သတင်း

မတ္တရာမြို့ စစ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ဟု MDY-PDF ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ပိုင်းမှ စစ်စခန်းရှစ်ခုကို သီတင်းတစ်ပတ်အတွင်း သိမ်းပိုက်ခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် သီတင်းတစ်ပတ်အတွင်း မြို့အရှေ့ပိုင်းမှ စစ်စခန်းရှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ရာ ထိုအထဲတွင် အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းလည်း ပါဝင်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင် ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

MDY-PDF သည် တအာင်းတပ် TNLA နှင့်အတူ ဇွန်လ ၂၅ ရက်နေ့က စတင်ပြီး ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် စစ်ကောင်စီကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ် TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်းအတွင်းမှ မိုးကုတ်မြို့ကို ဦးဆောင်ထိုးစစ်ဆင်နေချိန်တွင် မတ္တရာမြို့နယ်အရှေ့ခြမ်း တိုက်ပွဲများကို MDY-PDF က ဦးဆောင်တိုက်ခိုက်နေခြင်းဖြစ်သည်။

မတ္တရာတိုက်ပွဲတွင် MDY-PDF သည် ဒေသတွင်းတော်လှန်ရေးတပ်များဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့၊ SSTF အဖွဲ့တို့နှင့်အတူ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည်။

အင်ကြင်းမြိုင်ကျေးရွာအခြေစိုက် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင်၊ ရေစိုတောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်နှင့် မြေနီတောင်တွင်ရှိသည့် အောင်သပြေကျေးရွာအနီး Alpha ဘိလပ်မြေစက်ရုံတပ်စခန်း၏ စိုးမိုးကုန်းတို့ကို သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။

မတ္တရာမြို့နယ်ထဲက သိမ်းဆည်းရမိတဲ့ စခန်းအများစုက မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်း၊ ကားလမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ စခန်းတွေဖြစ်တယ်။ ဒါကြောင့် မြို့နယ်အရှေ့ဘက်ခြမ်းကို ထိန်းချုပ်ဖို့အတွက် အရေးကြီးတဲ့စခန်းတွေဖြစ်တယ်။ တပ်စခန်းအချို့ ကျန်ရှိနေသေးတယ်။ ကျန်ရှိတဲ့စခန်းတွေကိုလည်း ကျွန်တော်တို့ ထိုးစစ်ဆင်နေပါတယ်” ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။

လက်ရှိတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်သည့် စစ်ကောင်စီ၏ စခန်းများသည် မန္တလေး မတ္တရာ ပုသိမ်ကြီးမြို့တို့ကို ခုခံနိုင်ရေးပြင်ဆင်ထားသည့် ခံစစ်စခန်းများဖြစ်ကြသည့်အတွက် စစ်ရေးအတွက် အရေးပါသည့် စစ်စခန်းများဖြစ်သည်ဟုလည်း မတ္တရာမြို့နယ်ခံ တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့တာဝန်ခံက ပြောသည်။

တိုက်ပွဲများအတွင်း လက်နက်ချအညံ့ခံသူနှင့် ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်သား ၆၄ ဦးရှိခဲ့ကြောင်း၊ ၎င်းတို့၏ မိသားစုဝင် ၁၁၇ ဦးတို့ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းကြောင်းလည်း MDY-PDF က ဆိုသည်။

စစ်စခန်းများအတွင်းမှ စစ်ကောင်စီတပ်များ၏ လက်နက်မျိုးစုံ ၁၂၅ လက်နှင့် ခဲယမ်းများကို တော်လှန်းတပ်ဖွဲ့များက ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်သော MDY-PDF တွင် တပ်ရင်း ငါးရင်းရှိသည်၊ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ကတည်းက စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ်တို့နှင့်အတူ ပါဝင်ခဲ့သည်။

စစ်ကောင်စီက တိုက်ပွဲသတင်းများကို သတင်းအမှောင်ချထားသည်။

Show More

Related Articles

Back to top button