အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စုံစမ်းဖော်ထုတ်ရေးသားမှု

မြန်မာစစ်တပ် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ဘဏ္ဍာငွေဘယ်လောက်ရနေသလဲ 

စစ်အာဏာမသိမ်းမီ ရေးဆွဲအတည်ပြုခဲ့သည့် အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်း(ဘတ်ဂျက်) အရ မြန်မာအနေဖြင့် ၂၀၂၂ မတ်လအထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဝင်ငွေ ကျပ် ၂,၃၀၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့်) ရရှိနိုင်သည်ဟု ခန့်မှန်းခဲ့သည်။

ထိုပမာဏသည် အစိုးရအခွန်ဘဏ္ဍာရငွေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကျော်ရှိပြီး ယမန်နှစ်ကထက် အနည်းငယ်လျော့နည်းမည်ဖြစ်သည်။ သို့သော် ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်း မတည်ငြိမ်မှုကြောင့် ကျပ် ၂,၃၀၅ ဘီလျံရရှိလိမ့်မည်ဟူသော ခန့်မှန်းချက်မှာ မသေချာပေ။

ဘဏ္ဍာငွေများ ဘယ်ကလာ

မြန်မာနိုင်ငံ၏ မြေအောက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်၏ အကြီးမားဆုံးဘဏ္ဍာငွေရရှိမှု ပမာဏအများဆုံးမှာ ကမ်းလွန်သဘာဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းကြီးလေးခုမှ လာခြင်းဖြစ်သည်။

မုတ္တမကမ်းလွန်ပင်လယ်ပြင်ရှိ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို ပြင်သစ်အခြေစိုက် Total ကုမ္ပဏီက အော်ပရေတာအဖြစ် လုပ်ကိုင်နေပြီး စီမံကိန်း၏ ၃၂ ဒသမ ၁၄ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ အဆိုပါစီမံကိန်းတွင် အမေရိကန်ကုမ္ပဏီ Chevron ၊ ထိုင်းကုမ္ပဏီ PTT တို့လည်း ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

ရတနာစီမံကိန်းမှ ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ကို PTT က ဝယ်ယူကာ ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ ရောင်းချနေခြင်းဖြစ်ပြီး အချို့ကို ပြည်တွင်းသုံးအတွက် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ 

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီက အော်ပရေတာဖြစ် လုပ်ကိုင်နေခြင်းဖြစ်ပြီး ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ထိုစီမံကိန်းတွင် အခြားရင်းနှီးမြှုပ်နှံသူများမှာ တောင်ကိုရီးယားနိုင်ငံပိုင် KOGAS၊ အိန္ဒိယနိုင်ငံမှ ONGC နှင့် GAIL၊ မြန်မာနိုင်ငံမှ MOGE တို့ဖြစ်သည်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရင်းနှီးမြှုပ်နှံထားသူမှာ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီဖြစ်သည်။ 

ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းကို မလေးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Petronas က အော်ပရေတာအဖြစ် လုပ်ကိုင်လျက်ရှိပြီး ပူးတွဲရင်းနှီးမြှုပ်နှံသူများမှာ MOGE၊ PTT ကုမ္ပဏီခွဲနှင့် ဂျပန်အစိုးရပါဝင်သည့် Nippon Oil ကုမ္ပဏီတို့ဖြစ်သည်။ Petronas ကုမ္ပဏီက နိုင်ငံရေးအကြောင်းပြချက်ထက် လုပ်ငန်းပိုင်းဆိုင်ရာကြောင့် ရဲတံခွန်စီမံကိန်းထုတ်လုပ်မှုကို ပြီးခဲ့သည့် ဧပြီလအတွင်း ရပ်နားခဲ့သည်။

ဇောတိကစီမံကိန်းကို ထိုင်းနိုင်ငံ PTT ကုမ္ပဏီက အော်ပရေတာအဖြစ် လုပ်ကိုင်လျက်ရှိပြီး MOGE က ၂၀ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။ စီမံကိန်းမှ ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသည်။ 

တရုတ်နိုင်ငံသို့ ရေနံစိမ်းတင်ပို့သည့် ပိုက်လိုင်းတစ်ခုလည်းရှိပြီး ၎င်းကို တရုတ်နိုင်ငံပိုင် CNPC နှင့် MOGE ပူးတွဲပိုင်ဆိုင်သည်။ 

