အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ကျားဖြန့်လုပ်ငန်းကို လိုလိုလားလား လုပ်ကိုင်နေကြသော မြန်မာလူငယ်များ

ကျားဖြန့်ဆိုသည်မှာ ရာဇဝတ်မှုများကျူးလွန်ရသည့် လုပ်ငန်းဖြစ်သော်လည်း ခေတ်ပျက်နေချိန်တွင် မြန်မာလူငယ် အများအပြား၏ ရွေးချယ်စရာ အလုပ်အကိုင် ဖြစ်လာသည်။

အသေးစားစီးပွားရေးလုပ်ငန်းတစ်ခု၏ မန်နေဂျာ မောင်မျိုးသည် ပဲခူး၊ အင်းတကော်ရှိ မိသားစုထံ အလည်အပတ် ပြန်ရောက်တိုင်း အံ့သြအားကျစရာ သတင်းများ ဆက်တိုက်ကြားရတတ်သည်။

အင်းတကော်မှ လူငယ်များ နယ်စပ်ဒေသ ကျားဖြန့်လုပ်ငန်းခွင်ထဲ ရောက်နေကြပြီး မိသားစုထံသို့ လစဉ် ငွေပို့ရာတွင်လည်း သူ၏လစာ ကျပ်ခြောက်သိန်းထက် သုံးဆမှ ရှစ်ဆအထိ များပြားသည့် ပမာဏကို ပို့နေကြသည်ဟူသော သတင်းပင်။

ဤသို့ဖြင့် ကျန်းမာရေး ချို့တဲ့လာသော မိဘများအပါအဝင် မိသားစုဝင်များကို ပိုမိုထောက်ပံ့လိုသည့်  မောင်မျိုးသည် ကျားဖြန့်လုပ်ငန်းနှင့် အဆက်အစပ်ရှိသော ညီအစ်ကိုဝမ်းကွဲအချို့၏ အကူအညီဖြင့် ကျားဖြန့်လုပ်ငန်း အကြီးအကျယ်လုပ်ကိုင်သည့်ဒေသဖြစ်သော ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ တက်ခဲ့သည်။

ကမ္ဘာကျော်ကျားဖြန့်လုပ်ငန်းခွင်တွင် နိုင်ငံတကာမှ အလုပ်အကိုင်ရှာဖွေသူများ ဖြားယောင်းခေါ်ဆောင်ခံရပြီး ကျွန်ပြု ညှဥ်းပန်းခိုင်းစေခံနေရသော်လည်း မောင်မျိုးအပါအဝင် မြန်မာပြည်သားများမှာမူ လုပ်ငန်းခွင်တွင် ရန်ပြုခံရလေ့မရှိဟု ဆိုသည်။ 

ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့လျှင် နေရပ်ပြန်ခွင့်ရသည်။ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်ရသည့်လုပ်ငန်း ဖြစ်သော်လည်း ဖမ်းဆီးနှောင့်ယှက်သူ မရှိသလို လုပ်ငန်းလုံခြုံရေးအတွက် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်က တာဝန်ယူထားသည်ဟုသိရသဖြင့်   မောင်မျိုးလည်း မြဝတီသို့ ရဲရဲတင်းတင်း ရောက်သွားခြင်းပင်။

“ကျွန်တော်တို့မြန်မာလူငယ်တွေက ကိုယ်တိုင်ကျားဖြန့်ထဲ ဝင်တိုးခဲ့တာပဲ”ဟု မောင်မျိုးက ဆိုသည်။

ဤသို့ဖြင့် မောင်မျိုးသည် ပြည်တွင်းတွင်အလုပ်အကိုင်ရှားပါးခြင်း၊ စစ်သားသစ် စုဆောင်းခံရမှုကို ရှောင်ရှားလိုခြင်း၊ ဝင်ငွေကောင်းခြင်းတို့ကြောင့် ကျားဖြန့်လုပ်ငန်းကို လိုလိုလားလား ရွေးချယ်လုပ်ကိုင် နေကြသော မြန်မာလူငယ်များအနက် တစ်ဦး ဖြစ်လာလေသည်။

