သတင်း

ကျောက်ပန်းတောင်း၌ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ဆေးကုခွင့်မရဘဲ သေဆုံး

မန္တလေးတိုင်း ကျောက်ပန်းတောင်မြို့ပေါ်တွင် ယမန်နေ့ (ဇွန် ၄) က ဆိုင်ကယ်ဖြင့် သွားလာနေသူ သုံးဦးကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့ရာ သေနတ်ကျည်ဆန်ထိမှန်ခဲ့သူ အမျိုးသားတစ်ဦးမှာ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ 

ယမန်နေ့ည ၈ နာရီဝန်းကျင်က ကျောက်ပန်းတောင်း မြို့မကွက်သစ်ရပ်ကွက်အနီးရှိ မြို့နယ်ပညာရေးမှူးရုံး၌ တပ်စွဲထားသည့် စစ်တပ်က လမ်းပေါ်သွားလာသူများကို လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

“လူငယ်သုံးယောက်က ဆိုင်ကယ်နဲ့ အိမ်ပြန်ကြတာကို လိုက်ပစ်တာ။ အလယ်က (စီးတဲ့သူ) တစ်ယောက် ကို မှန်သွားတယ်။ ဗိုက်ပွင့်သွားတာ။ သေနတ်မှန်တဲ့သူက ၁၁ လောက်မှာ ဆုံးသွားတယ်။ သူနဲ့အတူတူပါတဲ့ နှစ်ယောက်ကိုတော့ ဖမ်းထားတယ် “ဟု မြို့ခံလူမှုကူညီရေးအသင်းသားတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆေးကုသခွင့်မရဘဲ ဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့သူမှာ  ကျောက်ပန်း တောင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူ အသက် ၃၇ နှစ်အရွယ် ကိုသော်ဇင် (ခ) ကိုသော်သော်ဖြစ်ပြီး ၎င်းမှာ အမျိုးသမီးကဲ့သို့ ပြုမူနေထိုင်သူဖြစ်သည်ဟု သိရသည်။ 

ကိုသော်ဇင်မှာ စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် လက်မောင်းနှင့် နံကြားကို ကျည်ဆန်သုံးချက်ထိမှန်ခဲ့ပြီး အချိန်မီဆေးကုသခွင့်မရသောကြောင့် သေဆုံးခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“သော်သော် သေနတ်မှန်တယ်ဆိုတော့ အိမ်ကလူတွေက ဆေးရုံလိုက်ကြတယ်။ ဆေးရုံက နေပြည်တော်ကို လွှဲတယ်။ သူတို့ (စစ်တပ်)က နေပြည်တော်ကို မပို့ဘဲနဲ့ မိတ္ထီလာစစ်ဆေးရုံကို ပို့တယ်။ စစ်သားတွေက ကားပေါ်တက်ပြီး သော်သော်ကို စမ်းသပ်ပြီးတော့ နေပြည်တော်ကို ထပ်လွှဲတယ်တဲ့။ ဒီကသွားတဲ့ စစ်သားတွေက နေပြည်တော်သွားမရဘူးဆိုပြီးတော့ ကားထပ်ငှားနေတာနဲ့ အချိန်တွေကြာသွားပြီ။ သွေးတွေလွန်သွားမှာပေါ့။ နေပြည်တော်သွားတဲ့လမ်းမှာ သေသွားတာ” ဟု မိသားစုဝင်က ပြောသည်။

မိတ္ထီလာစစ်ဆေးရုံသို့ ည ၁၁ နာရီဝန်းကျင်ခန့်တွင် ရောက်ရှိခဲ့သော်လည်း ဆေးနှင့် ကိရိယာများမရှိသဖြင့် ကုသပေး၍ မရဟု စစ်သားများက အကြောင်းပြခဲ့ကြောင်း၊ ကားထပ်ငှား၍ နေပြည်တော်သို့ သွားစဉ် ပျော်ဘွယ်မြို့အနီးအရောက် နံနက် ၃ နာရီခန့်က သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကိုသော်သော်၏ ရုပ်အလောင်းကို သွားရောက်ထုတ်ယူခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

မိသားစုဝင်နှစ်ဦးကိုသာ ခေါ်၍ ကိုသော်သော်ရုပ်အလောင်းကို ကျောက်ပန်းတောင်းသုသာန်တွင် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် သင်္ဂြိုဟ်လိုက်သည်ဟု သိရသည်။

“သော်သော်ဆုံးပြီလို့ လှမ်းဖုန်းဆက်တော့ အိမ်ကလူတွေက နာရေးလုပ်ဖို့ စီစဉ်စရာရှိတာ စီစဉ်နေပြီး စောင့်နေတာ။ မိတ္ထီလာကနေအထွက် ကျောက်ပန်းတောင်းအဝင်ရောက်တော့ ဆေးရုံကို အရင်သွားမယ်လို့ ဖုန်းထပ်ဆက်တယ်။ ဆေးရုံကို ရပ်ရုံလောက်ရပ်ပြီးတော့ သင်္ဂြိုဟ်စက်ကို တစ်ခါတည်းသွားတာ။ မိသားစုဝင်တောင် နှစ်ယောက်လောက်ပဲ လိုက်လို့ရတယ်။ ရဲရဲဝံ့ဝံ့မငိုရဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ကိုသော်သော်နှင့်အတူ ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button