အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယင်းမာပင်မြို့နယ်တိုက်ပွဲအတွင်း ဒေသခံနှစ်ဦးသေဆုံးပြီး စစ်သားငါးဦး ဖမ်းဆီးခံထားရ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ရှာဖွေရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်စီးနင်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့ရာ  ဒေသခံနှစ်ဦး သေဆုံးပြီး စစ်သားငါးဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဖမ်းဆီးထားသည်။ 

ယမန်နေ့ (ဇွန် ၆) နံနက် ၁၀ နာရီဝန်းကျင်၌ ယင်းမာပင်မြို့မှ ၂ မိုင်ခန့်အကွာ စည်လှောင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းရန် ကြိုးပမ်းစဉ် ဒေသခံ PDF တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံသဖြင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ကိုရင်မောင်ဆိုသူ PDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကာ စစ်ကောင်စီဘက်မှ စစ်သားငါးဦးကို PDF အဖွဲ့ဝင်များက လက်ရဖမ်းမိခဲ့သည်။

“သူတို့က ထွက်ပြေးနေတဲ့သူတွေကို လိုက်ပစ်ရင်းနဲ့ လူစုကွဲသွားတာ။ ရွာအပြင်ဘက်က ဆားကျင်းထဲမှာ ရွာသားတွေက ဝိုင်းဖမ်းလိုက်တာ။ လောလောဆယ်တော့ ကျွန်တော်တို့ ထိန်းသိမ်းထားတယ်။ သူတို့ (စစ်တပ်) ဘက်ကလည်း မဆက်သွယ်သေးဘူး” ဟု ၎င်း PDF တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို  ပြောသည်။

စည်လှောင်ရွာသည် အိမ်ခြေ ၈၀၀ ခန့် ရှိ ရွာကြီးတစ်ရွာဖြစ်ပြီး ရွာအနီးရှိ တောင်ပေါ်တွင် ဒေသခံ PDF က အခြေချတပ်စွဲထားရာ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံကာကွယ်ရေးတပ်က နောက်ဆုတ်ပေးခဲ့ရသည်ဟု ဆိုသည်။

“သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ထိုင်ထုနေတာ။ အင်အားမမျှလို့ ပြန်ဆုတ်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်။ သူက နှစ်ချက်မှန်တာ။ လက်ပြင်ကို မှန်တာ။ တွဲခေါ်နေတဲ့အချိန်မှာ ခေါင်းကို မှန်သွားတာ” ဟု PDF အဖွဲ့ဝင်က ဆက်ပြောသည်။

စည်လှောင်ရွာ၌ တိုက်ပွဲဖြစ်ပွားနေချိန်တွင် အနီးအနားတဝိုက်ရှိ ကျေးရွာများမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ရောက်လာကာ ဝိုင်းဝန်းခုခံပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဇွန် ၅ ရက်က ယင်းမာပင်မြို့နယ် ဘန့်ဘွေရာတွင် စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဆိုင်ကယ်ဖြင့် ထွက်ပြေးသည့် အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့သည်။ 

ဇွန် ၄ မှစ၍ ယင်းမာပင်နယ်တစ်ဝိုက်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး တူမီးသေနတ်ဖြင့် ပြန်လည်ခုခံခဲ့သည့် သပြေအေးရွာအနီးတဝိုက်ရှိ စည်လှောင်၊ ကံစု၊ ဘန့်ဘွေရွာနှင့် ဝင်းကုန်းရွာတို့ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲကြောင့် စည်လှောင်ရွာနှင့် အနီးတစ်ဝိုက်ရှိ ရာနှင့်ချီသော ဒေသခံများမှာ ‌ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ စည်လှောင်ရွာတွင် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည် ဧပြီလဆန်းပိုင်း၌လည်း ယင်းမာပင်မြို့နယ် ကပိုင်ရွာ၊ သပြေအေးရွာတို့မှ စစ်တပ်၏ ဖိနှိပ်မှု၊ အကြမ်းဖက်စီးနင်းမှုများကို ရိုးရာလက်လုပ် တူမီးသေနတ်များဖြင့် ပြန်လည်ခုခံတော်လှန်ခဲ့သည်။ ဧပြီလနှင့် မေလအတွင်း စစ်ကောင်စီတပ်နှင့် အပြင်းအထန် တိုက်ပွဲများဖြစ်ခဲ့သောကြောင့် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်များတွင် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button