မကောင်းမှုကို ရွေးချယ်ခြင်း

Myanmar Now က ဤဆောင်းပါးအတွက် ကျားဖြန့်လုပ်ငန်းခွင်ထဲမှ လူငယ် ငါးဦးကို တွေ့ဆုံမေးမြန်းခဲ့ရာ  တစ်လလျှင် ကျပ်ဆယ်သိန်းချီရရှိသည့် မက်မောစရာ လစာနှုန်းထားများကြောင့်  တက္ကသိုလ်တက်နေသူများ၊ ကျောင်းပြီးသွားသူများကို မိဘများကိုယ်တိုင် လိုလိုချင်ချင်ဖြင့် ခွင့်ပြုပေးနေခြင်းလည်း ဖြစ်ကြောင်း  ၎င်းတို့က ပြောပြကြသည်။

ထိုလူငယ်များထဲတွင် အင်းတကော်မှ မောင်လင်းလည်း ပါဝင်သည်။ သူ၏ အသက် ၁၈ နှစ်သာ ရှိသေးသော်လည်း ကျားဖြန့်လုပ်သက် နှစ်နှစ်ရှိပြီဖြစ်သည်။

“စလုပ်တုန်းကတော့ ကျားဖြန့်မှန်းလည်းမသိဘူး၊ ရပ်ကွက်ထဲသွားလုပ်တဲ့သူတွေက ပိုက်ဆံတွေပို့တာမြင်တော့ ချိတ်ပြီး သွားလုပ်ခဲ့တာ” ဟု ၎င်းက ဆိုသည်။

“ပိုက်ဆံပဲမြင်တော့ လိမ်တာတွေ ကျွန်တော်တို့လည်းမသိတော့ဘူး။ အမေကလည်း ပိုက်ဆံပို့တယ်၊ လူလည်းမနှိပ်စက်ခံရဘူးဆိုတော့ ကျေနပ်နေတာပဲ” 

မြို့တော်ဟောင်း ရန်ကုန်နှင့် ၂၈ မိုင်သာဝေးပြီး လူဦးရေ နှစ်သောင်းခွဲခန့်နေထိုင်သော အင်းတကော်သည် တပ်ရင်း ဆယ်ရင်းထက် မနည်းရှိသည့် တပ်မြို့တစ်ခုဖြစ်ရာ မြဝတီမြို့ ကျားဖြန့်လုပ်ငန်းထဲတွင် စစ်တပ် မိသားစုဝင်အချို့လည်း ရောက်နေသည်ဟု သူက ဆက်ပြောသည်။ 

ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်ရှိ အင်းတကော်တွင် ဒေသခံများသည် ကုန်သွယ်ရေး၊ အရောင်းအဝယ်၊ စားသောက်ဆိုင် စသည့်လုပ်ငန်းများ လုပ်ကိုင်ကြသလို အထည်ချုပ်စက်ရုံများတွင်လည်း လူငယ်များကို တွေ့နိုင်သည်။

သို့သော်လည်း မိသားစုကို လုံလုံလောက်လောက် ထောက်ပံ့ရန်ခက်ခဲလာရာ ကျားဖြန့်လုပ်ငန်းသည် အလိမ်ခံ ရသူ  စည်းစိမ်ကုန်စေသော၊ ဘဝပျက်စေသောအလုပ်မှန်း သိကြသော်လည်း ဝင်ငွေမက်မောသဖြင့်  အမှောင်တွင်း ဆက်လက် နစ်မျောကြရကြောင်း မောင်လင်းက ဆက်ပြောသည်။

မောင်လင်း၊ မောင်မျိုးတို့၏ အင်းတကော်ရှိ ရွာတစ်ရွာတွင် တစ်အိမ်တစ်ယောက်နီးပါး မြဝတီ ကျားဖြန့်လုပ်ငန်းခွင်သို့ ရောက်နေသည်ဟု ဆိုသည်။ 

