စစ်တပ်ကဦးဆောင်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်မှုဖြင့် ရန်ကုန်မြို့မှ လူငယ်သုံးဦးထဲမှ နှစ်ဦးကို ထောင်ဒဏ် ၄၉ နှစ်နှင့် ကျန်တစ်ဦးကို ထောင်ဒဏ် ၄၇ နှစ်ကျခံစေရန် စစ်ကော်မရှင်တရားရုံးများက ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်နေ့) က အမိန့်ချလိုက်ကြောင်း မိသားစုဝင်များထံက သိရသည်။
အသက် ၂၃ နှစ် အရွယ် ကိုရန်နိုင်ကြည်ဝင်း ၊ အသက် ၂၄ နှစ် အရွယ် ကိုအောင်ရဲထွဋ် နှင့် အသက် ၁၉ နှစ် အရွယ် မယမင်းထက်တို့ကို စစ်တပ်ကပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့သုံးဦးသည် ရန်ကုန်မြို့ လှိုင်သာယာအရှေ့ပိုင်းနှင့် အနောက်ပိုင်း မြို့နယ်များတွင် နောက်ခံ အနီရောင်တွင် အဝါရောင်စာသားဖြင့် အနက်ရောင် မဲပုံးပေါ်တွင် ကျည်ဆန်ပုံ ပါရှိသည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာတန်းပါ ပိုစတာများ လိုက်ကပ်ခဲ့သည်ဟု စစ်ကော်မရှင်၏ စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် ကြေညာချက်တွင် စွပ်စွဲထားသည်။
နှစ်လနီးပါးကြာ ချုပ်နှောင်ထားပြီးနောက် ရန်ကုန်မြို့ လှိုင်သာယာအရှေ့ပိုင်းနှင့် အနောက်ပိုင်းမြို့နယ် တရားရုံးများက ကိုရန်နိုင်ကြည်ဝင်း နှင့် ကိုအောင်ရဲထွဋ် တို့ကို ထောင်ဒဏ် ၄၉ နှစ်စီ၊ မယမင်းထက် ကို ထောင်ဒဏ် ၄၇ နှစ် အမိန့်ချခဲ့သည်ဟု မိသားစုဝင်များကဆိုသည်။
စစ်တပ်သည် ၎င်းတို့သုံးဦးအား ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (က) ဖြင့်တရားစွဲခဲ့ခြင်းဖြစ်သည်။ ထိုပုဒ်မသည် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင် ခုနစ်နှစ်ချနိုင်သော်လည်း သီးခြားစီအမှုတွဲများတည်ဆောက်ပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကိုရန်နိုင်ကြည်ဝင်းနှင့် ကိုအောင်ရဲထွဋ် တို့သည် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (က) အောက်တွင် သီးခြားအမှု ခုနစ်မှုနှင့် မယမင်းထက်သည် ခြောက်မှုရင်ဆိုင်ခဲ့ကြရသည်။ ထို့နောက်အမြင့်ဆုံးပြစ်ဒဏ်များလည်း ချမှတ်ခံခဲ့ရသည်။

၎င်းတို့သုံးဦးသည် ဖမ်းဆီးခံခဲ့ ရပြီးနောက် မိသားစုနှင့်တစ်ကြိမ်သာ တွေ့ခွင့်ရခဲ့သည်၊ ရုံးချိန်းနှစ်ကြိမ်ထွက်ပြီးနောက် ရှေ့နေငှားရမ်းရန် ပြင်ဆင်နေချိန်တွင် အမြင့်ဆုံး အပြစ်ဒဏ်များကို ချမှတ်ခဲ့ခြင်းဖြစ်သည် ဟု ၎င်းတို့၏ မိသားစုဝင် အမျိုးသား တစ်ဦးက ပြောသည်။
“လူငယ်တွေလေဗျာ သူခိုး၊ဂျပိုးလည်း မဟုတ်ဘူး။ လူ့ကျင့်ဝတ်ဖောက်ဖျက်တာလည်း မဟုတ်ဘူး။ သူတို့ရဲ့ ယုံကြည်ချက်တစ်ခုကို ဖော်ထုတ်ကြတာပေါ့။ အခုလို အမိန့်ချလိုက်တာကတော့ အငြိုးအာဃာတကြီးလွန်းပါတယ်။ လူငယ်တွေ စိတ်ထဲမှာ နာကျင်သွားမှာပဲ ” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲ ဆန့်ကျင်သည့် ပုဒ်မဖြင့် ဖမ်းဆီးခံရသူ ကိုရန်နိုင်ကြည်ဝင်းမှာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာမှ ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၂၃ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် ယခု နောက်တစ်ကြိမ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
၎င်း၏ အမြွှာညီအစ်ကို တော်စပ်သူ ကိုရန်နောင်ကြည်ဝင်းမှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြရာမှ ဖမ်းဆီးခံခဲ့ရ ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံဖမ်းဆီးခံထားရသည်ဟု သိရသည်။
အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေကို စစ်ကော်မရှင်က ယခုနှစ် ဇူလိုင်လတွင် ပြဌာန်းခဲ့သည်။ ထိုဥပဒေဖြင့် စစ်တပ်ကဖမ်းဆီးထားသူ ၈၅ ဦးအထိ ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) က ယမန်နေ့ ( နိုဝင်ဘာလ ၁၉ ရက်နေ့) က ထုတ်ပြန်ထားသည်။



