အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်း-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ ၂ ခုကို အရေးယူရန် JFM တောင်းဆို

ဗြိတိန်အစိုးရ၏ မြန်မာအပေါ်အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်သည်ဟု သံသယရှိသော ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီနှစ်ခုကို အရေးယူရန် တက်ကြွလှုပ်ရှားသည့်အဖွဲ့ Justice For Myanmar (JFM) က နိုဝင်ဘာလ ၃ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ဗြိတိန်အစိုးရ၏ မြန်မာအပေါ်အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်သည်ဟု သံသယရှိသော ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီနှစ်ခုကို အရေးယူရန် တက်ကြွလှုပ်ရှားသည့်အဖွဲ့ Justice For Myanmar (JFM) က နိုဝင်ဘာလ ၃ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ထိုကုမ္ပဏီနှစ်ခုသည် ဗြိတိန်နိုင်ငံ၏ ပင်လယ်ရပ်ခြား ပိုက်နက်နယ်မြေ ကေမန်ကျွန်းစုနှင့် ဘာမြူဒါတို့တွင် မှတ်ပုံတင်ထားသောAndaman Transportation Limited (ATL), Moattama Gas Transportation Company Limited (MGTC) တို့ဖြစ်သည်။ ထိုကုမ္ပဏီများကို ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီနှင့် အာဏာသိမ်း စစ်ကော်မရှင် ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) တို့က ဖက်စပ်ပိုင်ဆိုင်ကြသည်။

တနင်္သာရီတိုင်း၊ မုတ္တမကမ်းလွန်ရှိ ဇောတိကနှင့် ရတနာဓာတ်ငွေ့စီမံကိန်းများမှ တနင်္သာရီတိုင်းအတွင်း ဖြတ်သန်း၍ ထိုင်းသို့ဓာတ်ငွေ့ပို့ဆောင်ပေးသော ပိုက်လိုင်းကုမ္ပဏီများလည်း ဖြစ်သည်။ မြန်မာလူထုကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ကော်မရှင်သည်ထိုလုပ်ငန်းများမှ နိုင်ငံခြားဝင်ငွေများပြားစွာ ရရှိနေသည်ဟု JFM က ဆိုသည်။

ဗြိတိန်ပိုင်နက် နယ်မြေများတွင် စစ်တပ်နှင့်ဆက်နွယ်သည့်ကုမ္ပဏီများ ဆက်လက်လုပ်ကိုင်နေခြင်းသည် လက်ခံနိုင်စရာမရှိဘဲ ဘာမြူဒါနှင့် ကေမန်ကျွန်းစု အာဏာပိုင်များက အရေးယူရမည်ဖြစ်ကြောင်း JFM  ပြောခွင့်ရ မရတနာမောင်က ဆိုသည်။

“ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အသက်ဝင်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေကို အပြည့်အဝစုံစမ်းစစ်ဆေးရမှာ ဖြစ်ပြီး၊ တရားမဝင်စစ်အုပ်စုကို မိမိတို့နယ်မြေများအတွင်း စီးပွားရေးလုပ်ဆောင်နေတာတွေကို ရပ်တန့်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင် အကျိုးအမြတ်ရနေသည့် ထိုကုမ္ပဏီများနှင့်ပတ်သက်၍ JFM က ကေမန်ကျွန်းစုနှင့် ဘာမြူဒါအာဏာပိုင်များထံတိုင်ကြားခဲ့သော်လည်း တစ်နှစ်ခွဲနီးပါးကြာမြင့်လာသည်အထိ အရေးယူရန် ကြန့်ကြာနေကြောင်း ၎င်းက ပြောသည်။

မုတ္တမကမ်းလွန်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများ ပြမြေပုံ။
 

စစ်ကော်မရှင်အသွင်းပြောင်း စစ်ကောင်စီကို ဗြိတိန်က ၂၀၂၁ ခုနှစ် ကတည်းက ဒဏ်ခတ်ပိတ်ဆို့ထားပြီး MOGE ကို စစ်ကော်မရှင်က အဓိကထိန်းချုပ်ထားရာ အရေးယူပိတ်ဆို့မှုများသည် MOGE အပေါ် သက်ရောက်မှုရှိကြောင်း JFM က ယမန်နေ့ (နိုဝင်ဘာလ ၃ ရက်နေ့) တွင် သတင်းထုတ်ပြန်သည်။

စစ်ဗိုလ်ချုပ်ကြီးများ အာဏာသိမ်းထားသည့်  ၂၀၂၁ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ပိုက်လိုင်းလုပ်ငန်းမှ ဝင်ငွေပေါင်းအနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၈ ဘီလီယံရရှိခဲ့ပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် MOGE သည် အမေရိကန်ဒေါ်လာ၂၃၉ သန်းရရှိနိုင်ကြောင်း JFM က ထုတ်ပြန်သည်။

မုတ္တမကမ်းလွန်ရှိ ဒေါ်လာဘီလီယံချီတန်ကြေးရှိသော ရတနာ၊ ရဲတံခွန်၊ ဇောတိက အမည်ရစီမံကိန်း သုံးခုမှ ကုဗပေသန်းချီပမာဏရှိ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့  ပိုက်လိုင်းကြီးများဖြင့် နေ့စဉ် သယ်ယူတင်ပို့နေသည်။

ထိုသို့တင်ပို့ရာတွင် ဓာတ်ငွေ့များကို မုတ္တမကမ်းလွန် ပင်လယ်ရေအောက်ပိုက်လိုင်းဖြင့် သယ်ဆောင်ပြီး မိုင်ပေါင်း ၄၀ ကျော်ရှည်လျားသော ကုန်းပေါ်ပိုက်လိုင်းဖြင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမှ ကလိန်အောင်မြို့အရှေ့ဘက်မှ မြန်မာ- ထိုင်းနယ်စပ်ကိုဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ပို့လွှတ်ခြင်းဖြစ်သည်။

စစ်အာဏာသိမ်း လေးနှစ်ကျော်အတွင်း မြန်မာ- ထိုင်းနယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်၍ နယ်စပ်ဒေသကို ထိန်းချုပ်လာနိုင်သလို ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်တွင်လည်း နယ်မြေစိုးမိုးမှု ပိုရလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူများက ပြောဆိုထားသည်။

နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (ယခင်အမည်) ရုံးအဝင်ဝကို တွေ့ရစဉ်။ (ဓာတ်ပုံ​ – Supplied)

Related Articles

Back to top button