သဘာဝဓာတ်ငွေ့ဝင်ငွေပေးချေမှုက ဘယ်ပုံစံလဲ

မြန်မာအနေဖြင့် သဘာဝဓာတ်ငွေ့မှ ပုံစံမျိုးစုံဖြင့် ဘဏ္ဍာငွေရရှိနေပြီး ထုတ်လုပ်ရေးကုမ္ပဏီများ၏ အမြတ်ခွန်၊ ဓာတ်ငွေ့ထုတ်လုပ်ခွင့်ကြေး (ဓာတ်ငွေ့ပမာဏအပေါ်ရရှိသည့်အခကြေးငွေ)နှင့် အစိုးရက ထည့်ဝင်သည့် ရှယ်ယာအချိုးအလိုက်ရရှိသည့် ဓာတ်ငွေ့ရောင်းချရမှုဝင်ငွေများ ပါဝင်သည်။

ဓာတ်ငွေ့ထုတ်လုပ်ခွင့်ကြေးနှင့် ဓာတ်ငွေ့ရောင်းရဝင်ငွေအပြင် နိုင်ငံပိုင်လုပ်ငန်းဖြစ်သည့် MOGE သည် ဓာတ်ငွေ့ပိုက်လိုင်းနှင့် ဓာတ်ငွေ့သိုက်မျိုးစုံတွင် ထည့်ဝင်ထားသည့် အစုရှယ်ယာများအတွက်လည်း အမြတ်အစွန်းများ ရရှိနေသည်။ 

ဝင်ငွေစီးဆင်းမှုပုံစံမှာ ရှုပ်ထွေးသည်။ မည်သို့ပင်ဆိုစေ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံတော်ပိုင်ဘဏ်များနှင့် MOGE တို့ကို စစ်တပ်က ထိန်းချုပ်ထားသောကြောင့် စင်စစ်အားဖြင့် အာဏာသိမ်းစစ်ကောင်စီက ဓာတ်ငွေ့ဝင်ငွေအားလုံး ရရှိလျက်ရှိသည်။ 

ထို့ကြောင့် စစ်ဗိုလ်ချုပ်များနှင့် အဆက်အဆံမလုပ်ကြောင်း နိုင်ငံတကာကုမ္ပဏီများက ပြောဆိုလာပါက စာရွက်ပေါ်တွင် မှန်ချင်မှန်မည်ဖြစ်သော်လည်း လက်တွေ့၌မူ အဓိပ္ပာယ်မရှိဘဲ အငြင်းပွားဖွယ်ရာပင် ဖြစ်သည်။ 

Total နှင့် Chevron က ဘာလုပ်ခဲ့လဲ

ပြင်သစ်ရေနံကုမ္ပဏီကြီး Total နှင့် အမေရိကန်ကုမ္ပဏီကြီး Chevron တို့က ရတနာဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ အမြတ်ဝေစုခွဲဝေပေးခြင်းကို ရပ်တန့်လိုက်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကြေညာခဲ့ရာ စီမံကိန်းတွင် ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်သည့် MOGE အနေဖြင့် တစ်နှစ်လျှင် အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ဆုံးရှုံးသွားဖွယ်ရှိသည်။

ရေနံကုမ္ပဏီကြီးနှစ်ခုအနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံနေမှုအပေါ် ဝေဖန်ခံနေရခြင်းများကြောင့် ဝင်ငွေခွဲဝေမှုရပ်တန့်ခဲ့ပုံရသည်။ ရေနံကုမ္ပဏီကြီးများအနေဖြင့် ၎င်းတို့ဆန္ဒရှိပါက စစ်ကောင်စီပေးရမည့်ငွေများကို ဖြတ်တောက်နိုင်သဖြင့် ယခုဆုံးဖြတ်ချက်သည် အရေးပါလှသည်။ 

ကျွမ်းကျင်သူများကမူ ရတနာဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ စစ်ကောင်စီကို ပေးရမည့် အမြတ်ဝေစုပမာဏမှာ အနည်းငယ်မျှသာဖြစ်သည်။  

ဝင်ငွေခွဲဝေမှုကို ဘဏ္ဍာနှစ်ကုန်တွင် ပေးချေရလေ့ရှိပြီး ယခုရပ်ဆိုင်းမှုမှာ ၂၀၂၂ မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာနှစ်အတွက် ခွဲဝေပေးမည့်ဝင်ငွေကို ရပ်တန့်လိုက်ခြင်းဖြစ်ရာ စစ်ကောင်စီကရရှိမည့် ဘဏ္ဍာငွေအပေါ် ချက်ချင်းသက်ရောက်မှုရှိမည်တော့ မဟုတ်ပေ။ 

စစ်ကောင်စီ၏ ဘဏ္ဍာရေးကို အပြင်းအထန်ဖိအားပေးရန် Total နှင့် အခြားစွမ်းအင်ကုမ္ပဏီများအနေဖြင့် မြန်မာအစိုးရအဖွဲ့အစည်းများထံ စီးဆင်းနေသည့် ဝင်ငွေလမ်းကြောင်းကို ရပ်တန့်ရမည်ဖြစ်ကာ စစ်ကောင်စီက မထိန်းချုပ်နိုင်သည့် ငွေစာရင်းသို့ ထည့်သွင်းရန် ဆန့်ကျင်သူတို့က လိုလားကြသည်။

