သတင်း

ကန်ပက်လက်တွင် တိုက်ပွဲများသုံးရက်ဆက် ပြင်းထန်နေ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား သုံးရက်ဆက်တိုက် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံတို့က ယနေ့(မေ၃၀) တွင် ပြောသည်။

မြို့နှင့် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် မကြားရွာ၌ တိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်ပြီး ထိုဒေသသို့ အားဖြည့်ရန် ရောက်လာသည်ဟု ယူဆရသည့် စစ်ကောင်စီတပ်ဖွဲ့များကိုလည်း ကမ္ဘာကျော် ဝိတိုရိယတောင်ခြေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်နေရဆဲဖြစ်သည်ဟု ၎င်းတို့ထံမှ သိရသည်။

“မကြားမှာ ကျွန်တော်တို့က စစ်ဘေးရှောင်တွေကို ကာကွယ်တဲ့အနေနဲ့ လုံခြုံရေးတွေ ချထားတဲ့ဟာကို သူတို့ဘက်ကနေ စစ်ကြောင်းတွေအများကြီးနဲ့ တက်လာတော့ ကျွန်တော်တို့ဘက်နဲ့ ထိပ်တိုက်တိုးပြီးတော့ ပစ်တဲ့အခြေအနေပေါ့။ မကြား(ရွာ)ကို တပ်ကူလာတဲ့ဟာတွေနဲ့ ထိပ်တိုက်တိုးပြီးတော့ တိုက်ပွဲဖြစ်တဲ့အခြေအနေပေါ့” ဟု ကန်ပက်လက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။ 

သုံးရက်ကြာဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ အကျအဆုံးမရှိသော်လည်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အရေအတွက်အတိအကျ မသိရသေးကြောင်း ၄င်းက ပြောသည်။

စစ်ကောင်စီက ထိုဒေသတိုက်ပွဲနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ 

စစ်ကောင်စီတပ်သားများက စက်သေနတ်များ၊ ပခုံးထမ်းလောင်ချာများ အပါအဝင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံတချို့က ပြောသည်။

ခုခံစစ်ဆင်နေသည့် ဒေသခံများတွင် ပစ်အား အကန့်အသတ်ရှိသော၊ အမဲလိုက် တောကောင်ပစ်ရာတွင် သုံးလေ့ရှိသော ရိုးရာလက်လုပ်တူမီးသေနတ်တချို့ ကိုင်ဆောင်ထားကြသည်။

မြို့ခံနှစ်ထောင်နီးပါးမှာ ပြီးခဲ့သည့်ရက်ပိုင်းကတည်းက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“မြို့တွင်းထဲမှာတော့ ငြိမ်သက်နေတယ်။ ပုံမှန်တော့မဟုတ်ဘူး။ တချို့ဆိုင်နည်းနည်းလောက်ပဲ ဖွင့်တယ်။ မြို့လူဦးရေ ထက်ဝက်လောက်ကတော့ ရှောင်နေရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ပြောသည်။ 

ဘေးလွတ်ရာတိမ်းရှောင်နေစဉ်ကာလအတွင်း ကန်ပက်လက်တွင် နေအိမ်များ ဖောက်ထွင်းခံရပြီး ပစ္စည်းများ ပျောက်ဆုံးနေသည်။ လက်နက်ကိုင်ဆူပူရမ်းကားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ဟု ဒေသခံတို့က ပြောသည်။ 

ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ဒေသခံမဟုတ်သည့် ပြင်ပမှ လာရောက်နေထိုင်နေသူများအားလုံး မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာရန် မေ ၂၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။ 

ကန်ပက်လက်မြို့တွင် စစ်ကောင်စီက တပ်စွဲထားသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့မရဲစခန်းတို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၁၃ ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်မှုများ အားကောင်းလာခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၂ ဦးဒဏ်ရာရရှိကြောင်း၊ ပစ်ခတ်မှုအပြီး နှစ်ရက်အကြာတွင် ကန်ပက်လက်မြို့မရဲစခန်းမှ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ချင်းလူမျိုး ရဲ ၁၂ ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်လာခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားဖူးသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက်ရရန် ကြိုးစားသော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီက ၎င်းတို့ကို လက်နက်ကိုင်ခုခံသူတို့ကို အကြမ်းဖက်သောင်းကျန်းသူများဟု တံဆိပ်ကပ်လျက်ရှိသည်။

ချင်းပြည်နယ်တွင် ဒေသခံတို့က ခုခံအန်တုရာတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်သည့်နည်းကို မသုံးဘဲ ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်နည်းကို သုံးနေကြသည်။

တောင်ထူထပ်သော ဒေသဖြစ်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကလည်း စစ်ကောင်စီတပ်များအတွက် အဟန့်အတားဖြစ်စေသည်။ 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း မေ ၂၁ နံနက်ပိုင်း ချုံခိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးကြောင်း ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force – CDF) က ပြောသည်။

Show More

Related Articles

Back to top button