မောင်မျိုးသည်  မြဝတီ၊ ရွှေကုက္ကိုတွင် အလုပ်စဝင်သည်နှင့်   အမေရိကန်မှ သက်ကြီးပိုင်းများကို ပစ်မှတ်ထား လုပ်ကိုင်ရသူ ဖြစ်လာသည်။  သူလုပ်သည့် ကျားဖြန့်ကုမ္ပဏီ ခေါ် ကျားဖြန့်ဂိုဏ်းတွင် အလုပ်စဝင်သူသည် အခြေခံလစာ ဘတ်တစ်သောင်းခွဲမှ သုံးသောင်းကြား  (ကျပ် ၁၈ သိန်းမှ ၃၆ သိန်းကြား) ရရှိပြီး လုပ်ငန်းအောင်မြင်မှုအလိုက် ငွေထပ်ရသည်ဟု သူက ရှင်းပြသည်။

ကျားဖြန့်လုပ်ငန်းခွင်သုံး   နည်းပညာများထဲတွင်  AI နည်းပညာလည်း ပါဝင်ကြောင်း မောင်မျိုးက ဆိုသည်။

မိမိ ပစ်မှတ်ထားသည့် နိုင်ငံ၏ နေ့ဘက်အချိန်အတိုင်း တစ်ရက်ရှစ်နာရီ လုပ်ကိုင်ရသည်။ နေထိုင်စရာပေးသည့် အပြင် ထမင်းကျွေးသည်။ ထမင်းစားချိန်၊ ဆေးလိပ်သောက်ချိန်၊ အိမ်သာတက်ချိန်နှင့် ပတ်သက်ပြီး စည်းကမ်းချက်များ ရှိသည်။ ဖောက်ဖျက်ပါက ငွေဒဏ်ဆောင်ရသည်ဟုဆိုသည်။

ကျားဖြန့်တရုတ်တို့ အကြောက်ဆုံးသည် ဖုန်းကင်မရာဖြစ်ကြောင်း၊ အလုပ်လုပ်ချိန်တွင် လက်ကိုင်ဖုန်းကို ၎င်းတို့ထံတွင် အပ်နှံထားရကြောင်း၊ CCTVများ နေရာအနှံ့တပ်ဆင်ထားကြောင်း မောင်မျိုးက ဆက်ပြောသည်။

နိုင်ငံခြားသားများသည် လောင်းကစားကြောင့် အကြွေးတင်နေသူ၊ ငွေကြေး အလွန်အမင်း လိုအပ်နေသူများ ဖြစ်တတ်သည်။ အများအပြားသည် မက်မောဖွယ်လစာ ရမည်ဟူသော ကြော်ငြာကိုယုံစားမိပြီး  လူကုန်ကူးခံရသူများ ဖြစ်ကြသည်ဟု မောင်မျိုးက ပြောပြသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က နေပြည်တော်လေဆိပ်၌ တရုတ်ရဲများက ကျားဖြန့်လုပ်ငန်း အဓိက သံသယတရားခံများ၊ အလိုရှိနေသူများကို သွားရောက်လွှဲပြောင်းယူခဲ့ရာ ထိုအထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ရှမ်းပြည်နယ်လွှတ်တော်အမတ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံးဥက္ကဋ္ဌ ဦးပယ်ဆောက်ချိန်လည်း ပါဝင်သည်။ (ဓာတ်ပုံ – Xinhua) 

တရုတ်နိုင်ငံသား ကျားဖြန့်အလုပ်ရှင်တို့ သတ်မှတ်ထားသည့်ငွေပမာဏ မရှာနိုင်သော မြန်မာပြည်သားဆိုလျှင်   ဒဏ်ရိုက်ခံရသည်။ တရုတ်များအပါအဝင် နိုင်ငံခြားသားဆိုလျှင်မူ ရေလီတာ၂၀ ပါသော ရေသန့်ဘူးကြီးကို  သယ်ပိုးထားရခြင်း၊ ရေနွေးပူဖြင့် လောင်းချခံရခြင်း၊ အခန်းကျဉ်းလေးထဲထည့်၍ ရိုက်နှက်ခံရခြင်းတို့ကို ရင်ဆိုင်ရတတ်သည်ဟု မောင်မျိုးအပါအဝင် မြင်တွေ့ခဲ့သူနှစ်ဦးက ဆိုသည်။

နှိပ်စက်ခံရသူတို့ကို  မြန်မာတို့က ဆေးထည့်၊ ပြုစုပေးတတ်သည်။  နှိပ်စက်ခံရသူများထဲမှ အချို့ ပျောက်ကွယ်သွားရာ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း မောင်မျိုးက ပြောပြသည်။

