အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာ့အရေး ပြင်းထန်ခိုင်မာသော ဗျူဟာများချမှတ်ရန်အမေရိကန် အောက်လွှတ်တော်ကော်မတီများ ဆွေးနွေး

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ လက်အောက်ရှိ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီခွဲနှင့် တောင်အာရှနှင့် ဗဟိုအာရှရေးရာ ကော်မတီခွဲ အဖွဲ့ဝင်များ၏ ဆွေးနွေးမှုတွင် မြန်မာ့အရေးနှင့် ပတ်သက်သည့် အမေရိကန်အစိုးရ၏ မူဝါဒများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ ပိုမိုပြင်းထန်ပြီး ခိုင်မာသော မဟာဗျူဟာများ ကွန်ဂရက်က ချမှတ်လာစေရန် တွန်းအားပေးမည့် ကြားနာပွဲတစ်ခုကို အမေရိကန် ဥပဒေပြုအမတ်များနှင့် ကျွမ်းကျင်သူများက နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ (House Foreign Affairs Committee) လက်အောက်ရှိ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီခွဲ (East Asia & Pacific Subcommittee) နှင့် တောင်အာရှနှင့် ဗဟိုအာရှရေးရာ ကော်မတီခွဲ (Central Asia Subcommittee)တို့၏ ကြားနာပွဲတွင် အမေရိကန်၏ လက်ရှိချဉ်းကပ်မှုသည် ပိုမိုဆိုးရွားလာသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို ကိုင်တွယ်ဖြေရှင်းရန် မလုံလောက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ထိုကော်မတီများသည် ရီပတ်ပလစ်ကင်နှင့် ဒီမိုကရက်တစ် နှစ်ပါတီစလုံးမှ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် ကော်မတီများလည်းဖြစ်သည်။

အဆိုပါ ကြားနာပွဲကို “ထွက်ပေါက်မရှိသော မဟာဗျူဟာ – မြန်မာနိုင်ငံ၏ အဆုံးမသတ်နိုင်သည့် အကျပ်အတည်းနှင့် အမေရိကန်၏ အကန့်အသတ်ရှိသော ရွေးချယ်စရာများ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ကြားနာပွဲတွင် ပါဝင်ဆွေးနွေးသူများက အမေရိကန်၏ သြဇာလွှမ်းမိုးမှု အကန့်အသတ်ရှိသည်ဟူသော အယူအဆကို ပယ်ချခဲ့ကြသည်။ မူဝါဒဆိုင်ရာ ရပ်တန့်နေခြင်းမှာ နိုင်ငံရေးအရ အမှန်တကယ် မလုပ်လိုခြင်းကြောင့်သာဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အုပ်စုသည် တရားဝင် အုပ်ချုပ်ရေးအဖွဲ့အစည်းမဟုတ်ဟုလည်း ပြတ်ပြတ်သားသားပြောဆိုကြသည်။

ဝါရှင်တန်အခြေစိုက် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများအဖွဲ့ဖြစ်သည့်  Atlantic Council မှ အကြီးတန်း အဖွဲ့ဝင် ကယ်လီ ကာရီ က မြန်မာစစ်အစိုးရကို “ရာဇဝတ်ဂိုဏ်း” အဖြစ် ပြစ်တင်ရှုတ်ချခဲ့သည်။ မြန်မာနိုင်ငံအား တရုတ်နိုင်ငံမှ ခွဲထုတ်ရန် ရည်ရွယ်သည့် လုပ်ဆောင်မှုမျိုးကို မလုပ်ရန်လည်း သူက သတိပေးခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ယင်းတို့၏အကျိုးအတွက် မြန်မာနိုင်ငံကို အင်အားနည်း တကွဲတပြားစေပြီး ၎င်းတို့အပေါ် မှီခိုနေစေရန် လိုလားနေသည်ဟုလည်း ကယ်လီ ကာရီ က ဝေဖန်သည်။

မြန်မာစစ်ကော်မရှင်ကို လက်နက်များ ဝယ်ယူခွင့်မပေးရန်၊ ဒီဇင်ဘာလ လကုန်ပိုင်းတွင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် အာဆီယံအဖွဲ့နှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရန်တို့ကိုလည်း ကယ်လီ ကာရီ က တိုက်တွန်းသည်။

 ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများအတွက် ဆောင်ရွက်ပေးနေသည့် Refugee Women for Peace and Justice (RWPJ) မှ   လပ်ကီး ကာရင် ကလည်း လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဖြတ်တောက် ခံရမှုကြောင့် အငတ်ဘေးနှင့် ရင်ဆိုင်နေရသော ရိုဟင်ဂျာဒုက္ခသည်များအပါအဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ ဆင်းရဲဒုက္ခများကို ထောက်ပြဆွေးနွေးခဲ့သည်။

