အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုအတွင်း ၄၀ ကျော်သေဆုံး ၊ ၈၀ ကျော် ဒဏ်ရာရ

စစ်ကော်မရှင်၏ တိုက်ခိုက်မှုအတွင်း ရခိုင်ဒေသရှိ ကလေးသူငယ်များ၊ လူနာများ၊ အရပ်သားများ၊ သက်ကြီး ရွယ်အိုများ သေဆုံးထိခိုက်မှုသည် နှစ်ရက်အတွင်း ဒါဇင်နှင့်ချီ ရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း သုံးမြို့နယ်ကို စစ်ကော်မရှင်တပ်က နှစ်ရက်ဆက် လေကြောင်းဗုံးကြဲ၊ ပစ်ခတ်ခဲ့မှုကြောင့် ကလေးများ အပါအဝင် ၄၁ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၈၅ ဦး အထိ ရှိလာသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်နေ့) ည ၇ နာရီခွဲခန့်အချိန်တွင် ကျောက်ဖြူမြို့နယ်၊ ငလုံးစု အထက်ရွာနှင့် အောက်ရွာကို ဗုံးနှစ်လုံးကြဲချခဲ့ရာ ဒေသခံ  အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ရှစ်ဦး သေဆုံးသွားသည်။ 

အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး နှစ်ဦးဒဏ်ရာရသွားသည်ဟု ဒေသခံများနှင့် AA သတင်းနှင့်ပြန်ကြား ရေးထံက ယနေ့ မွန်းတည့်ချိန်က သိရသည်။ 

“ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ ရှစ်ဦး သေဆုံးပြီးတော့ ကိုးဦး အပြင်းထန်ဒဏ်ရာရတာရှိပါတယ်။ စစ်ဖက်နှင့်မဆိုင်တဲ့ အရပ်သားပြည်သူတွေ နေတဲ့ရွာတွေကိုပစ်မှတ်ထားတိုက်ခိုက်တာကတော့ အလွန်သူရဲဘောကြောင်အောက်တန်းကျတဲ့လုပ်ရပ် ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာလည်း ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ကျောက်ဖြူအခြေအနေကို ယနေ့ မွန်းလွဲက ပြောသည်။ 

ယင်းနေ့ နံနက် ၉ နာရီ ၂၂ မိနစ်အချိန်တွင်လည်း ဂွမြို့ကို လေယာဉ်၊ စစ်ရေယာဉ်များက ဗုံးများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ယမန်နေ့က ဖြစ်ပွားသော အဆိုပါ တိုက်ခိုက်မှုနှစ်ခုအတွင်း အသေးစိတ်အခြေအနေများကို Myanmar Now က စုံစမ်းနေဆဲ ဖြစ်သည်။

အလားတူ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြောက်ဦးမြို့ မြောက်ဘက် ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အဆင့်ဆေးရုံကြီးကို လေယာဉ် နှစ်စီးက ညအချိန် ဗုံးကြဲချခဲ့ရာ သုံးလသား မိန်းကလေးတစ်ဦး အပါအဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေ သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ အပါအဝင် အရပ်သား  ၇၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့ညက ထုတ်ပြန်သည်။ 

လေကြောင်းတိုက်ခိုက်မှု ဒဏ်ရာရသူများထဲတွင် AA ၏ ဆေးဝန်ထမ်းအချို့ပါဝင်ကြောင်း သိရသည်။

ဆေးရုံဝင်းအတွင်းရှိ ဆေးရုံပင်မဆောင်၊ ခွဲစိတ်ဆောင်၊ အရိုးဆောင်၊ အဓိက ခွဲစိတ်ခန်းမ အပါအဝင် ဆေးရုံအတွင်းရှိ ဝန်ထမ်းအိမ်ရာ  အစရှိသည်ဖြင့် ဆေးရုံကြီးတစ်ခုလုံးနီးပါး ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် စစ်ဘက်မဟုတ်သော အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေ ကြောင်း AA က ဆိုသည်။

၎င်း၏အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသော ရခိုင်ဒေသအတွင်း အဆိုးဝါးဆုံး စစ်ရာဇဝတ်မှုဖြစ်သလို အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရခဲ့သော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။  

ထိုသို့တိုက်ခိုက်မှု ကျူးလွန်သူ၊ ကျူးလွန်ရန် စေခိုင်းသူနှင့်ပါဝင်ပတ်သက်သူများအားလုံးကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဟု AA က ပြောထားသည်။ ကျူးလွန်ခဲ့သူများကို ထိထိရောက်ရောက် အရေးယူနိုင်ရန် နိုင်ငံတကာနှင့် ကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများကို AA က အကူအညီတောင်းခံထားသည်။

“ ကျွန်တော်တို့ ULA/AA အနေနဲ့ကတော့ ကျွန်တော်တို့ပြည်သူတွေ တရားမျှတမှုရှိဖို့အတွက် ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာဟူသမျှကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးခိုင်သုခ က ပြောသည်။

မြောက်ဦးလေကြောင်းတိုက်ခိုက်မှုမှ သေဆုံးသူအချို့။ (ဓာတ်ပုံ- ဖဒူ ထွန်းအောင်/ Myanmar Now)

ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ကြက်ခြေနီအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများက ရှုတ်ချကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြသည်။

မကွေးတိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တစ်ဖွဲ့ဖြစ်သော  မကွေးလူထုတိုက်ပွဲကော်မတီမှ ကိုချစ်ဝင်းမောင်က ရခိုင်ဒေသနှင့် ထိစပ်နေသော မကွေးတိုင်းမှ လူထုကလည်း ရခိုင်လူထုနှင့် တစ်သား တည်းရှိကြောင်း ဆိုသည်။ 

“ ဖြစ်စဉ် ဖြစ်ပွားသွားတဲ့နေ့ရက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်တယ်။ လူ့အခွင့်အရေးနေ့မှာပဲ ပြည်သူ့ဆေးရုံတစ်ရုံကို လေကြောင်းတိုက်ခိုက်တယ်ဆိုတာ စစ်အုပ်စုရဲ့ ထပ်ပြီးတော့ လေကြောင်း တိုက်ခိုက်မှုကြီးတစ်ခုကို ကျူးလွန်လိုက်တာပဲ။ တနည်းအားဖြင့် တစ်နိုင်ငံလုံးက ပြည်သူတွေကိုရော ၊ တစ်ကမ္ဘာလုံးက ပြည်သူတွေကိုရော ဘယ်လိုမျိုး လူ့အခွင့်အရေး စံနှုန်းတွေကိုမှ လက်မခံဘူးဆိုပြီး စစ်ရာဇဝတ်ဂိုဏ်း တစ်ခုက ပြောင်ပြောင်တင်းတင်းထပ်မံ စိန်ခေါ်လိုက်တာပဲလို့ မြင်တယ်” ဟု ကိုချစ်ဝင်းမောင်က ပြောသည်။ 

“ ကျွန်တော်တို့ မကွေးဒေသဟာ အာရက္ခပြည် (ရခိုင်ပြည်) နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ အတူတူ ရုန်းကန်ခဲ့ရတဲ့ဒေသဖြစ်တော့ ဒီဖြစ်ရပ်ပေါ်မှာ ပိုပြီးတော့ ရင်နင့်ကြေကွဲရပါတယ်။ နာကျင်ခံခက် ဖြစ်ရပါတယ်” ဟု ၎င်းက ဆိုသည်။

ဘုံရန်သူဖြစ်သော စစ်တပ် ပြုတ်ကျအောင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ရခိုင်ပြည်သူများနှင့် အတူ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

AA ထိုးစစ် စတင်ခဲ့သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ အထိ နှစ်နှစ်အတွင်း  ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝဒေသများ၌ လေကြောင်း အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အရပ်သား တစ်ထောင်ကျော် (၁၁၅၂ ဦး) သေဆုံးခဲ့ရပြီး ၂၀၀၀ ကျော် (၂၁၅၃ ဦး) ဒဏ်ရာရရှိကာ မတရားဖမ်းဆီးခံရသူ ၁၀၃၄ ဦး ရှိခဲ့ကြောင်း AA ၏ ဒီဇင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲ ပဋိပက္ခကြောင့် နိုင်ငံတစ်ဝန်း အရပ်သားများအပေါ် ထိခိုက်လျက်ရှိပြီး နေရပ် စွန့်ခွာထွက်ပြေးရမှုများ ဆက်လက် ဖြစ်ပေါ်နေပြီး လူပေါင်း ၃ ဒသမ ၆ သန်း စစ်ရှောင်နေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က နိုဝင်ဘာလ ၂၆ ရက်နေ့ က ထုတ်ပြန်ထားသည်။ 

မြောက်ဦးမြို့သည် ရခိုင်ဘုရင်များနောက်ဆုံးနန်းစိုက်ခဲ့သည့် ရှေးဟောင်းမြို့ဖြစ်သည်။ ထိုမြို့တွင် ဘုရား၊ ပုထိုးများစွာရှိပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (ယူနက်စကို) ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသည်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းမှစ၍ AA က ထိန်းချုပ်ထားရာ အချိန်ကာလအားဖြင့် နှစ်နှစ်နီးပါး ရှိနေပြီဖြစ်သည်။

မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိသည့် ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်မှလွဲ၍ ကျန် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်၊ ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။

စစ်တပ်သည် ရှမ်းမြောက်ဒေသရှိ တအာင်းတပ် (TNLA) နှင့် အပစ်အခတ်ရပ်စဲပြီးနောက် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ AA ထိန်းချုပ်နယ်မြေများကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်ခဲ့သည်။

ရခိုင်ပြည်နယ်လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်ကော်မရှင်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသော်လည်း စစ်တပ်ဝါဒဖြန့်သူများက AA ပစ်မှတ်များ ဖြစ်ကြောင်း ဖော်ပြနေကြသည်။

ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်၊ ငလုံးစု အထက်ရွာနှင့်အောက်ရွာအတွင်း သေဆုံးထိခိုက်သူများသည် AA တပ်ဖွဲ့ဝင်များ၊ တပ်သားသစ်စုဆောင်းခံထားရသူများ သေဆုံးခဲ့ကြောင်း ၎င်း ဝါဒဖြန့်သူများက ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်ခံရသော ရခိုင်ဒေသပြမြေပုံ။

Related Articles

Back to top button