အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အွန်လိုင်းလောင်းကစားလုပ်သူများကို လက်မခံရန် KNU ထုတ်ပြန်

၎င်းတို့ထိန်းချုပ်နယ်မြေများတွင် ညမထွက်ရအမိန့်အပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းမှ စွန့်ခွာလာ သည့် နိုင်ငံခြားများအား ရွှေ့ပြောင်းခြင်း ၊ လက်ခံခြင်းမလုပ်ရန်နှင့် ထိုလုပ်ငန်းများတွင် မပတ်သက်ရန် KNU က ဒေသခံများကို သတိပေးထားသည်။

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ် နယ်မြေ တွင် အွန်လိုင်းလောင်းကစား လုပ်သည့် နိုင်ငံခြားသားများအား လက်မခံရန် မြို့နယ် အလုပ်အမှုဆောင် ကော်မတီ က နိုဝင်ဘာလ ၅ ရက်နေ့တွင် ဒေသန္တရစည်းမျဉ်းစည်းကမ်း အရေးပေါ်ကြေညာချက်ထုတ် ပြန်သည်။

ထိုကြေညာချက်တွင် ပြည်သူများ ည ၈ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရန် ၊ အွန်လိုင်းငွေလိမ် လုပ်ငန်းမှ စွန့်ခွာလာသည့် နိုင်ငံခြားများအား ရွှေ့ပြောင်းခြင်း ၊ လက်ခံခြင်းမလုပ်ရန် ၊ နယ်မြေ မတည်ငြိမ်မှု အခွင့် ကောင်းယူ၍ မည်သည့် လောင်းကစားမှမလုပ်ရန် ၊ နေအိမ်များ၌ ဗုံးခိုကျင်းများ မဖြစ်မနေတူးရန် ဆိုသည့် အချက်များပါဝင်သည်။

စည်းမျည်းစည်းကမ်းကို မလိုက်နာပါက KNU ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းအရ အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင် စစ်ရေးတင်းမာမှု ပြင်းထန်နေသည့်ကာလဖြစ်ပြီး စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက် မှုများ ကျူးလွန်နေကြောင်း၊ ထို့အပြင် စစ်ကော်မရှင်တပ်သည် အွန်လိုင်းငွေလိမ် လုပ်ငန်းများနှင့် လောင်းကစားလုပ်ငန်းများကို ဟန်ပြ နှိမ်နင်းနေကြောင်း၊ အဆိုပါ လုပ်ငန်းများမှ စွန့်ခွာ လာသူများကို ပုံစံမျိုးစုံဖြင့် ရွှေ့ပြောင်းပေးနေကြောင်း KNU ကျုံဒိုးမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ဆိုသည်။

KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “အဲဒီမြို့နယ်တစ်ခုတည်းတော့ တပ်အပ်ပြောလို့ ဘယ်ရမလဲ။ ဒီလိုဗရုတ်သုတ်ခ ဖြစ်နေတဲ့အခြေအနေမှာ ကျွန်တော်တို့ကတော့ ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ လုပ်နေရတာပဲ။ တာဝန်အရှိဆုံးလူတွေကတော့ ဗရုတ်သုတ်ခဖြစ်အောင်လုပ်နေတဲ့သူတွေနဲ့ ဒီပြဿနာ အရင်းအမြစ်ဖြစ်အောင် လုပ်နေတဲ့သူတွေကပဲ တာဝန်ခံရမှာ” ဟု Myanmar Now ကို ပြောသည်။

အမည်မဖော်လိုသည့် KNU ၏ အဆင့်မြင့်အရာရှိတစ်ဦးကလည်း ကျုုံဒိုးမြို့နယ်တွင် စစ်ကော်မရှင်တပ် သည် မြို့ပေါ်ဧရိယာကို ထိန်းချုပ်ထားသော်လည်း ကျေးလက်ဒေသတွင် KNU ထိန်းချုပ်စိုးမိုးထားသည့် ရွာများ ရှိကြောင်းဆိုသည်။

