်က အင်အားဖြည့်၍ ပြန်ထိုးစစ်ဆင်လာသဖြင့် ပြန်ဆုတ် ပေးလိုက်ရကြောင်း မြေပြင် တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ရန်သူဗျူဟာက ကောင်းနေပါတယ်။ ထွက်ပြေးသလိုခွာပြီးမှ ပြန်ထိုးလာတာပါ။ အခုက အရင်လို ပြန် (စစ်)ဆိုင်ထားတဲ့အနေအထားပါ” ဟု တော်လှန်ရေးအင်အားစုနှင့် နီးစပ်သည့် အထက်ပါလူက ဆိုသည်။
“တိုက်ပွဲက မပြီးသေးပါဘူး။ တပ်ရင်း နှစ် ရင်းလောက်နဲ့ ပဇီကို ပြန်ထိုးလာတယ်။ ခမောက်တောင် ဗျူဟာကိုလည်း တိုက်နေတုံးပါ” ဟု ၎င်းက ပြောသည်။
နတ်ရေကန်ဗျူဟာကုန်းအား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် လက်ကျန်နေရာအချို့ကို တိုက်ခိုက် နေသလို ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သားများနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း AA က ယမန်နေ့တွင် ထုတ်ပြန်သည်။ ၎င်းတို့ထံ လက်နက်ချသူများကိုလည်း စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာမှ ၁၅ မိုင်ခန့်အကွာ ၊ ရခိုင်-မကွေး နယ်ခြားမိုင်တိုင်မှ ၁၀ မိုင်ခန့် အကွာတွင် တည်ရှိပြီး ယခင်က လေကြောင်းရန်ကာကွယ်ရေးစခန်းဖြစ်သည့် နတ်ရေကန်စခန်းသည် စစ်ရေးဗျူဟာအရ အရေးပါသဖြင့် စစ်တပ်က အင်အားအများအပြား ဖြည့်ကာ ခုခံနေခြင်းဖြစ်သည်။
စစ်လက်နက်ပစ္စည်းစက်ရုံ အများအပြား ရှိသော မကွေးတိုင်းအတွင်း AA ဝင်ရောက်ရန် အရေးပါသော လမ်းကြောင်းလည်းဖြစ်ရာ AA နှင့်မဟာမိတ်များက အချိန်အတော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့သော်လည်း စစ်တပ်က ပြန်လည်ခုခံနိုင်ခဲ့သည်။
နတ်ရေကန်စခန်း နှင့် ၁၀ မိုင်ကျော်အကွာတွင်ရှိသည့် အမှတ် (၉၀၅) အမြောက်စခန်းကွပ်ကွဲမှုဌာနချုပ် အကြား တည်ရှိသော ပဇီရွာအပါအဝင် မျှော်စင်နှင့် ဂုတ်ကြီးရွာ စစ်စခန်းများကို အာရက္ခတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့်အပတ်က သိမ်းပိုက်ထားသည်။
ပဇီရွာသည် နတ်ရေကန်စခန်း၏ အရှေ့မြောက်ဘက် ၃ မိုင်အကွာတွင်ရှိပြီး တော်လှန်ရေးအင်အားစုများ က အောက်တိုဘာလ ၉ ရက်နေ့က တည်းက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
“ ခမောက်တောင်စခန်းဆိုတာကလည်း လက်နက်ကြီးတွေ အဓိကထိုင်ထားတဲ့စခန်းကြီးပါ။ ဂုတ်ကြီးနဲ့ ဘုံးဘောရွာတွေရှိတဲ့ တောင်ကြော ပေါ်မှာရှိတာပါ။ အင်အား အရမ်းများတယ်။ အရင်ရက်တွေက အင်အားတွေပို့တာ သူတို့ လမ်းသစ်ဘက်ကနေ အဲ့စခန်းကိုခြေလျင် တက်လာတာ” ဟု ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ် နောက်တစ်ဦးက ဆိုသည်။
