ဆောင်းပါး

အာဏာသိမ်းပြီး ၄ လ အကြာတွင် ပြောင်းလဲလာသော အန်တုမှုများ  

ဖေဖော်ဝါရီနှင့် မတ်လအတွင်း လူဦးရေ ထောင်သောင်းချီသည့် ဆန္ဒပြပွဲများကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တို့ ပစ်ခတ်ဖြိုခွင်းပြီးသည့်နောက် အာဏာသိမ်းမှု ၄ လ ပြည့်ချိန်တွင် ထိုလှုပ်ရှားမှုကို ရန်ကုန်မြို့တွင် မမြင်ရတော့ပေ။

လမ်းပေါ် ရုတ်တရက်ထွက်ပြီး ခဏတာ ဆန္ဒပြပြီး လူစုခွဲသွားသည့် လူအုပ်စုတချို့ကို တစ်ခါတစ်ရံ တွေ့နိုင်သလို ရန်ကုန်မြို့အနှံ့ ကင်းလှည့်နေသည့် စစ်ကောင်စီလက်နက်ကိုင်များတင်ဆောင်လာသော ကားများကို တွေ့နိုင်သည်။ 

၀င်ထွက်သွားလာသူ အနည်းငယ်သာရှိပြီး ဆိုင်ခန်းတချို့ ဆက်လက်ပိတ်ထားဆဲဖြစ်သည့် ပန်းဘဲတန်းမြို့နယ်မှ နာမည်ကျော် Junction City ဈေးဝယ်စင်တာကြီးတွင် ကိုဗစ်နိုင်တင်းကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးအသုံးပြုခိုင်းခြင်း မရှိတော့သလို နှာခေါင်းစည်း တပ်ဆင်မထားသူကိုလည်း ဝင်ခွင့်ပြုနေသည်ကို တွေ့ရသည်။

သို့သော်လည်း စင်တာအဝင်ဝတွင် လုံခြုံရေးဝန်ထမ်းတို့က ဝင်လာသူများ၏ ကျောပိုးအိတ်၊ လက်ကိုင်အိတ်များကို ရှာဖွေပြီး သတ္တုရှာကိရိယာဖြင့်လည်း စစ်ဆေးနေသည်။ 

ပုံမှန်အခြေအနေပြန်ရောက်ရန် အဆင်သင့်မဖြစ်သေးသော ရန်ကုန်မြို့တွင် ပေါ်ပေါက်နေသည့် ဖြစ်ထွန်းမှုမှာ ဗုံးဖောက်ခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဖြစ်ပွားနေရာ ကိုရိုနာဗိုင်းရပ်စ်ရန်ထက် ပစ်ခတ်၊ တိုက်ခိုက်မှုကို ပိုပြီး ကြိုတင်ကာကွယ်နေကြကြောင်း တွေ့ရသည်။ 

အများပြည်သူ သွားလာနေသည့် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းအား မေ ၁၅ က တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied) 

ပစ်မှတ်မျိုးစုံ

ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေရာ ရန်ကုန်မြို့ရှိ မြို့နယ်အလိုက်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြည်သူလူထု တတ်နိုင်သမျှ အပြင်မထွက်ကြရန် တိုက်တွန်းနေကြသည်။ 

ပစ်မှတ်က မည်သူမဆို ဖြစ်သွားနိုင်သည်။

မေလအတွင်း မန္တလေးနှင့် ရန်ကုန်ရှိ မင်္ဂလာဆောင် ၂ ခုတွင် ပေါက်ကွဲမှုများဖြစ်ရာ ရန်ကုန်တွင် သတို့သမီးအပါအဝင် သုံးဦးသေဆုံးသည်။ အစွန်းရောက်အမျိုးသားရေးသမား သတို့သမားမှာ ထိခိုက်ခြင်း မရှိပေ။  

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ဥက္ကဋ္ဌ ဦးမြင့်ဆွေသည် မေ ၂၇ တွင် သေနတ်သမားတစ်ဦး၏ လက်ချက်ကြောင့် သေဆုံးသွားသည်။

