စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ရှာဖွေရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်စီးနင်းစဉ် ဒေသခံများက လက်လုပ်တူမီးသေနတ်များဖြင့် ပြန်လည်ခုခံရာ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယင်းမာပင်မြို့နယ် စည်လှောင်ရွာတွင် ဇွန် ၆ ရက်က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံအားလုံးနီး တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဒေသခံအမျိုးသမီးတစ်ဦးကို Myanmar Now က ဇွန် ၇ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်။
မေး − စည်လှောင်ရွာမှာ တိုက်ပွဲဖြစ်တယ်ကြားလို့ ဘာကြောင့်ဖြစ်တယ်ဆိုတာ ရှင်းပြပေးပါလား။
ဖြေ − ပထမကတော့ ဘန့်ဘွေးဘက်မှာ စစ်ကားတွေဝင်မွှေတာ။ စည်လှောင်တောင်ဆိုတာ ရှိတယ်။ ဘန့်ဘွေးရဲ့တောင်ဘက်မှာ၊ အဲဒီတောင်ရဲ့ အရှေ့ဘက်မှာ တဲတစ်လုံးကို ဘယ်အဖွဲ့က မီးရှို့လိုက်မှန်းမသိဘူး၊ အဲဒီလိုမီးရှို့ရာကနေ လာတယ်ထင်တာပဲ။ အဲဒီတဲက ကြံ့ခိုင်ရေးကဟာဆိုတော့ အဲလိုမျိုးဖြစ်တာနဲ့ တူပါတယ်။
ဘန့်ဘွေးကို ဝင်ပြီးတော့ နောက်ရက် စည်လှောင်ကို လာမယ်လို့ သတင်းကြားတော့ အဲဒီမှာ ရွာသားတွေက တောင်ပေါ်ကနေ သွားစောင့်နေကြတာ။ သွားစောင့်ရာကနေ သူတို့ဘက်က အင်အားများတော့ ရွာသားတွေက ဆုတ်ပေးလိုက်ရတာ။ ရွာသားတစ်ယောက် ကျသွားတယ်။
မေး − စစ်ကောင်စီဘက်ကရော သေဆုံးမှုရှိပါသလား။
ဖြေ − သူတို့ဘက်ကတော့ မသိရဘူးဗျ။ ဘာလို့လည်းဆိုရင် ရွာသားတွေက ခံစစ်နဲ့ပုံစံမျိုး ပြေးရင်းပစ်ရင်း ပစ်လာတော့ ထိတာမထိတာ မသိဘူး။ ရှေ့တန်းက ရွာသားတစ်ယောက်ပြောပုံအရတော့ သူတို့ပစ်တာလည်း ထိတယ်လို့တော့ ပြောတာပဲ။
မေး − ဒီနေ့သတင်းဖော်ပြတာ တချို့တွေ့လို့ စစ်ကောင်စီဘက်က ၁၀ ဦးလောက်ကျတယ်ဆိုတာမျိုး တွေ့ရတယ်။
ဖြေ − သူတို့ဘက်ကျတာ မသိရဘူးလေ။ ကိုယ့်ဘက်ကပဲ ရွာသားတစ်ဦးကျတာ။ အခုထက်ထိတောင် အလောင်းပြန်မကောက်ရသေးဘူး။ ဒီနေ့ နေ့လယ် ၁၂ လောက်က အသံတစ်ချက်ကြားလိုက်ရတယ်။ အလောင်းသွားကောက်ဖို့ စီစဉ်နေတုန်း။ အဲဒီအသံကြားလိုက်ရတော့ မိဘတွေက မကောက်ရဲဘူး။
မေး − စစ်တပ်ဘက်က အင်အားဘယ်လောက်နဲ့ တိုက်ခိုက်တာလဲ။
ဖြေ − အင်အား ၄၀ ကျော် ၅၀ လောက်နေမှာ။ ဝင်တာက တစ်သုတ်တည်းဝင်တာ မဟုတ်ဘူး။ ၂၀ လောက်တစ်သုတ်လာလိုက်၊ နောက်ထပ်တစ်သုတ်ဝင်လိုက်နဲ့ပေါ့။
မေး − ရွာသားတွေဘက်က လက်နက်က ဘာကိုအသုံးပြုတိုက်ခိုက်တာပါလဲ။
ဖြေ − ဒီဘက်ကတော့ ဘာမှ မရှိဘူး။ ကျွန်တော်တို့ဘက်က တူးမီးပဲ ရှိတာ။
မေ − စည်လှောင်တောင်မှာ စစ်ကောင်စီကို တိုက်ခိုက်ဖို့ ရွာသားတွေစောင့်နေတယ်ဆိုတာ ရှင်းပြပေးပါလား။