အွန်လိုင်းလူမှုကွန်ရက်တွင် သားကောင်ရှာဖွေပြီးနောက် ဆန့်ကျင်ဘက်လိင်ကို ဖြားယောင်းသွေးဆောင်ကာ ငွေလွှဲခိုင်းခြင်း၊ ကုမ္ပဏီတွင် ငွေကြေးထည့်ဝင်ရန်  မက်လုံးပေးခြင်းစသည့် ပုံစံမျိုးစုံဖြင့် လိမ်လည်ကြသည်။  

သားကောင်ဖြစ်လာနိုင်သူတို့၏   ဖုန်းနံပါတ်များကို ကျားဖြန့်အလုပ်ရှင်ထံက ရကြသည်။ ထိုသူတို့ကို စတင် ဆက်သွယ်မိတ်ဆက်၍ ယုံကြည်မှုရအောင်တည်ဆောက်ပြီးနောက် ငွေကြေးရင်းနှီးမြှုပ်နှံရန် စည်းရုံးခြင်းသည် လည်း မောင်မျိုးတို့ သုံးရသည့် နည်းလမ်းတစ်ခုဖြစ်သည်။ သားကောင်ကို တွေ့ပြီဆိုလျှင် ကျားဖြန့်တရုတ်တို့က လိမ်လည်မှု လုပ်ငန်းအဆင့်ဆင့်ကို ဆက်လက်ဦးစီးဆောင်ရွက်ကြကြောင်း မောင်မျိုးက ဆိုသည်။

မြဝတီနှင့် ကပ်လျက်တည်ရှိသည့် ကော့ကရိတ်မြို့နယ် ကျေးရွာတစ်ခုမှ လာသည့် အသက် ၂၀ကျော်အရွယ် အမျိုးသမီးက အမေရိကန်မှ အသက် ၆၀ ကျော်အရွယ် ပင်စင်စား အမျိုးသားတစ်ဦးကို ချစ်ဟန်ဆောင်ပြီး  ဒေါ်လာတစ်သန်းအထိ လိမ်လည်နိုင်ခဲ့သည်ဟု မောင်မျိုးက ဆိုသည်။ အယုံသွင်း၊ လိမ်ညာရေးလုပ်ငန်းအတွက် ကျားဖြန့်ဂိုဏ်းက စီမံပေးပြီး သူ၏ တာဝန်မှာ လူလုံးပြ၍ ဖြားယောင်းရခြင်းပင်။

“ဒီမိန်းကလေးက  ရည်းစားလုပ်ပြီး လိမ်လိုက်တာ အောင်မြင်တော့ ရာခိုင်နှုန်းအနေနဲ့ သိန်းထောင်နဲ့ချီပြီး ရသွားတာ”ဟု ၎င်းက မသိမသာပြုံးပြီး ပြောပြသည်။ 

“ကျားဖြန့်မှာ မိန်းမတွေက ယောကျ်ားတွေထက် ခေါင်းတစ်လုံးပိုသာတာပေါ့ဗျ”  

ကျားဖြန့်မက်လုံး  

ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နှင့် မြန်မာတို့တွင် အခြေစိုက်သည့် ကျားဖြန့်လုပ်ငန်းသည် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း ပိုမိုဖွံ့ဖြိုးလာသည်။ မြဝတီတွင်မူ ကရင်နယ်ခြားစောင့်တပ်သည် ထောင်နှင့်ချီသည့် ကျားဖြန့် လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုကို ထိန်းချုပ်ထားပြီး  နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉၂ သန်းရရှိသည်။ ထိုငွေထက်ဝက် ၅၀ ရာခိုင်နှုန်းကို စစ်တပ်က ရရှိနေသည်ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျူ(USIP)၏ ဧပြီလတတိယပတ်ထုတ် ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မြို့သိမ်းတိုက်ပွဲများကြောင့်  တရုတ်နယ်စပ်မှ ကျားဖြန့်ဂိုဏ်းများ နေရာပြောင်းရွှေ့ရပြီးနောက် မြဝတီကျားဖြန့်လုပ်ငန်း ပိုမိုအားကောင်းလာသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကျားဖြန့်လုပ်ငန်းများ၏ လွတ်မြောက်နယ်မြေအဖြစ် ကာလရှည် အသုံးတော်ခံခဲ့သည့် ရွှေကုက္ကိုမြို့ တစ်နေရာ။ (ဓာတ်ပုံ – Myanmar Now)