ထိုနေ့တွင်ပင် ရန်ကုန်၊ သာကေတမြို့နယ်တွင် တစ်မနက်အတွင်း ဗုံးရှစ်လုံးပေါက်ကွဲပြီး ရာအိမ်မှူးတစ်ဦး ပစ်ခတ်လုပ်ကြံခံရသည်။ အမှတ် (၂) ရဲစခန်း၌ ဗုံးနှစ်လုံး အချိန်ခြား၍ ပေါက်ကွဲသဖြင့် ပထမအလုံးပေါက်ကွဲချိန်၌ ထွက်ကြည့်သည့် ရဲနှင့် စစ်သားအချို့ ဒဏ်ရာရသွားသော်လည်း စစ်ကောင်စီက ထိုသတင်းများကို အမှောင်ချထားသည်။

လက်နက်အပြည့်အစုံကိုင်ဆောင်ထားသော စစ်ကောင်စီတပ်သားများ ဌာနဆိုင်ရာရုံးတချို့တွင် တပ်စွဲထားကြပြီး  တပ်သားတချို့က သဲအိတ်များ မြင့်မြင့်ကာရံပြီး ကင်းစောင့်နေကြသည်။ 

တိုက်ခိုက်မှုများတွင် လက်နက်ကိုင်အန်တုသူတို့၏ လက်ချက်ပါဝင်သလို အာဏာသိမ်းစစ်ကောင်စီတပ်များ၏ လက်ရာလည်း ပါဝင်နိုင်ကြောင်း စာနယ်ဇင်းသမား ဦးစည်သူ‌အောင်မြင့်က သုံးသပ်သည်။ 

ရန်ကုန်ရှိ “ညမထွက်ရအမိန့်” ထုတ်ထားပြီး စစ်သားနှင့် ရဲများ ကင်းလှည့်နေသည့် ရန်ကုန်တွင် ကုန်တိုက်ကြီးနှစ်ခု မီးလောင်ကျွမ်းသွားခဲ့ရာ စစ်ကောင်စီက CNN သတင်းအဖွဲ့ကို ထိုမီးလောင်ပြင်သို့ ခေါ်သွားပြီး အဖျက်သမားများ၏ လုပ်ရပ်ဟု စွပ်စွဲရှင်းပြခဲ့သည့် အဖြစ်အပျက်ကို  ဦးစည်သူ‌အောင်မြင့်က ထောက်ပြသည်။ 

“စစ်ကောင်စီဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှေ့ကဖြစ်စဉ်တွေကြည့်လိုက်ရင် အဆိုးဆုံးက ပြည်သူလူထုကို ပစ်သတ်တာတို့ ဘာတို့ပေါ့နော်၊ ကျန်တဲ့ဟာတွေလည်း အကုန်လုပ်တယ်၊ CNN သတင်းထောက်အမျိုးသမီး မလာခင်တုန်းကဆိုရင် ကုန်တိုက်နှစ်ခုကို မီးရှို့တာတွေ ဘာတွေ လုပ်တယ်။ အဲဒီလိုလုပ်တာတွေနဲ့ ပတ်သက်ရင် အားလုံး ကျယ်ကျယ်ပြန့်ပြန့် နားလည်တာက သာမန်ပြည်သူတွေက အပြင်ကနေ မီးကွင်းပစ်တာတို့ ဘာတို့ သွားလုပ်လို့ရတဲ့ အနေအထားမျိုး မဟုတ်ဘူး” ဦးစည်သူ‌အောင်မြင့်က ပြောသည်။ 

စစ်သားနှင့် ရဲတို့ ပစ်မှတ်ထားခံရမှုမှာ ၎င်းတို့ကို မကျေနပ်သူတို့၏ လက်ချက်ဖြစ်နိုင်သည်ဟု သူက ဆက်ပြောသည်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့ အများစုက သတ်ဖြတ်ဖမ်းဆီးမှုတွေကို မခံမရပ်နိုင်တဲ့ အင်အားစုတွေပေါ့နော်။ အဲ့ဒီဘက်ကနေ လုပ်တာဆိုရင် သူတို့မှာက လက်နက်တွေဘာတွေ ရှိတာမဟုတ်ဘူး။ အဲ့ဒီတော့ အလွယ်တကူရတဲ့ ပစ္စည်းတွေ ဆက်စပ်ပြီးလုပ်တာဆိုတော့ လက်လုပ်ဗုံးတွေက လွယ်တယ်ဆိုတော့ နောက်ပိုင်းမှာ ဒီလိုဖြစ်စဉ်က ပိုတောင် များလာမယ်ထင်တယ်” ဟု ဦးစည်သူ‌အောင်မြင့်က သုံးသပ်သည်။