ဖြေ − လွန်ခဲ့တဲ့ သုံးရက်လေးရက်လောက်က ကုန်းဇောင်းရွာကို ဝင်မွှေတယ်ဗျာ။ ကုန်းဇောင်းရွာဒေသခံတစ်ဦးကိုလည်း ဘောလုံးကွင်းထဲမှာ တစ်နေကုန် ဒူးထောက်ခိုင်းထားပြီး အစာရေစာ အငတ်ပစ်ထားတယ်။ ဒုတိယရက်ကျတော့ ဂွေးချောင်းရွာကို ဝင်တယ်။ ဂွေးချောင်းရွာက အကုန်ထွက်ပြေးကြတယ်။ ဂွေးချောင်းရွာမှာတော့ ပစ်ခတ်မှု မရှိဘူး။ သေဆုံးမှုမရှိဘူး။ နောက်ရက်မနက် ၃ နာရီခွဲ ၄ နာရီလောက်ကျတော့ ဘန့်ဘွေးမှာ တစ်ချက်ဝင်တယ်။ ဘန်ဘွေးမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတစ်ဦးနောက်ကနေ သေနတ်မှန်ပြီး ကျဆုံးသွားတာရှိတယ်။ ဒီနားလေးက ရွာနီးချုပ်စပ်ကို တစ်ရွာပြီး တစ်ရွာဝင်နေတာ။ စည်လှောင်ရွာကတော့ ဝင်လာရင် ပြန်တိုက်မယ်ဆိုပြီး စောင့်ပြီးတိုက်တာ။ စောင့်တာကတော့ ပထမကတည်းကလာရင် ချဖို့ရာဆိုပြီး ရွာသားတွေကစောင့်တာပဲ။ ဒါပေမဲ့ လူက မညီလိုက်လို့ အင်အားက နောက်မှ ရောက်လာတာလေ။ ပြင်ဆင်နေတဲ့အချိန် ဟိုဘက်က ဝင်လာတာဆိုတော့ ကိုယ့်ဘက်က ဆုတ်ပေးလိုက်ရတာ။ မနေ့က မနက် ၉ နာရီလောက်ကနေစဖြစ်တာ ညနေထိအောင် တဒိုင်းဒိုင်းနဲ့။ လက်နက်ကြီးတွေပစ်တာ ရွာဘေးတွေကို။ မြေကြီးတွေကို တုန်တုန်သွားတာ။ မနေ့က ရွာထဲဝင်ပြီး သေနတ်တွေ ပစ်သွားတာ။
မေး − လက်ရှိ (စည်လှောင်) ရွာအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ − ရွာအခြေအနေက ရွာထဲ လူတစ်ယောက်မှကို မရှိဘူး။ အကုန်လုံးတောထဲချည်းပဲ။ ရွာကတော့ အခုအချိန်က တော်တော်လေးကို ဒုက္ခရောက်နေတာပဲ။ မြန်မြန်ပြီးချင်လှပြီ။ ဒီအတိုင်းက ပြည်သူတွေက နေစရာထိုင်စရာမရှိ။ မိုးကလည်းရွာ။ အတော်လေးကို ဒုက္ခရောက်တာပေါ့။ ဒီကြားထဲ သက်ကြီးရွယ်အိုတွေလည်း ပါတယ်။ ရွာထဲက လူကိုမရှိတော့ဘူး။ အခု ကာကွယ်ရေးတွေကလည်း ပုန်းနေရတာ။ ရွာလုံးကျွတ် ရှောင်နေရတာ။
မေး − အခြားဘာများ ဖြည့်စွက်ပြောလိုပါသလဲ။
ဖြေ − ဒီစစ်ကောင်စီရဲ့လုပ်ရပ်တွေက ပြည်သူ့တပ်မတော်လို့ နာမည်ခံထားပြီး ပြည်သူကို ရက်စက်ယုတ်မာပြီး အဲဒီလောက်ထိ သတ်ဖြတ်နေတာဟာ ရပ်သင့်ပြီ။ ဒါက အာဏာလုတာအပြင် ပြည်သူတွေ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ခိုးယူလုယက်စားသောက်နေတာ၊ ဓားပြတိုက်နေတဲ့အနေအထားဖြစ်သွားပြီ။
သူတို့စစ်ကောင်စီအဖွဲ့တွေ ဝင်လာပြီဆိုရင် ကျွန်မတို့ပြည်သူတွေက ထွက်ပြေးနေရတာ။ လာတော့မယ်ဆိုရင် ကိုယ့်ရှိတဲ့ပစ္စည်းလည်း ဘာမှယူမသွားနိုင်ဘူး။ ရုတ်တရက်ထွက်ပြေးရတာဆိုတော့ အဲဒီမှာ စားဖို့သောက်ဖို့ ရိက္ခာတွေဆိုလည်း အိမ်မှာ ဆန်၊ ဆီ အပြည့်အစုံဝယ်ထားကြတယ်။
အခြေခံလူတန်းစားလောက်ပဲ မပြည့်စုံတာ ကျန်တဲ့သူဆို လေးငါးလစာ ဆန်၊ ဆီက ဝယ်ထားကြတာ။ အဲဒီလှောင်ထားတဲ့ စားကုန်သောက်ကုန်တွေဆိုရင် ရောက်တဲ့ရွာတိုင်း သူတို့က သယ်နေကြတာ။ မနေ့ က စည်လှောင်ဘက်ကတော့ အဲဒီလို သယ်သံမကြားဘူး။ တခြားရွာတွေဆို အကုန်သယ်တာ။ ပြည်သူတွေကို အခုလို နိုင်ထက်စီးနင်းလုပ်တာ ရပ်သင့်ပြီ။