အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်ကြောရေးငရဲစခန်းကို ဇွန်းတစ်ချောင်းဖြင့် ဖောက်ထွက်ခဲ့သူ လူငယ်တစ်ဦး၏ စွန့်စားခန်း

‘ငရဲခန်း’ ဟူ၍ နာမည်ဆိုးဖြင့်ကျော်ကြားသည့် နိုင်ငံတဝန်းရှိ စစ်ကြောရေးစခန်းများအနက် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ ကိုးမိုင် စစ်ကြောရေးစခန်းလည်း ပါဝင်သည်။ ထိုငရဲခန်းတွင် ခုနစ်ရက်တာ နေခဲ့ရပြီး ရန်သူ၏လက်မှ ရှားရှားပါးပါး လွတ်မြောက်လာခဲ့သည့် တော်လှန်ရေးရဲဘော်မှာ အသက် ၃၀ကျော်အရွယ် ကိုနေရိပ် ဖြစ်သည်။

အခန်းထဲရှိ ကျောက်ခဲတစ်လုံးဖြင့် အချုပ်ခန်း သံတိုင်အောက်ခြေရှိ သစ်သားကို ရည်ရွယ်ချက်မရှိဘဲ ထိုးဆွကြည့်ရာ သစ်သားစပဲ့ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သူ၏ ကံကြမ္မာကို အပြောင်းအလဲဖြစ်စေမည့် အချက်ပြမီးပင်ဖြစ်သည်။

ထိုနေရာကို အချုပ်ခန်းစောင့် မသိသာစေရန် ဂရုတစိုက် ပြန်ဖုံးလိုက်ပြီး အချုပ်ခန်းကို စနစ်တကျ ဖောက်ရန် ကိုနေရိပ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် အချုပ်ခန်း အပြင်ထုတ်ချိန်တွင် သတ္တု ထမင်းစားဇွန်း တစ်ချောင်းအား ယူထားလိုက်ပြီး ဇွန်းကိုသွေး၍ အချုပ်ခန်းသံတိုင်အောက်ခြေ သစ်သားကို တိတ်တဆိတ်ဖောက်သည်။

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနှိပ်စက်လျှင် သေဆုံးခြင်း သို့မဟုတ် ထောင်ချခံရခြင်းနှင့် အဆုံးသတ်နေသည့် ကာလတွင် သူ၏ လွတ်မြောက်လာမှုမှာ ရှားပါးဖြစ်ရပ် ဖြစ်နေသည်။

ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ဆင်ရေးနယ်မြေအမှတ် (၂) တွင် အကျုံးဝင်သည့် ပဲခူးတိုင်း၌ အခြေစိုက်သော ၃၇၀၂ တပ်ရင်း၏ တပ်ခွဲ (၄) တွင်  ကိုနေရိပ် တာဝန်ထမ်းဆောင်နေသည်။ 

ကိုနေရိပ်တို့အဖွဲ့ကို Project Home အဖွဲ့ဟု တော်လှန်ရေးတပ်အသိုင်းအဝိုင်းက သိကြသည်။ သူက အဖွဲ့၏ ထုတ်လုပ်ရေးကဏ္ဍတွင် ဦးဆောင်လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။  သူတို့က တော်လှန်ရေးတပ်များ လိုအပ်သည့် ရှေ့ထွက်မိုင်းများ၊ Drop Bomb (ဒရုန်းဗုံးသီး)၏ ထိပ်တွင် တပ်ဆင်ရသည့် ထိကွဲစနစ်ပါ လက်နက်ပစ္စည်းများသာမက ကျောပိုးအိတ်၊ ပုခက်၊ ကျည်ကာအင်္ကျီ၊ သေနတ်လွယ်ကြိုးနှင့် ကျည်ထည့်သည့်အိတ်များ ထုတ်လုပ်နေသည်။

သူ့အတွက် အာဏာသိမ်းတပ်၏အချုပ်ခန်းထဲမှ သက်စွန့်ဆံဖျားထွက်ပြေးလွတ်မြောက်လာနိုင်ခြင်းသည် တော်လှန်ရေးတာဝန်ကျေခြင်း မဟုတ်သေးပေ။

“ကျွန်တော်တို့အတွက် ခံယူချက်က ရှင်းတယ်၊ တော်လှန်ရေးအတွက် တာဝန်ကျေတယ်ဆိုတာ … ကျွန်တော်သေရင်သေ၊ မသေရင်တော်လှန်ရေးအောင်။ အဲဒီ နှစ်ခု မပြီးမချင်း တော်လှန်ရေးမှာ ဆက်ရှိနေမယ်” ဟု ကိုနေရိပ်က ပြောလိုက်သည်။

စောရယ်/Myanmar Now 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button