ပုံမှန်ပြန်မဖြစ်သေး

ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းတွင် ခရီးသည်တင်ကားနှင့် ကိုယ်ပိုင်ကားများ မေ ၁၅ ၌ သွားလာနေစဉ်။ (ဓာတ်ပုံ-Supplied)

စီးပွားရေးကောင်းမွန်စေရန် ဆောင်ရွက်နေသည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း စီးပွားရေးမြို့တော် ရန်ကုန်၏ အစည်ကားဆုံးနေရာများတွင် ပါ၀င်သည့် ကျောက်တံတား၊ ပန်းဘဲတန်းမြို့နယ်များဝန်းကျင်တွင်  ယခင်လို စည်ကားခြင်းမရှိပေ။ လမ်းဘေးဈေးသည်များ နည်းပါးနေသေးသလို လမ်းသွယ်များအတွင်းတွင်လည်း ဆိုင်တချို့ ပိတ်ထားသည်ကို တွေ့ရသည်။

အာဏာမသိမ်းခင်က တစ်လီတာ ၅၅၀ စျေးရှိသော ဓာတ်ဆီသည် ယခုအခါ ၁,၀၀၀ ကျပ်ဝန်းကျင်အထိ ဖြစ်လာသည်။ စက်သုံးဆီဈေးကြောင့် ကျန်သည့် ဆက်စပ်ပစ္စည်းများ၊ ဝန်ဆောင်ခများလည်း စျေးနှုန်းမြင့်တက်လာကြသည်။

အာဏာမသိမ်းခင်က ရန်ကုန်၏ အဆင်ပြေစပြုနေသည့် ဘတ်စကားလိုင်းစနစ်သည်လည်း ယာဉ်လိုင်းစီမံခန့်ခွဲသည့် ကော်မတီကို စစ်ကောင်စီက ဖျက်သိမ်းလိုက်သော်လည်း အစားထိုးစီမံနိုင်ခြင်း မရှိသဖြင့် အများပြည်သူသွားလာရေး ကမောက်ကမဖြစ်သွားသည်။   

ယခင် ညနေပိုင်းမှပိတ်သည့် ရန်ကုန်၏ အထင်ကရ စကော့ဈေး ခေါ် ဗိုလ်ချုပ်အောင်ဆန်းစျေးသည်လည်း ခြောက်ကပ်တိတ်ဆိတ်လျက်ပင်။

ဗိုလ်ချုပ်ဈေးတွင် ဆိုင်အတော်များများက  မနက်ပိုင်းသာ ဈေးထွက်ကြပြီး မွန်းတည့် ၁၂ နာရီ နောက်ပိုင်းတွင် ပိတ်ထားကြသည်။ ဆိုင်စောစောပိတ်သည့် အကြောင်းရင်းကို အတိအကျမသိရပေ။

“ကျွန်မတို့လည်း ပုံမှန်ဆို ပိတ်တယ်။ ဒီနေ့က ဈေးလာဝယ်မယ့်သူရှိလို ဆိုင်လာဖွင့်ပေးတာ” ဟု ဗိုလ်ချုပ်ဈေးအတွင်း အလှကုန်ပစ္စည်းများရောင်းချသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းလမ်းဆုံရှိ ဒဂုံစင်တာတွင် ဆိုင်ခန်းအနည်းစုသာ ဖွင့်ကြပြီး အရောင်းပါးလွန်းသည်ဟု အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။   

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ဆက်လက်ထိန်းချုပ်ရန် လိုအပ်သည်ဟု ကိုဗစ်နိုင်တင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက မေ ၂၉ တွင် ကြေညာထားသည်။ မေ ၃၀ ရက်နေ့က ၉၁၂ ဦးကို စစ်ဆေးရာ ၄၅ ဦးတွင် ရောဂါပိုးရှိကြောင်း တွေ့ရသဖြင့် နှာခေါင်းစည်းတပ်ပြီး ခပ်ခွာခွာ ဆက်နေကြရန် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

သို့သော်လည်း လမ်းမများပေါ်တွင် ကင်းလှည့်နေသော လက်နက်ကိုင်များ၊ ညဘက်သံပုံးတီးမှု၊ မြို့နယ်အများအပြားတွင် အာဏာဖီဆန်သူတို့ ဖမ်းဆီးခံရမှု၊ ထိန်းသိမ်းခံရစဉ် သေဆုံးမှုတို့ ရှိနေသည့်အပြင် ယခုနောက်ဆုံး လက်နက်ဖြင့်တိုက်ခိုက်မှု ခပ်စိပ်စိပ်ဖြစ်ပေါ်နေချိန်တွင် ကူးစက်ရောဂါကာကွယ်ရေးကို အာရုံစိုက်မှုနည်းပါးလာကြသည်။