“ခံစစ် အနေအထားပေမယ့် နတ်ရေကန်မှာ လေကြောင်းက အဓိက အားသာတယ် နေ့တိုင်းနီးပါး ဗုံးကြဲ တယ်။ လေကြောင်းကလည်း ဒီမနက် Y-12 နှစ်စီး နဲ့လာကြဲနေပါတယ်။ သူတို့ အထိနာလို့ တစ်စီးက လမ်းဟောင်းဘက်ကို ကြဲပြီး နောက်တစ်စီးက ခမောက်တောင်ဘက်ကို ကြဲနေတယ်” ဟု ၎င်းက ဆက်ပြောသည်။
နတ်ရေကန်စခန်းသည် ယခင်က လေကြောင်းရန်ကာကွယ်ရေစခန်းငယ် တစ်ခုသာဖြစ်ခဲ့သော်လည်း အမ်းမြို့နယ်အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီးနောက် ၆၄ မိုင်ရှည်လျားသော အမ်း-ပဒါန်းလမ်းသည် စစ်ရေးပစ်မှတ် ဖြစ်လာခဲ့သည်။
နတ်ရေကန်စခန်းသိမ်းနိုင်ပါက နတ်ရေကန်စခန်း၏ မြောက်ဘက် ၈မိုင်အကွာ၊ ရှောက်တောင်ရွာအနီး ၊ အမ်း-ပဒါန်းလမ်းမှ ၁၀ မိုင်အကွာ ငဖဲမြို့အနီး ယမ်းချက်စက်ရုံဖြစ်သော အမှတ် (၁၄) ကာကွယ်ရေး ပစ္စည်းစက်ရုံကို ခြိမ်းခြောက်နိုင်မည်ဖြစ်သည်။
ထို့ပြင် ငဖဲမြို့အနီး မင်းလှ(အထက်) မလွန်မြို့အနီးတွင် မော်တာကျည်ဆန်နှင့် အမြောက်ကျည်ဆန် များ ထုတ်လုပ်သည့် ကပစ −၂၊ မင်းလှ (အထက်) ကုန်းကြီးရွာအနီးတွင် ၄၀ မီလီမီတာ တာဝေးပစ်ယာဉ်တင် ဒုံး ထုတ်လုပ်သည့် ကပစ−၁၀ တို့လည်း တည်ရှိသည်။
ထို့ကြောင့် အမ်း-ပဒါန်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ပါက စစ်တပ်အတွက် လက်နက်ခဲယမ်းများ ထုတ်လုပ် ပေးနေသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများ အခြေစိုက်ရာ ဧရာဝတီမြစ် အနောက်ခြမ်း အထိ တော်လှန်ရေးအဖွဲ့များက နယ်မြေစိုးမိုးနိုင်မည်ဖြစ်သည်။
နတ်ရေကန်စခန်း အနောက်ဘက် ၁၆ မိုင်ခန့်အကွာတွင် တရုတ်နိုင်ငံသို့ပို့ဆောင်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းတစ်ခုလည်းရှိသည်။ ငဖဲမြို့နယ်တွင် အမှတ် (၃၇၅) နှင့် (၄၀၉) အမြောက် တပ်ရင်းနှစ်ခုအပြင် အမှတ် (၉၀၅) အမြောက်စခန်းကွပ်ကွဲမှုဌာနချုပ်တို့အခြေစိုက်သည်။

ပဲခူး၊ ပန်းတောင်း စစ်မျက်နှာပြင်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက် ၅ မိုင်ခန့်အကွာ တွင် ရှိသော စစ်ကော်မရှင်၏ ၆၆၆ ပွိုင့်ကုန်းတစ်ခုကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး သုံးနာရီခန့်အကြာတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။
ဝန်းရံပိတ်ဆို့ထားသည်မှာကာလကြာပြီဖြစ်ပြီး သုံးနေရာခွဲ၍ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နောက် ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စစ်တပ်ဘက်မှ သေဆုံးသူများရှိသလို ၎င်းတို့ဘက်မှလည်း သေဆုံးခဲ့သူများရှိကြောင်း၊ လက်နက်ခဲယမ်း နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း AA က ယမန်နေ့က ထုတ်ပြန်ထားသည်။ၑ
စစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့ကို သိမ်းပြီးနောက် AA သည် နယ်မြေထိစပ်နေသော ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းအတွင်း ထိုးစစ်များ စတင်၍ စစ်မျက်နှာအများအပြားဖွင့်ထားသည်။
AA သည် ရခိုင်နှင့် ပဲခူးတိုင်းအနောက်ခြမ်းဆက်သွယ်ထားရာ ပန်းတောင်း-တောင်ကုတ်လမ်းပေါ်တွင် တည်ရှိသော စစ်တပ်စခန်းများကို ထိုးစစ်ဆင်နေရာ ဒေသနှစ်ခုနယ်နမိတ်အနီးရှိ မိုးထိတောင်တပ်စခန်း ကို AA က ဇန်နဝါရီ ၂၆ ရက်နေ့တွင် သိမ်းထားသည်။
ထိုလမ်းတစ်လျှောက် စစ်တပ်စခန်းများကို တိုက်ခိုက်နေရာ ပြည်ခရိုင်အတွင်းရှိ ဧရာဝတီမြစ်အနောက် ဘက်ကမ်းဒေသများ တွင် စစ်လက်နက်ပစ္စည်းစက်ရုံများစွာ တည်ရှိနေသည်။
တောင်ကုတ်- ပန်းတောင်းလမ်းတစ်လျှောက် မိုးထိတောင်တပ်စခန်း၏အရှေ့ ဘက် ၂၈ မိုင်ကျော်အကွာ တွင် ဧရာဝတီမြစ်ကမ်းဘေး ဥသျှစ်ပင်မြို့တည်ရှိသည်။ ဥသျှစ်ပင်နှင့် မနီးမဝေးတွင် ပန်းတောင်းမြို့နှင့် ထိုအထက်တွင်ခရိုင်မြို့ကြီးဖြစ်သော ပြည်မြို့ တည်ရှိသည်။
ဥသျှစ်ပင်မြို့ အနောက်ဘက် သုံး မိုင်အကွာရှိ ညောင်ခြေထောက်ရွာ အနီးတွင် ‘ကပစ’ ဟု အတိုကောက် ခေါ်သည့် အမှတ် (၆) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ ရှိသည်၊ ထိုစက်ရုံက သံမဏိအဓိကထုတ် လုပ်ကာ လက်နက်ခဲယမ်းလုပ်မည့် သံပစ္စည်းမှန်သမျှကို ကုန်ကြမ်း ထုတ်လုပ်ပေးနေသည်။
စစ်တပ်၏ လက်နက်စက်ရုံ ၂၅ ရုံအနက် မကွေးတိုင်းအတွင်း ၁၅ ရုံ၊ ပဲခူးတိုင်းတွင် ၇ ရုံ၊ နေပြည်တော် တွင် ၂ ရုံ၊ ရန်ကုန်တွင် ၁ ရုံ ရှိသည်။
ပဲခူးနယ်အတွင်း ဥသျှစ်ပင်မြို့အနီး ကပစ (၅)၊ (၆)၊ (၉)၊ (၁၆) တို့ရှိပြီး ပြည်မြို့အနီး ကပစ (၃)၊ (၇)၊ (၁၉) တို့ တည်ရှိကြသည်။
ထို့ကြောင့် လက်နက်စက်ရုံများအနီး AA ထိုးစစ် မရောက်လာစေရန် စစ်ကော်မရှင်တပ်များက အပြင်း အထန် ခုခံနေကြသည်။
ရခိုင်ဒေသနှင့်ထိစပ်နေသော ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်း နယ်စပ်တို့တွင် တိုက်ပွဲများပြင်းထန်နေသလို ပြည်နယ်မြို့တော် စစ်တွေအနီး လက်နက်ကြီး၊ ဒရုန်း အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ယခုရက်များ အတွင်း တိုက်ပွဲပိုမိုပြင်းထန်လျက် ရှိသည်ဟု AA ထံက သိရသည်။
အလားတူ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီး အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၄ နာရီ ခန့် တွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။




