သတင်း

စစ်ရှောင်အရေးကူညီသူ ဖမ်းဆီးခံ ကယားဒေသခံသုံးဦးကို စစ်ကောင်စီက အမှုဖွင့်ရန် ကြိုးပမ်းနေ 

ကယားပြည်နယ်အတွင်း စစ်ဘေးရှောင်သူများကို အကူအညီပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) ဝင်တစ်ဦးအပါအဝင် ဒေသခံလူငယ်သုံးဦးကို စစ်ကောင်စီက မေ ၂၆ တွင် ဖမ်းဆီးခဲ့ပြီးနောက် အမှုဖွင့်တရားစွဲဆိုရန် ကြိုးပမ်းနေကြောင်း နီးစပ်သူများက ပြောသည်။ 

ဖမ်းဆီးခံရသူများမှာ NLD ပါတီဝင် အသက် ၂၉ နှစ်အရွယ် စိုင်းလင်းလင်းဦး၊ အသက် ၁၉ နှစ်အရွယ် မနန္ဒာဦးခင်နှင့် အသက် ၂၀ အရွယ် မမေဇင်ထူးတို့ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်၊ ထီးပိုးကလိုးကျေးရွာရှိ စစ်ဘေးရှောင်များအတွက် ရိက္ခာများသွားရောက်ပို့ဆောင်ပြီးအပြန် လွိုင်ကော်မြို့အနီး၌ မေ ၂၆ က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

“၂၇ ရက်မနက်မှာ သိရတာ။ ရဲတစ်ယောက်က စိုင်းလင်းလင်းဦးကို ဒီးမော့ဆိုရဲစခန်းမှာ ညက ဖမ်းမိပြီလို့ ပြောတယ်။ သေချာလား၊ မသေချာလား စုံစမ်းပြီး ဖမ်းမိတယ်ဆိုတာ သိရတာ။ သူတို့ကို အမှုဖွင့်မယ်လို့ ပြောတယ်။ ဘာအမှုနဲ့လဲတော့ သေချာမသိသေးဘူး။ ကလေးတွေကို ထောင်ထဲပို့မယ်လို့တော့ ကြားတယ် ” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သည့် လွိုင်ကော်မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

ဖမ်းဆီးခံထားရသူ သုံးဦးမှာ ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး စစ်တပ်ထဲတွင် ထိန်းသိမ်းထားသည်ဟု ကြားသိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

NLD ပါတီဝင် စိုင်းလင်းလင်းဦးမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကို ရှုံးနိမ့်ခဲ့သည်။

စိုင်းလင်းလင်းဦး၏ဖခင် ဦးစိုင်းကြီးမှာ ဘောလခဲမြို့နယ် NLD ဥက္ကဋ္ဌဖြစ်ပြီး စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဖမ်းဆီးခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လွတ်လာခဲ့သည်။ 

မေ ၂၆ တွင် NLD ပါတီဝင် စိုင်းလင်းလင်းဦးနှင့် အမျိုးသမီးငယ်နှစ်ဦးအပြင် ဒီးမော့ဆိုမြို့၌ အခြား အရပ်သားသုံးဦးလည်း ဖမ်းဆီးခံခဲ့ရသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ဆိုသော အဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

ဖမ်းဆီးခံရသူ အရပ်သားသုံးဦးမှာ ဒီးမော့ဆို အသက် ၄၁ နှစ်အရွယ် ဦးအိုင် (မြို့မမြောင်းအောက်)၊ အသက် ၃၀ အရွယ် ခွန်းနိုင်လင်း (ဆီးဘူး – မြို့မမြောင်းအောက်ရပ်ကွက်သို့ ခေတ္တအလည်လာသူ)၊ အသက် ၁၉ နှစ်အရွယ် ခွန်းသိန်းမောင်စိုင်း (မြို့မ မြောင်းအောက်) တို့ ဖြစ်သည်ဟု ဆိုသည်။ 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မေ ၂၁ မှစ၍ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (KPDF)နှင့် စစ်တပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်၌ စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၂၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကာ ဖမ်းဆီးခံရသူ ၉၀ ကျော်ရှိကြောင်း အထက်ပါ PKPF အဖွဲ့က မေ ၂၈ တွင် သတင်းထုတ်ပြန်သည်။ 

လက်ရှိတွင် ကယားပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်နေရသူ ထောင်ချီရှိကာ မိုးကာလဖြစ်၍ နေထိုင်ရေးအခက်အခဲများ ကြုံတွေ့နေရသည့်နည်းတူ စားနပ်ရိက္ခာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

Show More

Related Articles

Back to top button