ကုန်တိုက်ကြီးများတွင် ရောက်လာသူတို့ကို အပူချိန်တိုင်းစစ်ဆေးခြင်း၊ လက်သန့်ဆေးဖြင့် လက်ဆေးစေရန် တိုက်တွန်းခြင်းတို့ သိသိသာသာ အားနည်းလာသည်။ 

သတင်းအမှောင်ချထားလိုသော စစ်ကောင်စီက ရုပ်သံပရိသတ် ကျယ်ကျယ်ပြန့်ပြန့်ရှိသော DVB နှင့် မဇ္ဈိမသတင်းလိုင်းများ ဖမ်းယူကြည့်ရှုနိုင်သည့် PSI စလောင်းများကို နိုင်ငံအနှံ့တွင် လိုက်လံပိတ်ပင်ခဲ့သည်။ 

မေ ၂၄ တွင် Frontier Myanmar မဂ္ဂဇင်း မန်နေဂျင်းအယ်ဒီတာ Danny Fenster ကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးလိုက်သည်။  

သံပုံးတီးပြီး ကန့်ကွက်ခြင်း

အားလုံးပါဝင်နိုင်သော ၈ နာရီ သံပုံးတီးလှုပ်ရှားမှုမှာ လေးလပြည့်ချိန်တွင် သိသိသာသာ လျော့ကျသွားသော်လည်း လူနေထူထပ်သောရပ်ကွက်များ အထူးသဖြင့် အထပ်မြင့်တိုက်များရှိသော ရပ်ကွက်များတွင် အားကောင်းနေဆဲဖြစ်သည်။

သံပုံးတီးသည့် အထပ်မြင့်တိုက်မှ အခန်းများကို ခဲ၊ အုတ်ခဲကျိုးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်းတို့ လုပ်လေ့ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ရောက်လာလျှင် သံပုံးတီးမှု ရပ်သွားပြီး သူတို့မလာလျှင် ဆက်တီးနေလေ့ရှိသည်ဟု အင်းလျားကန်အနီး နေထိုင်သည့် ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

“မတီးတဲ့သူတွေကတော့ မတီးရတဲ့ အကြောင်းရင်းရှိမှာပေါ့။ ကျွန်မတို့ လုပ်နိုင်သလောက်တော့ ဆက်ပြီး လုပ်သွားမှာပဲ။ အခွင့်မသာရင်လည်း ခဏရပ်ထားမှာပေါ့။ သံပုံးတီးတာက ဆန့်ကျင်ခံရသူတွေ လန့်ကြတယ်လေ၊ ကျွန်မတို့ အင်အားကို သူတို့သိတော့ လန့်ကြတယ်။ ဒီလိုတီးတာက ကျွန်မတို့အတွက်လည်း အချင်းချင်း စိတ်ဓာတ်ခွန်အားပေးရာရောက်တယ်လေ” ဟု ညစဉ် ဝရန်တာထွက်ပြီး သံပုံးတီးတတ်သည့်၊ အသက် ၄၀ ဝန်းကျင်ရှိသည့် လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသမီးက ပြောသည်။

လက်နက်ကိုင်များ အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်သဖြင့် သံပုံးနှင့် တုတ်ကို ၀ရံတာတွင် မထားဘဲ တခြားနေရာများတွင် သီးခြားစီ ခွဲထားသည်ဟု သူက ဆိုသည်။

ဆူးလေဘုရားပိတ်ထားသည်ကို တွေ့ရသော်လည်း ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးလှုပ်ရှားသူတို့ စုစည်းသည့်နေရာဖြစ်သော ရွှေတိဂုံဘုရားဖွင့်ထားပြီး ဘုရားသို့ လာသူများကို ရဲတချို့ စောင့်ကြည့်နေသည်။  ဘုရားဖူးတချို့က မိုးရေစိုစွတ်နေသည့် ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် ဘုရားရှိခိုး၊ ပူဇော်နေကြသည်။ တချို့ကတော့ တန်ဆောင်းထဲတွင် တရားထိုင်နေကြသည်။ စစ်သားများရှိနေသော မြောက်ဘက်မုခ်တွင် ဘုရားဖူးများကို  မတွေ့ရပေ။