လတ်တလောတွင် KNU ထိန်းချုပ်ထားသည့် ရွာသို့ အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံခြားသားများ ရောက်မလာသေးသော်လည်း ၊ ဝင်လာနိုင်သည့် အလားအလာရှိသဖြင့် ကြိုတင်တားမြစ်ချက် ထုတ်ခြင်းဖြစ်ကြောင်း KNU အဆင့်မြင့်အရာရှိက ဆိုသည်။

စစ်ကော်မရှင်တပ်ဖွဲ့များသည် အောက်တိုဘာလ ၁၉ ရက်နေ့က ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ် ရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်နေရာများကို ဝင်ရောက်ခဲ့သလို  ကမ္ဘာပေါ်တွင် အဆိုးဆုံး သော အွန်လိုင်းလိမ်လည်မှုစခန်းများထဲမှ တစ်ခုအဖြစ် သတင်းထွက်သည့် KK Park အတွင်းမှ အဆောက်အအုံများကို  စီးနင်းခဲ့သည်။

KK Park အား ဝင်ရောက်စီးနင်းမှု လုပ်ဆောင်ပြီးနောက် စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက KK Park တွင် KNU ပါဝင်ပတ်သက်သည်ဟု စွပ်စွဲသည့် အသေးစိတ် ထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့သည်။

KNU ဘက်ကမူ စစ်ကော်မရှင်တပ်၏ စွပ်စွဲမှုများကို အောက်တိုဘာ ၂၆ ရက်တွင် ငြင်းဆိုကြောင်း ကြေညာပြီး KNU က ကနဦးပါဝင်ခဲ့သည့် စီမံကိန်း မြေကွက်မှာ KK Park နှင့် ၃ ကီလိုမီတာ ကွာဝေးကြောင်း ပြန်လည်တုံ့ပြန်ထားသည်။ KNU အနေနှင့် အဆိုပါ စီမံကိန်းမှလည်း ၂၀၂၂ ခုနှစ်တွင် ရပ်ဆိုင်းနုတ်ထွက်ထားသည်ဟု ဆိုသည်။

KK Park ထဲသို့ စစ်ကော်မရှင်တပ်နှင့် BGF တပ်များ ပူးပေါင်း၍ နောက်တစ်ကြိမ် စစ်ဆေးမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည့်နောက် KK Park ထဲမှ လူထောင်ချီသည် အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီခွဲ အချိန်မှစ၍ အုပ်စုလိုက် အပြင်ထွက်လာသည်။

BGF တပ်နယ် (၂) မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက စစ်ကော်မရှင်တပ်သည် KK Park ကိစ္စ ဖိအားပေးလာသဖြင့် KK Park ထဲမှ လူများကို ပြန်ခွင့်ပြုနေခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနသို့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖြေကြားသည်။

စစ်ကော်မရှင်တပ်သည် အောက်တိုဘာလ နောက်ဆုံးပတ်မှာပင် KK Park ဝင်းအတွင်းမှ အဆောက်အအုံ အချို့ကို မိုင်းခွဲ ဖျက်ဆီးမှုများ လုပ်ဆောင်လာသည်။

KK Park အတွင်း အဆောက်အအုံများကို စစ်တပ်က မိုင်းခွဲဖျက်ဆီးနေမှုနှင့်ပတ်သက်၍ အထက်ပါ KNU အဆင့်မြင့်အရာရှိက နိုင်ငံတကာအမြင်တွင် အသိအမှတ်ပြုလာရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်သည်။

“သူတို့လုပ်နေတာက KK park ထဲက အဆောက်အအုံတွေရဲ့ ၁၀ ရာခိုင်နှုန်းတောင်မရှိပါဘူး။ ဆောက် ထားတာမကြာသေးတဲ့ အဆောက်အအုံတွေကိုပဲ ခွဲပြနေတာပါ” ဟု KNU အဆင့်မြင့်အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။

Related Articles

Back to top button