အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မတ္တရာ အင်ကြင်းမြိုင်လေကြောင်းရန်တပ်နှင့် ဆည်တော်ကြီးဆည်ကို စစ်တပ်ပြန်ထိန်းချုပ် 

စစ်ရေးအရ အရေးပါပြီး ဆက်သွယ်ရေးအချက်အချာကျသော လေကြောင်းရန် တပ်တစ်ခုနှင့် ဆည်တော်ကြီး ရေလှောင်တမံတို့ကို စစ်တပ်က ယခုရက်များအတွင်း ပြန်ထိန်းချုပ်လိုက်သည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်နှင့် ဆည်တော်ကြီးဆည် စခန်းများကို ယမန်နေ့ နှင့် ယနေ့ (နိုဝင်ဘာလ ၇ ရက်နေ့) တွင် စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် မြို့နယ်အရှေ့ခြမ်း အင်ကြင်းမြိုင်ကျေးရွာအနီးရှိ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း၊ မြောက်ဘက်ရှိ ဆည်တော်ကြီးရေလှောင်တမံ စခန်းများကို စစ်တပ်က ယနေ့ ပြန်လည် ဝင်ရောက် နေရာယူသွားခြင်းဖြစ်သည်ဟု  ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

“မနေ့က အင်ကြင်းမြိုင်ကို ပြန်ပေးလိုက်ရတယ်။ ဒီနေ့တော့ ဆည်တော်ကြီးကိုပါ (စစ်တပ်က) ပြန်ဝင်သွားပြီ။ ဆည်တော်ကြီး ပြန်ရရချင်းပဲ ရေစလျှော့တော့တာပဲ”ဟု ထိုသူက ဒေသအခြေအနေကို ပြောပြသည်။

စစ်ကော်မရှင်တပ်က စစ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသော အဆိုပါ နယ်မြေများကို ပြန်လည်ရရှိသွားသဖြင့် မတ္တရာမြို့နယ်တွင်းကျေးရွာများမှ ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ပြီး အများအပြား တိမ်းရှောင်နေကြကြောင်း သိရသည်။

မတ္တရာတန်ပြန်ထိုးစစ်ကို ယမန်နှစ်နိုဝင်ဘာလမှ စတင်ခဲ့သော စစ်ကော်မရှင်တပ်သည် လူ၊ လက်နက်၊ နည်းပညာအင်အား အသာစီးဖြင့် အနောက်ခြမ်း၊ အရှေ့ခြမ်းတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ယခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်၍ မြို့နယ် မြောက်ဘက်သို့ ထိုးဖောက်လာသည်၊ ယခုလဆန်းတွင် ဆည်တော်ကြီးအနီး ကျေးရွာများအထိ စစ်တပ် ရောက်လာသည်။ 

လတ်တလောတွင် မတ္တရာမြို့နယ်မြောက်ဘက် တံငါသည် (မြောက်) ရွာအနီးအထိ စစ်ကော်မရှင်တပ်အချို့ ဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်များက ဆုတ်ခွာ ခုခံနေရသည်။ ဒေသခံ အများအပြားသည်လည်း မြောက်ဘက်ရှိ MDY-PDF ထိန်းချုပ်သည့် စဉ့်ကူးနယ်အတွင်း ထွက်ပြေး ခိုလှုံ နေရသည်။

လက်ရှိတွင် မတ္တရာမြို့နယ်် နယ်မြေအများစုကို စစ်တပ်က ထိန်းချုပ်နေရာယူထားသည့် အခြေအနေ ဖြစ်ပေါ်နေသည်။

မတ္တရာမြို့နယ်အတွင်း စစ်ဆင်ရေးများဦးဆောင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကို အထက်ပါ စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းထားသော်လည်း ဖြေဆိုခြင်း မရှိသေးပေ။

စစ်တပ်ဝါဒဖြန့် မီဒီယာများကလည်း မတ္တရာမြို့နယ်တွင် MDY-PDF ထိန်းချုပ်ခဲ့သည့် အင်ကြင်းမြိုင် လေကြောင်းရန် တပ်စခန်းနှင့် ဆည်တော်ကြီးရေလှောင်တမံတို့ကို စစ်တပ်က အပြည့်အဝပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း ယနေ့ ဖော်ပြနေကြသည်။

MDY-PDF သည် တအာင်းတပ် (TNLA) နှင့်အတူ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က စတင်ပြီး “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအဖြစ် မတ္တရာနယ်ကို ထိုးစစ်ဆင်ခဲ့ပြီး တစ်ပတ်အတွင်း မြို့အရှေ့ဘက်မှ စစ်စခန်းရှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ရာ ထိုအထဲတွင် အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်လည်း ပါဝင်ခဲ့သည်။ 

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တစ်ဆက်တည်း တည်ရှိကြသော မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့ တို့ကို ယမန်နှစ်အတွင်း MDY-PDF ဦးဆောင်သော တော်လှန်ရေးတပ်များက ထိန်းချုပ်ခဲ့ကြပြီး တောင်ဘက်ရှိ မန္တလေး အထိ ထိုးဖောက်ရန် ရည်ရွယ်ခဲ့ကြသည်။ 

လက်ရှိတွင် သပိတ်ကျင်းမြို့ပေါ်နှင့်နေရာအများစုကို စစ်တပ်က ပြန်ရယူထားသလို မတ္တရာမြောက်ဘက် အထိ စစ်တပ် ရောက်လာသဖြင့် ထိုနှစ်မြို့ကြားရှိ MDY-PDF ထိန်းချုပ်သည့် စဉ့်ကူးမြို့အခြေအနေကို တော်လှန်ရေးအဖွဲ့ဝင်အချို့နှင့် ဒေသခံအများစုကလည်း စိုးရိမ်နေကြသည်။

အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေးတပ်ကို ယမန်နှစ် ဇူလိုင်လအတွင်း MDY PDF က သိမ်းပိုက်ခဲ့စဉ်။ 

Related Articles

Back to top button