ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်အစပ်ရှိ ကျေးရွာများတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့(CDF) က သတင်းထုတ်ပြန်သည်။
မကြားရွာ၊ ခွဲလုံသာရွာနှင့် လှေ့စုန့်ရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာသည့်အတွက် မေ ၂၉ မှစ၍ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကန်ပက်လက်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးတွဲပြီး စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
မေ ၂၉ ရက်နေ့တွင် မကွေးတိုင်း၊ ဆောမြို့နယ် လက်မွန်ရွာဘက်မှ စစ်တပ်အင်အား ၁၅၀ ဝန်းကျင်ခန့် ချင်းပြည်နယ်အတွင်း ကျေးရွာများဘက်သို့ ရောက်လာကြောင်း၊ ခွဲလုံသာရွာနှင့် မကြားရွာအနီးတွင် တိုက်ပွဲများ စတင်ဖြစ်ပွားကြောင်း သိရသည်။
“ဆောမြို့နယ် အထက်လက်မွန်ရွာမှာ အင်အားတွေဖြည့်တယ်။ သူတို့ တပ်စွဲပြီးတော့ ဒေသခံတွေ ဖမ်းဆီးပြီး လမ်းပြခိုင်းတယ်။ ပြီးတော့ ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းတွေရှိတဲ့နေရာကို တက်လာတယ်ဆိုတော့ လုံခြုံရေးယူထားတဲ့သူတွေနဲ့ ထိပ်တိုက်တိုးတာပေါ့။ သူတို့က ဘာလို့ တိုးလာသလဲဆိုတာတော့ ကျွန်တော်တို့ မသိနိုင်ဘူး”ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုနေရာမှတစ်ဆင့် တိုက်ပွဲများ ရှေ့ဆက်တိုးလာပြီး မေ ၃၀ တွင် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် အေးစခန်းရွာရှိ အလံဖြူထောင်ထားသော စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
“ရွာခံတွေရော စစ်ဘေးရှောင်တွေရော အကုန်လုံးစွန့်ပြီး ပြေးခဲ့ကြတာပဲ။ အကုန်လုံးကို ပစ်စလက်ခတ်ထားခဲ့ကြတာ။ ဘယ်လိုအခြေအနေရှိတယ်၊ ဘာရှိတယ်တောင် မသိနိုင်တော့ဘူး။ စူးစမ်းချိန်တောင် မရှိဘူး။ အကုန်လုံး ကိုယ်လွတ်ရုန်းပြေးရတာပဲ” ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ပခုံးထမ်းလောင်ချာများ၊ စက်သေနတ်များအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရိုးရာလက်လုပ် တူမီးသေနတ်များဖြင့် ခုခံတော်လှန်နေခြင်းဖြစ်သည်။
မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့နယ်စပ်ရှိ ကျေးရွာများတွင် ဖြစ်ပွားနေသည့် အပြန်အလှန်ပစ်ခတ်မှုများကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ သေဆုံးသူ ၁ ဦးရှိပြီး ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိထားသည်။
မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် မေလလယ်မှစ၍ မြို့နေလူထု၏ ၉၀ ရာခိုင်နှုန်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်ကောင်စီ၏ ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ ခိုလှုံနေသည့် ကျေးရွာများပါ ပစ်မှတ်ထားခံနေရသည်။
စစ်ကောင်စီက ၎င်း၏ တပ်များကို ခုခံတိုက်ခိုက်ပါက အကြမ်းဖက်သောင်းကျန်းသူဟု တံဆိပ်ကပ်လျက်ရှိသည်။