မြဝတီရှိ ဧရာမ ငွေလိမ်လုပ်ငန်းကြီးများအတွက် လိုအပ်သော လုပ်သားအင်အားသည် ဒေသတွင်း၌ပင် အလွယ်တကူ ရနိုင်သည်။ 

ဖြစ်ပွားနေဆဲ ပဋိပက္ခ၊ ရေဘေး၊ မတ်လက ပေါ်ပေါက်ခဲ့သည့် ငလျင်ကြီး စသည့်ဘေးဒုက္ခများစွာ၏  အကျိုးဆက်ကို နိုင်ငံအနှံ့ပြည်သူများ ဆင့်ကဲရင်ဆိုင်နေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ တိုက်ပွဲများကြောင့် နိုင်ငံတစ်ဝန်း၌ ပြည်တွင်းနေရပ်စွန့်သူဦးရေ သုံးသန်းခွဲထက်မနည်း ရှိမည်ဟု  ခန့်မှန်းထားကြောင်းပါရှိသည်။

ကိုဗစ်ကပ်ဘေးသင့်ချိန် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် အာဏာသိမ်းလိုက်သဖြင့် ခေတ်ပျက်နေချိန်တွင် ဝင်ငွေကောင်းသော အလုပ်ပေးနိုင်သည့် ကျားဖြန့်လုပ်ငန်းခွင်သို့ သွားရောက်လိုသူ မရှားပေ။ အာဏာသိမ်းတပ်က စစ်သားသစ် အကြီးအကျယ် စုဆောင်းနေသဖြင့် နေရပ်စွန့်ခွာလိုသူ လူငယ်အများအပြားအတွက် ကျားဖြန့်လုပ်ငန်းခွင်သည် ရွေးချယ်စရာတစ်ခု ဖြစ်လာသည်။

ကျားဖြန့်လုပ်ငန်းများ’ အခြေစိုက်ရာ မြဝတီ၊ ရွှေကုက္ကို၊ ဝမ်ခ၊ မယ်ထော်သလေးဒေသ အမည်များနှင့် တယ်လီဂရမ် စာမျက်နှာများတွင်လည်း အလုပ်ခေါ်စာများတင်ပြီး ကျားဖြန့်လုပ်သား ရှာဖွေလေ့ရှိသည်။ တယ်လီဂရမ်ဂရုတစ်ခုအတွင်း ဝင်ရောက်ကြည့်ရှုစဉ် ၁၀ မိနစ်ကြာအတွင်းမှာပင် အလုပ်ခေါ်စာ ၁၅၀ ထက်မနည်း ဆက်တိုက် ခေါ်ယူနေသည်ကို တွေ့ခဲ့ရသည်။

ယမန်နှစ်က အသက်၂၀ ကျော်အရွယ် အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူသည် ရွှေကုက္ကိုရှိ ဟိုတယ်တစ်ခုတွင် လစာ ကိုးသိန်းရသည့် အထွေထွေလုပ်သားများအဖြစ် ရောက်လာသည်။ ရန်ကုန်၊ လှည်းကူးမြို့နယ်ရှိ ၎င်းတို့၏ ကျူးကျော်ရပ်ကွက် အဖျက်ခံရပြီးနောက် နေရာသစ်တွင် အလုပ်အကိုင်ရှာဖွေရခြင်း ဖြစ်သည်။ 

နောက်ပိုင်းတွင် မငယ်သည် ကျားဖြန့်ဂိုဏ်းတစ်ခု၏ လုပ်ငန်းခွင်တွင် သန့်ရှင်းရေးဝန်ထမ်း၊ ခင်ပွန်းသည် သည် လုံခြုံရေးဝန်ထမ်း ဖြစ်လာပြီး လင်မယားနှစ်ယောက်လစာသည်လည်း သိန်းနှစ်ဆယ်ကျော်လာသည်။  

