မြင်းခြံမြို့၊ တလုပ်မြို့ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးသွားသည့် ပြည်သူများအနက် အသက်မပြည့်သေးသူ အမျိုးသမီးတစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့ကာ ကျန်သူများကို မြင်းခြံထောင်အတွင်းရှိ အထူးတရားရုံးတွင် ဆက်လက်စစ်ဆေးရန် ဇွန် ၁ရက်သို့ ရုံးချိန်းချိန်းဆိုလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
စစ်ကောင်စီက တလုပ်မြို့ကို ဧပြီလနောက်ဆုံးပတ်မှစ၍ သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး မေ ၁၂ ရက် ရွာကို စီးနင်းလိုက်နိုင်ချိန်တွင် ရွာအတွင်း ကျန်ရစ်ခဲ့သူ ခြောက်ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။
တလုပ်မြို့ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်း | Myanmar NOW (myanmar-now.org)
မေ ၂၁ တွင် ဖမ်းခံရသူများအနက် မြင်းခြံနည်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ၂၃ နှစ်အရွယ် ကိုဇင်ကိုထွန်းမှာ နောက်တစ်နေ့တွင် စစ်ကြောရေးအတွင်း သေဆုံးခဲ့ရကာ မိသားစုထံ အလောင်းပြန်ပို့ခဲ့ရသလို၊ တလုပ်မြို့ကိစ္စသတင်းထုတ်ပြန်ရာတွင်လည်း စစ်ကောင်စီက ၎င်းကို ချန်လှပ်၍ ငါးဦးကိုဖမ်းဆီးသည်ဟုသာ သတင်းထုတ်ပြန်သည်။
အဆိုပါငါးဦးစလုံးကို မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ထားခဲ့ရာမှ အသက် ၁၇ နှစ်ကျော်သာ ရှိသေးသည့် မငြိမ်းဆုဟန်(ခ)ကိုကောင်းဝေယံ (အမျိုးသားကဲ့သို့ ဝတ်စားနေထိုင်သူ) တစ်ဦးတည်းကိုသာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၈၈ – င အရ ဒဏ်ငွေ ကျပ်ငါးသောင်းပေးဆောင်စေကာ မေ ၂၇ တွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
“ကလေးရဲ့ အကျင့်စာရိတ္တက ဘယ်လိုမှပြုပြင်လို့မရတော့ဘူးဆိုမှ ကလေးသူငယ်ထိန်းသိမ်းရေးကျောင်းကို ပို့ပေးတာပေါ့။ နိုင်ငံရေးပေါ်လစီပုဒ်မနဲ့ ဆွဲခံရတာတော့မှန်တယ်။ ၁၈နှစ်အောက်ဖြစ်နေတဲ့အတွက် လွှတ်တာမဟုတ်ဘူး။ ဝန်ခံတဲ့အတွက် ဒဏ်ငွေရိုက်တာ” ဟု မငြိမ်းဆုဟန်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂ (ဗ.က.သများအဖွဲ့ချုပ်) မှ ကိုစိုးရာဇာထွန်းလွင်၊ ကိုငယ်၊ ကိုကျော်ဇင်ဦး၊ ကိုအောင်ကိုကို တို့မှာမူ အမှုဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။
၎င်းတို့ကို စစ်တပ်သုံး M – 16, လက်လုပ်တူမီး၊ ကျည်ဆန်အတောင့်ငါးဆယ်၊ လေးခွ၊ လောက်စာလုံး၊ လက်လုပ်ဗုံး၊ ဓား စသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ကြေညာထားသည်။
တလုပ်မြို့ကျေးရွာကို စစ်ကောင်စီက စီးနင်းပြီးနောက် ဝင်ရောက်တပ်စွဲထားသဖြင့် ရွာရှိ လူဦးရေထောင်ချီမှာ နေအိမ်ကို စွန့်ခွာထွက်ပြေးနေရဆဲဖြစ်သည်ဟု ဒေသခံတို့က အတည်ပြုထားသည်။
အာဏာသိမ်းစစ်ကောင်စီက ဆန့်ကျင်ကန့်ကွက်သည့် ပြည်သူတို့ကို အကြမ်းဖက်သတ်ဖြတ်သဖြင့် ခုခံစစ်ဆင်နေရခြင်းဖြစ်သည်ဟု လက်နက်ကိုင်အန်တုသူများက ပြောသည်။
စစ်ကောင်စီကလည်း လက်နက်ကိုင်အန်တုသူတို့သည် အကြမ်းဖက်သမားများဖြစ်သည်ဟု တုံ့ပြန်ထားသည်။