
ကယားပြည်နယ်တွင် မေ ၂၁ မှ မေ ၃၁ အထိ ၁၀ ရက်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၇၆ ဦးထက်မနည်းရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ကရင်နီဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးဖိနှိပ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အခြေအနေ တင်းမာသထက် တင်းမာလာကာ ကရင်နီလူမျိုးများနေထိုင်ရာ ကယားပြည်နယ်တွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားသည်အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ကယားပြည်နယ်အတွင်းရှိ မြို့နယ်အချို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖြစ် ပေါင်းစည်းဖွဲ့စည်းကာ အာဏာသိမ်းစစ်ကောင်စီကို အင်အားအလုံးအရင်းဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်။
လက်နက်အင်အား သာလွန်ကောင်းမွန်သော်လည်း ကရင်နီပြည်သူလူထု၏ စုဖွဲ့ခုခံတော်လှန်မှုကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံး ကြီးမားလျက်ရှိရာ မေ ၂၁၊ ၂၃၊ ၂၅ နှင့် ၃၁ ရက်နေ့များ ဖြစ်ပွားခဲ့သော အပြင်းအထန် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အမြောက်အမြား သေဆုံးခဲ့ရသည်။
“နံပါတ်တစ်က သူတို့ နယ်မြေမကျွမ်းဘူး။ နယ်မြေမကျွမ်းတော့ သူတို့ တအားခံရတာပေါ့” ဟု ဒီးမော့ဆိုရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
စစ်ကောင်စီဘက်မှ ၃၀ သေဆုံးခဲ့သည့် မေ ၂၁ ရက်နေ့

ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မေ ၂၁ ရက်တွင် စစ်တပ်ကို ပြောက်ကျားနည်းဖြင့် ပထမဦးဆုံး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထိုနေ့နံနက်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးနှင့် မာနာပလော့ ရပ်ကွက်များအတွင်း တိုက်ပွဲစတင်ခဲ့ပြီး စစ်တပ်ဘက်က သုံးဦးသေဆုံးခဲ့သည်။
ထိုနေ့မွန်းလွဲပိုင်းတွင် လွိုင်ကော် – ဒီးမော့ဆိုလမ်းမဘေးရှိ ညောင်ကိုင်းရွာအနီး၌ စစ်ကားသုံးစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တားဆီးတိုက်ခိုက်ရာတွင် စစ်သား ၂၇ ဦး သေဆုံးခဲ့သည်။ စစ်ကားများလာရာ လမ်းတွင် ရှော့တိုက်မိုင်းဖြင့် စတင်တိုက်ခိုက်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့သုံးနေကျ ရှော့မိုင်းနဲ့ စပြီးခွဲတာပေါ့။ ရှော့မိုင်းနဲ့တိုက်ပြီးမှ ထပ်ပစ်တာလေ။ နာရီပိုင်းလောက်တောင် မရှိဘူးပေါ့နော်။ မိနစ် ၃၀ လောက်အတွင်း ကျဆုံးတာပေါ့နော်” ဟု ညောင်ကိုင်းရွာအနီးတွင် စစ်ကားသုံးစီးကို တိုက်ခိုက်ခဲ့ပုံနှင့် ပတ်သက်၍ ၎င်းက ပြောသည်။
ညောင်ကိုင်းရွာအနီးတိုက်ပွဲတွင် မီးရှို့ဖျက်ဆီးခံရသည့် စစ်ကားသုံးစီး၏ ဓာတ်ပုံများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ထိုနေ့တွင် ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းအချို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်များကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပထမဆုံးထိုးစစ်စတင်ခဲ့သည့် မေ ၂၁ တွင် စစ်ကောင်စီဘက်မှ စုစုပေါင်း အနည်းဆုံး ၃၀ ဦးသေဆုံးခဲ့သည်။
မေလ ၂၂ ရက်တွင် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီ၏ ဒေါတဝီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သည်။ ထိုသို့ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်သားများက ထွက်ပြေးခဲ့သဖြင့် အကျအဆုံးမရှိခဲ့ပေ။
မိုးဗြဲမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခြင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ မိုးဗြဲမြို့မရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေ ၂၃ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ၄ ဦးကို အရှင်ဖမ်းမိခဲ့သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ဓာတ်ပုံများ၊ ရုပ်သံဖိုင်များတွင် လက်လုပ်သေနတ်မျိုးစုံ ကိုင်ဆောင်ထားသော ကရင်နီလူငယ်များက ငြာသံပေးအော်ဟစ်ကာ ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများ ပြန့်ကျဲနေသည်ကိုလည်း တွေ့ရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ဝန်းကျင်ရှိ မိုးဗြဲမြို့မရဲစခန်းကို ကြိုတင်ပြင်ဆင်ကာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အချိန်လေးနာရီခန့်ကြာ တိုက်ခိုက်ပြီးနောက် မိုးဗြဲရဲစခန်းကို မီးရှို့ကာ ဆုတ်ခွာခဲ့ကြောင်း ဝင်ရောက် တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထိုနေ့တွင် Myanmar Now ကို ပြောခဲ့သည်။
“သူတို့(ရဲစခန်း)ကင်းပုန်းနေရာတွေကို PDF က အကုန်လုံးမီးရှို့ဖျက်ဆီးပြီးတော့ သူတို့စစ်ကူလာတဲ့အချိန်မှာ ကျွန်တော်တို့ PDF ပြည်သူတွေ အကုန်လုံးလူစုခွဲပြီးသားဖြစ်နေပြီ” ဟု ၎င်းက ပြောသည်။ မိုးဗြဲရဲစခန်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။
ထိုနေ့ညနေပိုင်းတွင် ဒီးမော့ဆိုနှင့် လွိုင်ကော်ကြား ဒီးမော့ဆို − လွိုင်ကော်လမ်းမကြီးပေါ်ရှိ စံပြ ၆ မိုင်ရွာအနီး၌ လွိုင်ကော်ဘက်မှ ခြေလျင်ချီတက်လာသော စစ်သား ၃၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်သား ၃၀ ခန့် အနက် ၂၆ ဦး သေဆုံးကာ ကျန် ၄ ဦး လွတ်မြောက်သွားကြောင်း ပါဝင်တိုက်ခိုက်ခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။
“သူတို့ဘက်က ပစ်တယ်။ ဒါပေမဲ့ အင်အားမမျှတာပေါ့။ သူတို့က လမ်းမကြီးပေါ်မှာ ၃၀ လောက်ပဲ။ ကျွန်တော်တို့က နယ်မြေကျွမ်းတယ်။ သူတို့က အသစ်စက်စက်တွေ၊ ကယားပြည်နယ်ကမှ မဟုတ်တာ။ သူတို့က နယ်မြေရှင်းလင်းရေးပုံစံပြောမလား၊ စစ်ကြောင်းထိုးလာတာ။ စစ်ကူလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ဗျ။ သူတို့လုပ်နေတာ ကျွန်တော်တို့မသိနိုင်ဘူး။ ကျွန်တော်တို့ကတော့ တွေ့တာနဲ့ တွယ်တာပဲဆိုတော့” ဟု ၎င်းက ပြောသည်။
မေ ၂၃ ရက်က နံနက်ပိုင်း မိုးဗြဲမြို့မရဲစခန်းတိုက်ပွဲနှင့် ညနေပိုင်း စံပြ ၆ ရွာအနီးတိုက်ပွဲအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် စစ်ကောင်စီဘက်မှ အနည်းဆုံး ၄၁ ဦး သေဆုံးခဲ့သည်။
မေ ၂၅ ရက် ဒီးမော့ဆိုမြို့ပေါ်တိုက်ပွဲများ

ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက မေ ၂၅ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် သွားရောက်ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။ မြို့နယ်ရဲစခန်းအပြင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မြို့နယ်ထွေအုပ်ရုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းကိုလည်း တိုက်ခိုက်ခဲ့သည်။
ဒီးမော့ဆိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားရာ နေရာများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်နေစဉ် လွိုင်ကော်နှင့် ဒီးမော့ဆိုအခြေစိုက် ခမရ၊ ခလရ တပ်ရင်းများက လက်နက်ကြီးများ၊ အမြောက်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဘောစကိုက BBC သတင်းဌာနကို ပြောကြားထားသည်။
“ဒီးမော့ဆိုမှာရှိတဲ့ စစ်ကောင်စီတပ်နှစ်ခုတွင် မကဘူးပေါ့နော်။ လွိုင်ကော်ကနေလည်း သူတို့အဝေးပစ်တွေနဲ့ ပစ်တော့ တစ်နေကုန် လက်နက်ကြီးကျည်တွေ တော်တော်များများကျတယ်။ ပစ်တော့ ပြန်ဆုတ်လိုက် ရဲစခန်းနားပြန်ကပ်လိုက် ဒီလိုနဲ့ပဲ တစ်နေကုန်တာပေါ့” ဟု ဦးဘောစကိုက ပြောသည်။
မြို့နယ်ရဲစခန်းအပြင် စစ်ကောင်စီတပ်များ တပ်စွဲထားရာ နေရာများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းတိုက်ခိုက်ပြီး ညနေ ၆ နာရီခွဲလောက်တွင် ဆုတ်ခွာခဲ့ကြောင်း သွားရောက်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ အခြားသူတစ်ဦးက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့က အင်အားများတာပေါ့။ ဒါပေမယ့် လက်နက်ကွာတယ်လေ။ သူတို့က တင့်ကားပေါ်က လေယာဉ်ပစ်တဲ့ သေနတ်တွေနဲ့လည်းပစ်တယ်။ အမြောက်တွေနဲ့လည်းပစ်တယ်။ သူတို့မှာက လက်နက်စုံတယ်လေ။ လက်နက်ကြီးတွေရောပဲ” ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။