၎င်းတို့ အမည်မသိကြသည့် အဆိုပါကျားဖြန့်ကုမ္ပဏီတွင် တရုတ်လူမျိုးများနှင့် နိုင်ငံခြားသားများကို နှိပ်စက်မှု၊  အစာရေစာဖြတ်ပြီး အခန်းကျဉ်းထဲ လှောင်ပိတ်ထားမှု၊ အလောင်းစွန့်ပစ်မှုတို့ကို အထိတ်တလန့် မြင်တွေ့ခဲ့ရသည်ဟု သူတို့က ဆိုသော်လည်း အသေးစိတ် ပြောဆိုကြခြင်းမရှိပေ။

နိုဝင်ဘာလလယ်ပိုင်းတွင်  အမေရိကန်က  နိုင်ငံဖြတ်ကျော် တရုတ်ရာဇဝတ်ဂိုဏ်းများကို စတင်နှိမ်နင်းရန် ခြေလှမ်းပြင်လာချိန်တွင် အာဏာသိမ်းတပ်က မြဝတီရှိ ကျားဖြန့်လုပ်ငန်းသုံးအဆောက်အအုံတို့ကို ကမန်းကတန်း သွားရောက် ဖျက်ဆီးသဖြင့် ကျားဖြန့်လုပ်ငန်းခွင်တွင်ရှိသူများ  ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာတွင် သူတို့လင်မယားလည်း ထွက်ပြေးရပြီး အလုပ်လက်မဲ့ဘဝ ပြန်ရောက်သွားသည်။ 

ကျားဖြန့်ဂိုဏ်းများ၏ လွတ်မြောက်နယ်မြေအဖြစ်  နှစ်အတန်ကြာ အသုံးတော်ခံခဲ့သည့် မြဝတီတွင် ရုတ်တရက် ပေါ်ပေါက်လာသော အဆိုပါ ဝရုန်းသုန်းကား အခြေအနေကြောင့် သက်ရောက်မှုအချို့ကို တွေ့ရသည်။ အမေရိကန်ပြည်ထောင်စု၊ Ohio ပြည်နယ်၊ Cleveland မြို့မှ အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦးက ၎င်းကို  Viber တွင် နေ့စဉ်ဆက်သွယ် စာပို့မိတ်ဆက်နေမှုများ ရုတ်တရက် ရပ်သွားသည်ဟု ပြောသည်။

ဤအတောအတွင်း ကျားဖြန့်လုပ်ငန်းများသည် ကရင်ပြည်နယ်အတွင်း ၎င်းတို့ကို အကာအကွယ်ပေးနိုင်သည့် နေရာများသို့ ပြောင်းရွှေ့နေကြကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။

အာဏာသိမ်းတပ်၏ ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ် သတင်းစာတွင်မူ မြဝတီ KK Park ရှိ အဆောက်အအုံ ၆၀၀ ကျော်အနက်  ၄၆၆ လုံးကို ဖြိုချပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

ရွှေကုက္ကိုတွင်လည်း ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာများကို လမ်းကြိတ်စက်များဖြင့် ဖျက်ဆီးနေသော်လည်း   လူငယ်အများအပြားက ကျားဖြန့်လုပ်ငန်းကို နေရာသစ်များတွင် တွေ့လာရမည်၊ အလုပ်ရနိုင်သေးသည်ဟု  မျှော်လင့်နေကြသည်။

အင်းတကော်သို့ ပြန်ရောက်သွားသော မောင်မျိုးကလည်း အလားတူမျှော်လင့်သူ ဖြစ်သည်။ 

ကျားဖြန့်လုပ်ငန်းခွင်ကို အမှီပြုကြသူများသည်  ဝင်ငွေကောင်းသော အလုပ်အကိုင် ရှာရခက်ခဲသည့် မြို့များတွင် မနေလိုကြကြောင်း သူက ဆိုသည်။

“အခြေနေမကောင်းလို့ ပြန်လာကြတာ၊ အလုပ်ပြန်လုပ်ရမယ်ဆို ပြန်သွားမဲ့လူတွေချည်းပဲ၊ ဒီထဲကျွန်တော်လည်းပါတယ်” ဟု မောင်မျိုးက ပြောလိုက်သည်။

Related Articles

Back to top button