Total ကမူ ဝင်ငွေခွဲဝေမှုကို ရပ်တန့်လိုက်ခြင်းသည် မြန်မာနိုင်ငံနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါကတိကို ဖောက်ဖျက်ရာရောက်သည်ဟု ဆိုသည်။ သို့သော် နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများသည် မြန်မာဥပဒေကို လွှမ်းမိုးနိုင်ပြီး စွမ်းအင်ကုမ္ပဏီများအနေဖြင့် ထိုသို့ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ဆိုသည်။

သဘာဝဓာတ်ငွေ့ဝင်ငွေအားလုံး အတိအကျစီးဝင်သည့်နေရာ

ထိုနေရာကို သေချာသိရန် မဖြစ်နိုင်ပေ။ စစ်အာဏာသိမ်းပြီးနောက် ဘသာဝဓာတ်ငွေ့မှ ဘဏ္ဍာငွေစီးဆင်းမှုကို ခြေရာခံဖော်ထုတ်သည့် သယံဇာတတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ပွင့်လင်းမြင့်သာမှုဖော်ဆောင်ရေး(EITI) လုပ်ငန်းများ မြန်မာနိုင်ငံတွင် ဆိုင်းငံ့ထားသည်။ ကုမ္ပဏီများကလည်း အနည်းငယ်မျှသာ ထုတ်ဖော်ပြောဆိုကြသည်။ 

ရတနာစီမံကိန်းလုပ်ငန်းလည်ပတ်ပုံစံတစ်ခုဖြစ်သည့် မြန်မာနှင့် Total ကုမ္ပဏီကြား ၁၉၉၅ သဘောတူညီချက်အရ ထိုင်း PTT ကုမ္ပဏီက ဓာတ်ငွေ့ဝယ်ယူပြီး ငွေပေးချေရာတွင် မြန်မာနိုင်ငံပြင်ပရှိ ဘဏ်တစ်ခုမှတစ်ဆင့် ဆောင်ရွက်သည်ဟု ဆိုသည်။

အော်ပရေတာအဖြစ်ဆောင်ရွက်သည့် Total ကုမ္ပဏီအနေဖြင့် ထိုဘဏ်မှတစ်ဆင့် မြန်မာအစိုးရနှင့် စီးမံကိန်းရင်းနှီးမြှုပ်နှံသူများကြား ဝင်ငွေခွဲခြမ်းကာ သက်ဆိုင်ရာဘဏ်စာရင်းသို့ ငွေလွှဲပို့ပေးသည်ဟု ၎င်းတို့ကြားချုပ်ဆိုထားသည့်စာချုပ်က ဆိုသည်။ ရတနာနှင့် အခြားဓာတ်ငွေ့စီမံကိန်းများမှာလည်း အလားတူပုံစံဆောင်ရွက်နေပုံရသည်။ 

ကိုရီးယား POSCO ကုမ္ပဏီသည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ မြန်မာအတွက်ဝင်ငွေကို စင်ကာပူဘဏ် OCBC နှင့် မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) တို့၏ ငွေစာရင်းသို့ ပေးချေသည်ဟု ဆိုသည်။ Total ကမူ ရတနာစီမံကိန်းမှ မြန်မာအတွက်ဝင်ငွေကို ထိုင်းနိုင်ငံတွင် ပေးချေသည်ဟုဆိုသည်။ ယင်းသို့ဆိုလျှင် MFTB ငွေစာရင်းမှာ ထိုင်းတွင်ရှိသည်ဟု ယူဆနိုင်သော်လည်း Total က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

စစ်ကောင်စီက MFTB ဘဏ်ကို ထိန်းချုပ်ထားသောကြောင့် ဘဏ္ဍာငွေများရွှေ့ပြောင်းရန် အမိန့်ပေးနိုင်သဖြင့် ယခုကဲ့သို့ သဘာဝဓာတ်ငွေ့ဝင်ငွေကို နိုင်ငံခြားဘဏ်စာရင်းသို့ ပေးချေနေခြင်းသည် စိုးရိမ်ဖွယ်ရာပြဿနာတစ်ခုဖြစ်သည်။ 

သဘာဝဓာတ်ငွေ့မှရရှိသည့် ဝင်ငွေများကို ရွှေ့ပြောင်းအသုံးပြုနိုင်ပါက စစ်ကောင်စီသည် ကိုယ်ကျိုးအတွက် ရယူသုံးစွဲနိုင်ပြီး စစ်လက်နက်များ လျှို့ဝှက်စွာဝယ်ယူနိုင်သည့်အပြင် နိုင်ငံတကာ၏ စီးပွားရေးဒဏ်ခတ်မှုကိုပါ ရှောင်လွှဲနိုင်မည် ဖြစ်သည်။

