
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရွှေအောင်သာရွာတွင် ယနေ့( ဇွန် ၃) မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ သုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။
ချင်းပြည်နယ်- မကွေးတိုင်းနယ်စပ်ရှိ ထိုရွာသို့ စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့ပြီး နောက်တစ်နေ့ မနက် ၅ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
လက်နက်အင်အား မမျှသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နောက်ဆုတ်ခဲ့ရသည်ဟု ဆိုသည်။
“ (မနက်) ၇ နာရီလောက်ကျ သူတို့က လက်နက်ကြီးတွေထုတ်သုံးတော့ ကျွန်တော်တို့လူတွေ ပြန်ဆုတ်လာတာပေါ့။ ကျွန်တော်တို့က တူမီးတွေနဲ့ဆိုတော့ အနီးကပ်သွားပစ်ရတာပေါ့။ သူတို့လည်း လက်နက်ကြီးတွေထုတ်လာတော့ ကျွန်တော်တို့လည်းပြန်ဆုတ်လာတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
တစ်နာရီခွဲနီးပါးကြာမြင့်သည့် တိုက်ပွဲအတွင်း မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သူက ဆက်ပြောသည်။
စစ်တပ်ဘက်မှ အနည်းဆုံး ၃ ဦးမှ ၇ ဦးထိ သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ထိုအဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့အနီးရှိ ကျေးရွာများတွင် စစ်တပ်က အထိုင်ချတပ်စွဲရန် ကြိုးပမ်းနေ၍ တိုက်ပွဲများ ပြန်ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် မေ ၃ က ချင်းပြည်နယ်နှင့် ထိစပ်နေသည့် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ပညာရေးမှူးရုံးတွင် ဖြစ်ပွားခဲ့သော လက်လုပ်မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထီးလင်းမြို့မှ ၃ မိုင်ခန့်အကွာ ထန်းပင်ကုန်းရွာသို့ ရဲနှင့် စစ်တပ်က လာရောက်ရှာဖွေရာ၌ ဒေသခံများနှင့် စစ်တပ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံနှစ်ဦးနှင့် စစ်ကောင်စီတပ်ဘက်မှ ၄ ဦးထက်မနည်း သေဆုံးခဲ့သည်။
ယင်းတိုက်ပွဲနှင့် ပတ်သက်ပြီး ထီးလင်းမြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်ရန်ပြုတိုက်ခိုက်ကြောင်း၊ အကြမ်းဖက်အဖွဲ့မှ အမျိုးသားသုံးဦးသေဆုံးပြီး ထန်းပင်ကုန်းရွာမှ အသက် ၂၉ နှစ်အရွယ် နေမျိုးအောင်ဆိုသူအား ဒဏ်ရာများဖြင့် ဖမ်းမိကြောင်း စစ်ကောင်စီက မေ ၄ တွင် သတင်းထုတ်ပြန်ခဲ့သည်။
မကွေးတိုင်းအနောက်မြောက်ပိုင်းရှိ ထီးလင်းမြို့နယ်ကဲ့သို့ပင် စစ်ကိုင်းတိုင်းအနောက်ပိုင်းရှိ မြို့နယ်များအပါအဝင် ဆက်စပ်လျက်ရှိသော ချင်းပြည်နယ်မြို့နယ်များတွင် ဒေသခံများက အာဏာသိမ်းစစ်ကောင်စီတပ်များကို ရရာလက်နက်ဖြင့် ပြန်လည်ခုခံနေကြသည်။
အထူးသဖြင့် ချင်းပြည်နယ် ဟားခါး၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်တို့တွင် စစ်တပ်၏ ဖိနှိပ်မှုများကို ဒေသခံများဖြင့် စုဖွဲ့ထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရရာလက်နက်စွဲကိုင်ပြီး ခုခံနေကြသည်။
ပြီးခဲ့သည့် ဇွန် ၁ က ဟားခါး – မတူပီလမ်းကြား ဆူရ်ခွာမြို့အနီး စစ်တပ်နှင့် ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ကာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ထုတ်ပြန်ခဲ့သည်။
ယင်းတိုက်ပွဲတွင် CDF ဘက်မှ တစ်ဦး ရင်ဘတ်တွင် ကျည်ထိမှန် သေဆုံးခဲ့သည်။
ဇွန် ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သုံးရက်အတွင်း ချင်းပြည်နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးထက်မနည်း သေဆုံးခဲ့သည်။
စစ်တပ်ကို အပြင်းအထန်ခုခံနေသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက မေ ၁၃ တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် မြို့ခံတစ်သောင်းကျော်သည် နီးစပ်ရာကျေးရွာများနှင့် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။