နံနက် ၅ နာရီမှ ညနေ ၆ နာရီကျော်အထိ တစ်နေကုန်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မေ ၂၅ ရက်နေ့ ဒီးမော့ဆိုမြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၅ ဦးထက်မနည်းကျဆုံးခဲ့သည်ဟု သိရသည်။
အကျအဆုံးအများဆုံးဖြစ်ခဲ့သည့် ကုန်းသာရွာတိုက်ပွဲ
ကရင်နီဒေသခံများနှင့် ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အကျအဆုံးအများဆုံးဖြစ်ခဲ့သည် မှာ မေ ၃၁ ရက်က ဖြစ်ပွားသည့် ဒီးမော့ဆိုမြို့အနီးက ကုန်းသာရွာတိုက်ပွဲဖြစ်သည်။ ဒီးမော့ဆိုမြို့အထွက် ငွေတောင်အနီးတွင် ဖြစ်ပွားသော ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက် အနည်းဆုံး ၈၀ နီးပါး သေဆုံးခဲ့သည်။
သုံးဖက်သုံးတန် ထိုးစစ်ဆင်လာသော အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်များကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိုမိုများပြားသော အင်အားဖြင့် နှစ်ဖက်ညှပ်ပိတ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နေ့ခင်းမွန်းလွဲ ၁၂ ခန့်မှ ညနေ ၆ နာရီအထိ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် အထိအခိုက်များလာသဖြင့် စစ်ကောင်စီက ရဟတ်ယာဉ်များ စေလွှတ်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က လူအင်အားများတော့ သူတို့ကို ညှပ်ပစ်တာလေ။ သူတို့ညှပ်မိနေပြီ။ သူတို့ တော်တော်လေး သေနေပြီ။ ဒါပေမယ့် လေယာဉ်နဲ့ကူပစ်တော့ ကျွန်တော်တို့ ဆုတ်လိုက်ရတယ်။ လေယာဉ်မလာဘူးဆိုရင် သူတို့သေနတ်တွေ ကျွန်တော်တို့ ကားနဲ့တောင် သယ်ရမှာ” ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် လွိုင်ကော်ရှိ အမှတ် ၃၅၆ အမြောက်တပ်ရင်းမှနေ၍ တိုက်ပွဲဖြစ်ပွားရာသို့ အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အနည်းဆုံး အလုံး ၅၀ ခန့် ပစ်ခတ်ခဲ့သည်ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။
နယ်မြေကျွမ်းကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောက်ကျားနည်းဖြင့် နှစ်ဖက်ညှပ်ပိတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကုန်းသာရွာတိုက်ပွဲတွင် လက်နက်အင်အား သာလွန်သော်လည်း စစ်ကောင်စီဘက်က အထိနာခဲ့ခြင်းဖြစ်သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
“ကျွန်တော်တို့ ကံကောင်းတာက စနိုက်ပါနှစ်လက်နဲ့ ထောက်ပစ်တာပေါ့။ ထွက်တဲ့ခေါင်းတွေ အကုန်ပစ်တော့ သူတို့ခေါင်းမဖော်ရဲတဲ့အချိန်မှာ နောက်ကနေထပ်ပစ်တော့ သူတို့အများကြီး ကျဆုံးတာပေါ့” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီဘက်က အကျအဆုံးများစွာဖြင့် အထိနာခဲ့သောကြောင့် စစ်ကောင်စီတပ်သည် ညပိုင်းတွင် ဂျက်တိုက်လေယာဉ်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
မေလ ၂၁ ရက်မှ ၃၁ ရက်အထိ အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၂၅ ဦးသေဆုံးခဲ့သည့်အပြင် တိုက်ပွဲများအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ၇ ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီဘက်တွင်မူ မေ ၂၁၊ ၂၃၊ ၂၅ နှင့် ၃၁ ရက်နေ့များက အပြင်းအထန်တိုက်ပွဲဖြစ်ပွားသော နေရာများတွင် သေဆုံးခဲ့သူ ၁၇၆ ဦးအပြင် အခြားနေရာများတွင်လည်း ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခံရသဖြင့် တစ်ဦးစ နှစ်ဦးစ သေဆုံးမှုများလည်း ရှိသည်ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြောရေးဆိုခွင့်ရှိသူကမူ ကယားပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ အနည်းဆုံး ၂၀၀ ကျော်သေဆုံးခဲ့ပြီဟု ဆိုသည်။
“KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) ကနေ စပြီးဖြစ်ပွားတဲ့ တိုက်ပွဲရယ်။ ပြီးတော့ KNDF နဲ့ ပေါင်းတိုက်တဲ့ပွဲရယ်၊ တချို့ဟာတွေ KNDF တစ်ဖွဲ့တည်း ဦးစီးတိုက်တဲ့ပွဲတွေမှာဆိုရင် စစ်ကောင်စီဘက်က ကျွန်တော်ထင်တယ် ၂၀၀ ကျော်၊ ၃၀၀ ကျော်လောက်ရှိပြီ” ဟု ၎င်းက ပြောသည်။