ဘာကြောင့် အလွန်တရာရှုပ်ထွေးနေသလဲ 

သဘာဝဓာတ်ငွေ့ဝင်ငွေများပေးချေမှုကို အစိုးရနှင့် ကုမ္ပဏီကြား စာမျက်နှာပေါင်းရာနှင့်ချီရှိသည့် ဥပဒေဆိုင်ရာ သဘောတူညီချက်များဖြင့် ဆောင်ရွက်ရသည်။ 

ထိုသို့ရှုပ်ထွေးပွေလီခြင်းသည် စွမ်းအင်လုပ်ငန်းနယ်ပယ်တွင် ဖြစ်လေ့ဖြစ်ထရှိသော်လည်း ကုမ္ပဏီများအနေဖြင့် ဆင်းရဲသောနိုင်ငံများမှ အကျိုးအမြတ်ပိုမိုရရှိရန် အမြတ်ထုတ်လေ့ရှိသည်။ 

ရတနာစီမံကိန်းသည် အခွန်မပေးဆောင်မီ အမြတ်အစွန်း ၉၇ ရာခိုင်နှုန်းရှိနေခြင်းမှာ စဉ်းစားဖွယ်ရာဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်းမှ အမြတ်အစွန်းပိုပြနိုင်ပါက စွမ်းအင်ကုမ္ပဏီများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်သည့် အခြေအနေဖြစ်သည်။

ဓာတ်ငွေ့ထုတ်လုပ်မှုလုပ်ငန်းနှင့် ရတနာပိုက်လိုင်းစီမံကိန်းနှစ်ခုမှရရှိသည့် အမြတ်အစွန်းမှာ အမြဲတစေ မြင့်မားလေ့မရှိကြောင်း Total ဘက်က ပြောဆိုသည်။ Total အနေဖြင့် လိုအပ်သည့်အချက်အလက်များကို ထုတ်ပြန်လေ့မရှိသောကြောင့် ထိုတုံ့ပြန်ချက်အပေါ် စစ်ဆေးနိုင်ရန် မဖြစ်နိုင်သေးပေ။ 

နိုင်ငံအများအပြားတွင် အစိုးရဌာနများနှင့် စွမ်းအင်ကုမ္ပဏီများကြား အဂတိလိုက်စားမှုမကင်းသော ငွေလွှဲပြောင်းမှုများကြောင့် စွမ်းအင်နယ်ပယ်၏ ရှုပ်ထွေးပွေးလီသည့် ပြဿနာတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော ရေနံကုမ္ပဏီကြီးများအနေဖြင့် ခြစားမှုဖြစ်စေသည့် ငွေပေးချေမှုများ ဆောင်ကြဉ်းပေးခဲ့သည်ဆိုသော အထောက်အထားသော်လည်းကောင်း ထောက်ပြချက်သော်လည်းကောင်း မရှိပေ။ 

သို့သော်ငြားလည်း ရေနံကုမ္ပဏီများအနေဖြင့် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ အကြီးအကျယ်ပြဿနာရှိနေသည့် နိုင်ငံများတွင် အခွန်ဘဏ္ဍာငွေများ ဆက်ပေးနေရဆဲဖြစ်ကာ ပြည်သူ့ဘဏ္ဍာငွေများ ခိုးယူခံရမည်ကို သိနေသော်ငြား အများအားဖြင့် ထိုသို့ဖြစ်နေဆဲပင်ဖြစ်သည်။ 

ဘာဆက်ဖြစ်မလဲ

အာဏာသိမ်းစစ်ကောင်စီထံ စီးဝင်နေသည့် ဝင်ငွေများကို ဖြတ်တောက်ရန် ရေနံကုမ္ပဏီများ မဆုံးဖြတ်ပါက သို့မဟုတ် ထိုသို့ဆုံးဖြတ်ချက်ချရန် နိုင်ငံတကာက ဖိအားမပေးနိုင်ပါက ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝင်ငွေများ စစ်ကောင်စီထံ ဆက်လက်ရောက်ရှိနေမည်ဖြစ်ကာ အကျင့်ပျက်ဝန်ထမ်းများမှတဆင့် ခြစားမှုများလည်း ရှိနေမည်ဖြစ်သည်။ 

(ဤသတင်းကို Finance Uncovered အဖွဲ့နှင့် Myanmar Now ပူးပေါင်းရေးသားထားခြင်းဖြစ်သည်။)

Related Articles

Back to top button