ပေါက်ကွဲမှု၊ ပစ်ခတ်မှုများ ရှိတတ်သော ရန်ကုန်တွင် စစ်ကောင်စီလက်နက်ကိုင်များက မော်တော်ကားများကို တားဆီးစစ်ဆေးနေကြသည်ကို တစ်ခါတစ်ရံ တွေ့နိုင်သည်။

ကျယ်ပြန့်လာသော ခုခံစစ်

စစ်တပ်အား ခုခံနေသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-KPDF) 

မန္တလေးမြို့ နေအိမ်တွင် အပေါင်ဆိုင်ဖွင့်ထားသော ဒေါ်မေသူက မေ ၂၇ ရက်နေ့ညတွင် စစ်ကောင်စီတပ်များ သူ့အိမ်ရောက်လာပြီး  ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ လက်ဝတ်ရတနာနှင့် ငွေသားများ ယူဆောင်သွားကြောင်း၊ ထိုညက ဖမ်းခေါ်သွားသည့် သားနှင့် ၁၂ နှစ်အရွယ် သမီးကို နောက်တစ်နေ့တွင် ပြန်လွှတ်ပေးကြောင်း ကာယကံရှင်က ပြောသည်။

စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်း၊ ပစ္စည်းသိမ်းခြင်း၊ လုယူခြင်း ဖြစ်ရပ်တို့သည် နိုင်ငံအနှံ့တွင် ဖြစ်ပွားနေသည်။ သို့သော်လည်း သတင်းမီဒီယာများတွင် ဖော်ပြထားသော ထိုဖြစ်ရပ်များမှာ စွပ်စွဲချက်များသာဖြစ်ကြောင်း မေ ၃၀​ ရက်နေ့ စစ်ကောင်စီသတင်းစာများတွင် ဖော်ပြထားသည်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အိမ်တွေကို အကြောင်းမဲ့ဖျက်ဆီးပြီး ရွှေငွေတွေ လုယူတာတော့ လုံးဝ လုံးဝ မလုပ်ပါဘူး”  ဟု ဖော်ပြထားသည်။ 

ရန်ကုန်တွင် လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်မှု ပုံစံပြောင်းလဲသွားသည့်နည်းတူ တခြားမြို့ကြီး မြို့ငယ်များတွင်လည်း ပြောင်းလဲနေသည်။ ပြည်သူတို့ကို အကြမ်းဖက်သည့် စစ်ကောင်စီတပ်တို့ကို ခုခံစစ်ဆင်သည့်မြို့များ တိုးပွားလာသည်။ 

ခုခံသည့်မြို့များကို စစ်ကောင်စီက စစ်သားများစေလွှတ်လေ့ရှိပြီး တုံ့ပြန်သည်။ တူမီးဖြင့် ခံစစ်ဆင်သည့်နေရာကို လေတပ်၊ ကြည်းတပ် ပူးပေါင်းတိုက်ခိုက်ရသည့် ဒေသတချို့ပင် ရှိလာသည်။

ချင်းပြည်နယ် ကန်ပက်လက်တွင် မြို့ခံ နှစ်ထောင်နီးပါးမှာ ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“မြို့တွင်းထဲမှာတော့ ငြိမ်သက်နေတယ်။ ပုံမှန်တော့မဟုတ်ဘူး။ တချို့ဆိုင်နည်းနည်းလောက်ပဲ ဖွင့်တယ်။ မြို့လူဦးရေ ထက်ဝက်လောက်ကတော့ ရှောင်နေရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ပြောသည်။ 

ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်တို့မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က စစ်ကောင်စီတပ်များကို တိုက်ခိုက်နေရာ စစ်ကောင်စီသည် မြို့ပေါ်တွင်သာမက တိုက်ပွဲနေရာများကို စစ်မျက်နှာဖွင့်ထားရသည်။

မေ ၃၁ တွင်မူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးနိုင်ရန် အပစ်ရပ်ထားခြင်းကို ဇွန်  ၃၀ အထိ သက်တမ်းတစ်လထပ်တိုးသည်ဟု စစ်ကောင်စီက သတင်းစာမျက်နှာဖုံးများတွင် ထင်ထင်ရှားရှား ကြေညာသည်။  

Show More

Related Articles

Back to top button