အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြိုင်တွင် စစ်တပ်က ဓားစာခံအရပ်သား၂ ဦးကို နှိပ်စက်သတ်ဖြတ်ဟု ဒေသခံများဆို

အဆိုပါဓားစာခံ ငါးဦးအနက် အသက် ၅၀ကျော်အရွယ်အမျိုးသားနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတို့၏ ရုပ်အလောင်းများကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် မြိုင်မြို့နယ်၊ ဝက်ပုပ်ရွာအနီးတွင် ရှာတွေ့ခဲ့ကြောင်း အညာမြေတပ်ပေါင်းစု အဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်ကပြောသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရွာစဉ်လှည့်စစ်ကြောင်းထိုးနေသည့် စစ်တပ်ကအရပ်သားငါးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို သတ်ဖြတ်ပစ်လိုက်သည်ဟု ဒေသခံများနှင့် ဒေသတွင်း တော်လှန်ရေးတပ်များ ထံမှသိရသည်။

စစ်တပ်ကိုထောက်ခံသည့် ပြည်သူ့စစ်များအားကောင်းရာ မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ နိုဝင်ဘာလ ၁၁ ရက်နေ့က ထွက်လာသည့်စစ်တပ်သည် လမ်းခရီးတွင် အရပ်သားငါးဦးကို ဖမ်းဆီးခဲ့ပြီး၊ ယင်းကျေးရွာများ၏ အနီးတွင်ရှိသည့် တပ်မတော်အကြီးစားစက်ရုံ(မြိုင်)သို့ ခေါ်ဆောင်သွားသည်ဟု  ဒေသခံများနှင့် ဒေသတွင်း တော်လှန်ရေးတပ်များ က ဆိုသည်။

အဆိုပါဓားစာခံ ငါးဦးအနက် အသက် ၅၀ ကျော် အရွယ်အမျိုးသားနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတို့၏ ရုပ်အလောင်းများကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မြိုင်မြို့နယ်၊ ဝက်ပုပ်ရွာအနီးတွင် ရှာတွေ့ခဲ့ကြောင်း အညာမြေတပ်ပေါင်းစုအဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်ကပြောသည်။ 

စစ်တပ်သည် ၎င်းတို့နှစ်ဦးကို မသတ်ဖြတ်ခင် ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ယုံကြည်ရကြောင်းလည်း ၎င်းကဆိုသည်။ ဓားစာခံများ၏ မျက်နှာများတွင် ဓားဖြင့်မွှန်းထားသည့် ဒဏ်ရာများတွေ့ခဲ့ရပြီး ဦးခေါင်းကို အနောက်ဘက်မှ သေနတ်ဖြင့်တေ့ပစ်ထားသည့် ဒဏ်ရာများလည်းတွေ့ရသည်ဟု ၎င်းကဆိုသည်။ 

စစ်တပ်သည် ယခင်ကလည်း နိုင်ငံအနှံ့အပြားမှ အရပ်သားများနှင့် ၎င်းတို့ကိုဆန့်ကျင်သူများကို သတ်ဖြတ်ရာတွင် အလားတူ ညှဉ်းပန်းနှိပ်စက်ခြင်းမျိုး ပြုလုပ်လေ့ရှိသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်တပ်ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရသည့် ပြည်သူများ၏ ရုပ်အလောင်းများကို နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု)

“ အမျိုးသမီးဆိုရင် ပါးစပ်တွေကို ပါးစောင်တွေကို ဖြဲချလိုက်ပြီးတော့ နားရွက်နားရောက်တဲ့အထိ ပါးစပ်တွေ ဖြဲပြီးမှ သတ်လိုက်တာ”ဟု အညာမြေတပ်ပေါင်းစု၏ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်ကပြောသည်။ 

“မျက်နှာတွေမှာဓားတွေနဲ့လှီးထားတာ အပေါ်ယံလေးတင် လှီးထားတာ မဟုတ်ဘူး။ ချောက်ကြီးတွေ ထိဖြစ်အောင် ပါးစပ်ပါးစောင်တွေဆို လုံးဝကို ပြတ်ထွက်သွားအောင် ဓားနဲ့ပါးစပ်ထဲထည့်ပြီးလှီးတဲ့ သဘောမျိုးတွေပေါ့။ မျက်နှာကြီးတွေကိုလည်း အကုန်လှီးထားတာပေါ့။ အဆီအင်းအင်းကြီးတွေပဲ ကျန်တော့တာ။ မနေ့ကဆို ခေါင်းကိုပစ်သတ်တာ သွေးထွက်ထားတာတွေ့တယ်။ ဓားနဲ့လှီးထားတဲ့ နေရာကတော့ သွေးထွက်တာမတွေ့တော့ အရင်နေ့က စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ထားတဲ့ သဘောလို့တွေ့ရတယ်”ဟု ရုပ်အလောင်းများကို ကောက်ယူရာတွင် ပါဝင်ခဲ့သည့် နောက်ထပ်ဒေသခံ အမျိုးသားကလည်း Myanmar Now ကိုပြောသည်။ 

သေဆုံးသူများသည် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပါ။ ရုပ်အလောင်းများကို ယမန်နေ့က ကောက်ယူခဲ့ပြီး ညနေပိုင်းတွင်ပင် သင်္ဂြုဟ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်တပ်လက်ထဲတွင် အနည်းဆုံး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကျန်နေသေးကြောင်း ၎င်းတို့က ခန့်မှန်းကြပြီး ထိုဓားစာခံသုံးဦး၏ အခြေအနေကိုတော့ မသိရှိရသေးပါ။