မြန်မာစစ်တပ်၏ ရိုဟင်ဂျာမျိုးဖြုတ်သတ်ဖြတ်မှုအတွက် အမေရိကန်အစိုးရက ဆုံးဖြတ်ချက် ချမှတ်ပြီး နှစ်ပေါင်းများစွာကြာသည်အထိ ဘက်စုံပါဝင်သော မဟာဗျူဟာ မရှိသည်ကိုလည်း လပ်ကီး ကာရင် ဝေဖန်သည်။

ဝါရှင်တန်အခြေစိုက် ငြိမ်းချမ်းရေးနှင် သုတေသနအဖွဲ့ Stimson Center မှ အကြီးတန်းဖွဲ့ဝင် စတိဗ် ရော့စ် ကမူ စစ်အုပ်စုသည်ကျိုးကြောင်းဆင်ခြင်နိုင်သော အဖွဲ့အစည်း( (Rational State Actor) တစ်ခုမဟုတ်ဟု ရှုတ်ချပြောဆိုသည်။ 

စစ်အုပ်စုသည် ၎င်းတို့ ရှင်သန်ရေးကိုသာ အာရုံစိုက်သည့် ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်ကြောင်း ပြောဆိုပြီး စစ်တပ်ကစီစဉ်ထားသော ရွေးကောက်ပွဲများသည် ၎င်းတို့၏ မတရားမှုကို ဖုံးကွယ်ရန် ရည်ရွယ်သည့် လိမ်လည်မှုများဖြစ်သည်ဟုလည်း စတိဗ် ရော့စ် က ပြောသည်။

မြန်မာနိုင်ငံရှိ ပဋိပက္ခသည် ၎င်း၏ နယ်နိမိတ်များကိုကျော်လွန်၍   အင်ဒို-ပစိဖိတ်ဒေသနှင့် အမေရိကန်၏ လုံခြုံရေးနှင့်သာယာဝပြောရေးကို ခြိမ်းခြောက်နေသည်ဟုလည်း စတိဗ် ရော့စ် က သတိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဒီမိုကရေစီဆန့်ကျင်ရေး အင်အားစုများကို အားဖြည့်ပေးနိုင်မည့် BURMA အက်ဥပဒေ ကို အပြည့်အဝ အသုံးပြုရန်လည်း စတိဗ် ရော့စ်က တိုက်တွန်းခဲ့သည်။ 

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် ဥပဒေပြုအမတ်များကလည်း  အမေရိကန်နိုင်ငံသားများထံမှ ဘီလီယံပေါင်းများစွာ လိမ်လည်ရယူနေသော ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာရာဇ၀တ်ခြိမ်းခြောက်မှုတွင် မြန်မာစစ်ကော်မရှင်၏ ပါဝင်ပတ်သက်နေခြင်းနှင့်  အမေရိကန်အစိုးရက မူဝါဒများကို  ချက်ချင်း အပြောင်းအလဲလုပ်ရန် တွန်းအားပေးခဲ့ကြသည်။

ယခုဆွေးနွေးခဲ့သည့် တောင်အာရှနှင့် ဗဟိုအာရှရေးရာ ကော်မတီခွဲ၏ ဥက္ကဋ္ဌဖြစ်သူ  မစ်ချီဂန်ပြည်နယ်လွှတ်တော်အမတ် ဘီလ်ဟီဇန်ဂါက အမေရိကန်အနေဖြင့် စစ်အစိုးရ၏ အဓိက ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များဖြစ်သည့် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ကို   ပိုမိုတင်းကျပ်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တောင်းဆိုခဲ့သည်။

ထို့ပြင် အမေရိကန်အနေဖြင့် ခိုင်မာပြီး စနစ်တကျရှိသော မဟာဗျူဟာကို ညှိနှိုင်းဆောင်ရွက်ရန် မြန်မာ့အရေး အထူးကိုယ်စားလှယ်ကဲ့သို့သော ထိရောက်အားကောင်းစွာ လုပ်ဆောင်နိုင်မည့် ခေါင်းဆောင်တစ်ဦး လိုအပ်ကြောင်းကိုလည်း ဆွေးနွေးပွဲတွင် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။ 

ကော်မတီများ၏ ဆွေးနွေးပွဲက  အမေရိကန်အနေဖြင့် ညှိနှိုင်းမှုများကို လုပ်ဆောင်မနေဘဲ ဒီမိုကရေစီလိုလားလှုပ်ရှားသူများကိုသိသာထင်ရှားသော အကူအညီများဖြင့် ပံ့ပိုးပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

Related Articles

Back to top button