မန္တလေးမြို့၊ အောင်ပင်လယ်ရပ်ကွက်တွင် အပေါင်ဆိုင်ဖွင့်ထားသော ဒေါ်မေသူ၏ နေအိမ်ကို မေ ၂၇ရက်၊ ည ၁၀နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များ ဝင်ရောက်ရှာဖွေပြီးနောက် ကျပ်သိန်း ၃၀၀ ကျော် တန်ဖိုးရှိ လက်ဝတ်ရတနာနှင့် ငွေသားများ ယူဆောင်သွားကြောင်း ကာယကံရှင်က အတည်ပြုသည်။
ဒေါ်မေသူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဖြစ်ပြီး မတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ – က ဖြင့် ဧပြီလကတည်းက ဖမ်းဝရမ်းထုတ်ခံထားရသည်ဟု သိရသည်။
“ကျွန်မတို့က အပေါင်ဆိုင်ဆိုတော့ ပေါင်ထားတဲ့လူနာမည်ရယ် ပစ္စည်းရယ်၊ ဘောက်ချာရယ်၊ သူ့အထုပ်လေးတွေနဲ့သူ ထည့်ထားတာ။ လူဦးရေ ၂၀၀ ကျော်ကနေ ပေါင်ထားတဲ့ပစ္စည်းတွေ အကုန်ပါသွားတာ။ ပစ္စည်းတွေယူထားပြီး ကလေးတွေကို ပြန်လွှတ်လိုက်တယ်”ဟု ကြိုတင်တိမ်းရှောင်နေသူ ဒေါ်မေသူက Myanmar Now ကို ပြောသည်။
ယူနီဖောင်းဝတ်မထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်က အပေါင်ဆိုင်ဖွင့်ထားသည့် နေအိမ်သို့ ရောက်လာချိန်တွင် ဒေါ်မေသူ ရှိမနေကြောင်း၊ ၎င်း၏ အသက် ၂၂နှစ်အရွယ် သားနှင့် အသက် ၁၂နှစ်အရွယ်သမီးတို့ကို ဖမ်းဆီးသွားခဲ့ပြီး နောက်တစ်နေ့နံနက်ပိုင်းတွင်မှ နေအိမ်သို့ ပြန်ပို့ပေးခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။
သို့သော် အတူဖမ်းဆီးခံခဲ့ရသည့် ရပ်ကွက်အတွင်း သာရေး၊ နာရေး ကူညီပေးလေ့ရှိသူ အသက် ၅၀အရွယ် ဦးကြက်တူရွေးဆိုသူမှာမူ ယနေ့တိုင်ပြန်မလွတ်သေးဟု ၎င်းတို့က ဆိုသည်။
မန္တလေးမြို့ ၅၆x၅၇ လမ်းကြားရှိ လေးမျက်နှာဘုရားဝင်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ သုံးဦးစလုံးကို တစ်နေရာစီ ထား၍ စစ်ဆေးခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာသည့် ဒေါ်မေသူ၏ သားက ပြောသည်။
“ချော့ပြီးရော ခြောက်ပြီးရော ပြောတယ်။ ဒေါ်မေသူနဲ့ ဘာတော်လဲ၊ ဘယ်လိုလဲဆိုပြီး မေးတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရစဉ်က ည ၁၂နာရီခန့်အထိ စစ်ဆေးမေးမြန်းခံရပြီးနောက် စစ်ကြောရေးပို့မည်ဟုဆိုကာ ဦးကြက်တူရွေးနှင့်အတူ လက်ထိတ်ခတ်၍ အချုပ်ကားပေါ်ထားခဲ့သော်လည်း မနက်တွင် ညီမဖြစ်သူနှင့်အတူ ပြန်လွှတ်ပေးခြင်းခံရကြောင်း ၎င်းက ဆက်ပြောသည်။
အသက် ၄၄ နှစ်အရွယ် ဒေါ်မေသူသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၊ ဆန္ဒပြပွဲများတွင် ပါဝင်မှုဖြင့် ဖမ်းဆီးအမှုဖွင့်ခံရမည်ကို စိုးရိမ်သဖြင့် ကြိုတင်တိမ်းရှောင်နေခြင်းဖြစ်ကြောင်း ပြောသည်။
၁၂ နှစ်အရွယ် အမျိုးသမီးငယ်ကို ဖမ်းဆီးမှု၊ ပစ္စည်းများယူဆောင်သွားမှုတို့ ပါဝင်သည့် အထက်ပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်းမှ မေ ၂၉ရက်အထိ စစ်ကောင်စီတပ်ဖွဲ့များ၏လက်ချက်ကြောင့် အနည်းဆုံး ၈၃၇ဦးကျော်သေဆုံးခဲ့ရကာ ဖမ်းဆီးခံထားရသူ ၄၃၇၀ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ သေဆုံးသူ ၃၀၀ ဝန်းကျင်သာ ရှိသည်ဟု တုံ့ပြန်ထားသည်။