မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်းရှိ ကျေးရွာတစ်ရွာကို ယနေ့ (နိုဝင်ဘာ ၂၀) ရက် ညသန်းခေါင်အချိန်တွင် စစ်ကော်မရှင်ကလေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ပြည်သူ ၅ ဦး သေဆုံးပြီး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ကံကြီးရွာကို ညသန်းခေါင်ယံ ၁၂ နာရီ ၁၁မိနစ်တွင် လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ ရွာလယ်သို့ ဗုံးကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ် ၃ဦး အပါအဝင် ၅ ဦးပွဲချင်းပြီး သေဆုံးပြီး နေအိမ် ၁၅ လုံးခန့်ပျက်စီးခဲ့ကြောင်းသိရသည်။
“ဘာတိုက်ပွဲမှမရှိဘူး။ အကြောင်းမဲ့လာကြဲချသွားတာ။ ရှမ်းတဲလေတပ်ကနေ လာတာ။ ရွာလယ်ထဲကျတာ။ ထိခိုက်ပျက်စီးမှုများတယ်”ဟု မြိုင်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သေဆုံးသူများ၏ အသက်အရွယ်၊ ကျား၊မ အရေအတွက်များကို Myanmar Now က စုံစမ်းဆဲဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူများအနက် ၆ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟုလည်း သိရသည်။
စစ်ကော်မရှင်စစ်ကြောင်းများမှာ ပေါက်မြို့နယ်ထဲသို့ ရောက်ရှိနေသဖြင့် ဒေသခံများ စိတ်ချလက်ချ အိပ်မောကျနေချိန်တွင်လေကြောင်းတိုက်ခိုက် ခံလိုက်ရသည့်အတွက် ထိခိုက်သေဆုံးမှု များပြားရခြင်းဖြစ်ကြောင်း အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူ ဆရာထွေးက မှတ်ချက်ပြုသည်။
“ အရင်ညတွေက အိပ်ရေးပျက်တာတွေနဲ့ အတိုးချပြီး အိပ်မောကျနေတဲ့ အချိန်မှာ ဖိုက်တာ(တိုက်ခိုက်ရေးလေယာဉ်)နဲ့ လာကြဲတာဆိုတော့ သေဆုံးမှုများတာပေါ့။ ဘယ်သူမှကိုမသိလိုက်ဘဲ အိပ်မောကျ နေတဲ့အခြေအနေမှာ လာကြဲတဲ့သဘောပေါ့ဗျာ”ဟု၎င်းကဆိုသည်။
ပေါက်နှင့်မြိုင်နယ်စပ်တွင် စစ်ကြောင်းများထိုးနေသော်လည်း လေကြောင်းတိုက်ခိုက်ခံရသည့် ကျေးရွာအနီး တိုက်ပွဲများမရှိကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများက ပြောသည်။
နံနက်အစောပိုင်း လေကြောင်းတိုက်ခိုက်မှုအပြီး ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ကလည်း ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်စပ်ကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပါ။
ရွေးကောက်ပွဲကျင်းပမည့် ပခုက္ကူနှင့်ကပ်လျက် အနီးဝန်းကျင်ရှိ တော်လှန်ရေးအင်အားစုများ အားကောင်းရာ ပေါက်နှင့် မြိုင်နယ်တွင် နိုဝင်ဘာလဆန်းကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကော်မရှင်တပ်က ဆက်တိုက် စစ်ကြောင်းထိုးနေပြီးလေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်နေသည်။
ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၄ ရှိရာ ပေါက်မြို့နယ်တွင် မြို့ အရှေ့မြောက်ပိုင်းနှင့်အနောက်ဘက်တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်း ၄ ခုဖြန့်၍ စစ်ကြောင်းထိုးနေသည်သည်ဟုသိရသည်။
ထိုစစ်ကြောင်းများသည် အရပ်သားများကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်မှုများ၊ နေအိမ်မီးရှို့မှုများ လုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပေါက်မြို့နယ် လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ သိရသည်။

ကပစ ၂၄ မှ ထွက်လာသည့် စစ်ကြောင်းများအနက် တစ်ကြောင်းနှင့် မြိုင်မြို့နယ်မှ ထွက်လာသည့် စစ်ကြောင်းတို့မှာ ယမန်နေ့(နိုဝင်ဘာ ၁၉)ရက်က ရေနံမှော်အနီးရှိ ပေါက်မြို့နယ်၊ ထန်းပင်ကုန်း ရွာတွင်ပူးပေါင်းသွားကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
“ရေနံမြေမှော်နဲ့ အနီးတဝိုက်မှော်နားမှာ ရောက်နေတဲ့အတွက် ရေနံမှော်တွေဘက်ကို စစ်ကြောင်းထိုးမလား အချိန်နဲ့တပြေးညီပဲစောင့်တော့ကြည့်နေတာပဲ။ ခုအနေထားကတော့ ရေနံမြေဘက်တွေမှာပဲ ဦးတည်လာတဲ့အနေအထားပါ။ ထန်းပေါက်ကုန်းဆိုတာ
ရေနံမြေရဲ့ အစွန်အဖျား ရေနံမြေဧရိယာထဲမှာ ပါနေတာပါ။ ကျွန်တော်တို့ ယူဆတာတော့ရေနံမြေကိုဖျက်စီးရအောင်လာတာ ဖြစ်လိမ့်မယ်လို့လည်း ယူဆပါတယ်”ဟုဆရာထွေးကမှတ်ချက်ပြုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ အောက်တိုဘာလအတွင်း စစ်တပ်က နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၅၀ ကျော်လုပ်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ၃၈ ဦးအပါအဝင် ၁၈၅ ဦးသေဆုံးခဲ့ပြီး ၅၂၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။




