
ရှမ်းနှင့် ကယားနယ်စပ် မိုးဗြဲမြို့၌ ဇွန် ၄ ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခံရသူများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး အသက်မပြည့်သေးသူတစ်ဦးလည်းပါဝင်ကြောင်း ပြန်လည်လွတ်မြောက်လာသူတစ်ဦး၏ မိသားစုဝင်နှင့် အိမ်နီးနားချင်းအချို့က အတည်ပြုသည်။
ထိုနေ့က ဒေသခံကာကွယ်ရေးအဖွဲ့နှင့် တိုက်ပွဲမစမီ မွန်းလွဲပိုင်းတွင် မိုးဗြဲမြို့၊ ပွဲကုန်း(၃)ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က သော့ဖျက်ဝင်ကာ အစောင့်အဖြစ် ကျန်ရှိနေသည့် အမျိုးသားလေးယောက်ကို ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် လူသားဒိုင်းသဖွယ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရိုက်နှက်တယ်။ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်ကို ဗုံးပါတဲ့အိတ် လွယ်ခိုင်းပြီးတော့ ထွက်ပြေးမယ်ဆိုရင်ပစ်မယ်၊ အဲဒီလိုခြိမ်းခြောက်ထားတယ်။ ဗုံးလွယ်ထားတဲ့ လူငယ်နဲ့ ကျွန်တော့်အဖေကို အရှေ့မှာ လူသားဒိုင်းအဖြစ် အသုံးပြုပြီးတော့ ရှေ့မှာ ကာခိုင်းထားတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ မကာခိုင်းဘူး” ပြန်လည်လွတ်မြောက်လာသူ၏တစ်ဦး၏ သားဖြစ်သူက Myanmar Now ကို ပြောသည်။
တိုက်ပွဲဖြစ်ခဲ့သည့်အချိန် ညနေပိုင်းတွင် ဖမ်းဆီးထားသူများ၏ မျက်နှာကို ပုဆိုးစဖြင့်စည်းကာ စစ်ကောင်စီတပ်က အကာအကွယ်သဖွယ်သုံးခဲ့သလို၊ ညဘက်တွင် ပွဲကုန်း(၃)ရပ်ကွက်၊ ရထားသံလမ်းတစ်ဝိုက် တိုက်ပွဲဖြစ်ပွားနေချိန်တွင်လည်း ဖမ်းဆီးထားသူလေးဦးကို လက်၌ ကြိုးတုပ်ကာ သံလမ်းအနီး မတ်တတ်ရပ်ခိုင်းကာ အကာအကွယ်ယူ၍ စစ်ကောင်စီတပ်က တိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
“ရထားလမ်းအပေါ်ဘက်မှာ MBPDF (မိုးဗြဲပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေရှိတယ်။ ရထားလမ်းအောက်ဘက်က စစ်အုပ်စုတွေရှိတယ်။ အဲဒီနားမှာ နှစ်ယောက်တစ်တွဲ ကြိုးနဲ့ချည်ထားတယ်။ လူငယ်တစ်ယောက်က ဗုံးပါတဲ့အိတ်ကို လွယ်ထားတယ်” ဟု ပြန်လည်လွတ်မြောက်လာသူ၏ အိမ်နီးနားချင်းတစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သံလမ်းအနီး မတ်တတ်ရပ်ခိုင်းထားချိန်တွင် ဖမ်းဆီးခံရသူ လေးဦးအနက် တစ်ဦးပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
လွတ်မြောက်လာသူမှာ အသက် ၄၃ နှစ်အရွယ်ဖြစ်ပြီး စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးသွားသူများထဲတွင် အသက် ၁၇ နှစ်လူငယ်အပြင် အသက် ၅၃ နှစ်နှင့် ၅၆ နှစ်အရွယ်ရှိ အမျိုးသားများဖြစ်ကြသည်။
“ညကတည်းက ထွက်ပြေးလွတ်မြောက်လာတာ။ အဲဒါ လွတ်ရာအိမ်တစ်အိမ်မှာ ဝင်ပုန်းပြီးတော့ ဒီမနက်မှ ကျွန်တော်တို့ရှိတဲ့နေရာ သူရောက်လာတာ” ဟု လွတ်မြောက်လာသူ၏ အိမ်နီးချင်းတစ်ဦးက ပြောသည်။
လွတ်မြောက်လာသူ၏ ခန္ဓာကိုယ်အနှံ့တွင် အရိုက်ခံရသည့် ဒဏ်ရာအများအပြားတွေ့ရပြီး လက်ရှိတွင် ဘေးလွတ်ရာသို့ တိမ်းရှောင်သွားပြီဟု ၎င်းက ဆက်ပြောသည်။
“လက်မှာ ကြိုးနဲ့ချည်ထားတဲ့ အရာတွေရော။ ထမင်းစားလို့မရတဲ့အခြေအနေထိဖြစ်တယ်။ ကျောကုန်းမှာလည်း အကန်ခံရတဲ့ဒဏ်ရာတွေ အများကြီးပဲ။ ခေါင်းပိုင်းရယ် အံသွားတို့ဘာတို့ ခြေထောက်နဲ့ကန်ခံရလို့ တော်တော်ထိတယ်။ ဘယ်ဘက်မျက်လုံးက ရောင်ကိုင်းပြီး ညိုမည်းစွဲနေတယ်” ဟု လွတ်မြောက်လာသူ၏ အိမ်နီးချင်းက ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံးလေးဦးသေဆုံးခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်များပျက်စီးခဲ့ကြောင်း၊ ပြည်သူအများအပြားထပ်မံဖမ်းဆီးခံရကြောင်း MBPDF က ထုတ်ပြန်သော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့ (ဇွန် ၅)အထိ ဒေသခံကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတို့အကြား မိုးဗြဲ၌ တိုက်ပွဲပိုမိုပြင်းထန်ခဲ့သော်လည်း အသေးစိတ်အခြေအနေများကိုမူ မသိရသေးပေ။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှာစ၍ ဇွန်လ ၃ ရက်အထိ ကယားပြည်နယ်တွင် စစ်ကောင်စီတပ်လက်ချက်ကြောင့် ပြည်သူနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ခန့် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။