အောက်တိုဘာလကုန်ပိုင်းက ပခုက္ကူတပ်မ ၁၀၁ တပ်မှ ထွက်လာသည့် အင်အား ၄၀၀ ကျော် ပါဝင်သည့် စစ်ကြောင်းသည် ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ရွာအနီးဝန်းကျင် ကျေးရွာများကို စီးနင်းခဲ့ပြီး ကမ္မမြို့မှတဆင့် မြိုင်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။ 

အဆိုပါစစ်ကြောင်းသည် ယမန်နေ့က ဝက်ပုတ်ရွာသို့ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်ထွက်သွားကြောင်း၊ လက်ရှိအချိန်တွင် ဝက်ပုတ်ရွာအနီးရှိ တပ်မတော်အကြီးစားစက်ရုံ(မြိုင်) တွင် စခန်းချနေကြောင်းလည်း ဒေသခံတို့က ဆိုသည်။

နိုဝင်ဘာလအတွင်း မြိုင်မြို့နယ်တွင် စစ်ကြောင်းဝင်ရောက်နေသည့် ကျေးရွာများပြမြေပုံ 

ယမန်နေ့ကစစ်တပ်ဝင်ရောက်ခဲ့သည့် ဝက်ပုတ်ရွာမှာ ယခင်က စစ်တပ်နှင့် ပြည်သူ့စစ်များအခြေစိုက်ထားရာ ပျူစောထီးရွာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အညာမြေတပ်ပေါင်းစုနှင့် တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီးနောက် ဒေသခံများပြန်လည်နေထိုင်နေသည့်ကျေးရွာ ဖြစ်သည်။

မြိုင်နယ်တွင် ရွာစဉ်လှည့်စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် နိုဝင်ဘာလ ၆ ရက်နေ့က နှမ်းဆီကန်ရွာကို မီးရှို့မှုကြောင့် နေအိမ် ၂၃ လုံးပြာကျခဲ့ရပြီး ယမန်နေ့ (နိုဝင်ဘာလ ၁၂ ရက်နေ့) ကလည်း ရွာတန်းရှည်ရွာ တောတိုက်မှ နေအိမ် နှစ်လုံးကို မီးရှို့ခဲ့ကြောင်းသိရသည်။ 

“ရွာတန်းရှည်ရွာက တောတိုက်၊ ယာတောင်သူ တဲအိမ် နှစ်အိမ်ကိုမီးရှို့ခဲ့ပြီးတော့ အဲ့ဒီအိမ်မှာထားတဲ့ ဆန်ပေါ့။ ရွာထဲကသူတွေကကြောက်လို့ ရွာပြင်မှာထုတ်ထားတဲ့ဆန်၊ ဆွေမျိုးတွေ နီးစပ်ရာတွေက ခွေးတွေယူမှာစိုးလို့ အဲ့ဒီတဲကို ရွှေ့ထားတာ။ အဲ့ဒီမှာ ဆန် ၂၆ လုံး တွေ့ပြီးတော့ အဲ့ဒီဆန်တွေကို ပြာကျတဲ့အထိမီးရှို့ခဲ့တယ်”ဟု ကိုဘိုဘိုသန့်ဇင်က ပြောသည်။ 

မြိုင်နယ်တွင် နိုဝင်ဘာလ လဆန်းကစပြီး စစ်ကောင်စီစစ်ကြောင်းရန်ကြောင့် ရွာတန်းရှည်၊ ဆယ်ပြား၊ ပေပင်တိုက်၊ ကုန်းရွာ၊ ချောင်းဦးတို၊ ဝါးရင်းချိုင်၊ ဆိပ်သာစသည့်ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ အနွေးထည်စသည့်တို့ လိုအပ်လျှက်ရှိကြောင်း သိရသည်။ 

“အမြဲတမ်းစစ်‌ရှောင်စခန်းမရှိဘူး၊ စစ်ကြောင်းလာလိုက်၊ ပြေးလိုက်၊ စစ်ကြောင်းပြန်သွားရင် ကိုယ့်နေအိမ်ကို ပြန်နေလိုက်ပေါ့။ စစ်ရှောင်ရတဲ့သူတွေက တစ်စုတစ်စည်းတည်းမဟုတ်ဘဲ ကျဲပြန့်နေတာပေါ့။ စစ်ရှောင်ရတဲ့သူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ယာတောထဲသွားတယ်။ တခြားရွာက လွတ်မယ်ထင်တဲ့ဆွေမျိုးတွေဆီသွားတယ်” ဟု ကိုဘိုဘိုသန့်ဇင်က ဆိုသည်။ 

စစ်ကိုင်းတိုင်းနှင့်ထိစပ်နေသည့် မြိုင်မြို့နယ်သည် စစ်တပ်က မြို့ပေါ်ရပ်ကွက်များနှင့် ပြည်သူ့စစ်အခြေစိုက်ရာ ကျေးရွာအချို့တွင်သာ ခြေကုပ်ယူထားပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ 

ရှမ်းမြောက်တွင် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်းညီနောင် သုံးဖွဲ့အနက် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် စစ်တပ်က အပစ်ရပ်ထားချိန်တွင် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် စစ်တပ်က စစ်ရေးလှုပ်ရှားမှုများပိုမိုပြုလုပ်လာသည်။ 

Related Articles

Back to top button