အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ငံအလယ်ပိုင်းနှင့် ရခိုင်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်  

ရှမ်းမြောက်တွင် အပစ်ရပ်လိုက်ကြောင်း တအာင်းတပ် TNLA က ထုတ်ပြန်လိုက်ပြီးနောက် စစ်တပ်၏ ပစ်မှတ်သည် တော်လှန်ရေးအားကောင်းရာ နိုင်ငံအလယ်ပိုင်းနှင့် ရခိုင်ဒေသတို့ ဖြစ်လာသည်။

စစ်ကော်မရှင်တပ်က ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့အတွင်း အောက်တိုဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် လေကြောင်းဖြင့် ပစ်ခတ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲဲ့ရာ  ကလေး နှစ်ဦး အပါအဝင် ရှစ်ဦး သေဆုံးကာ တစ်ဒါဇင်ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်နေ့) ညက လေကြောင်းမှ သုံးကြိမ် ဗုံးကြဲခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင ဒေသခံ ငါးဦးသေဆုံးကာ ရှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ထံက သိရသည်။

ကသာမြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသည့် ညောင်ခြေထောက်ရွာကို ယမန်နေ့ ည ၁၀ နာရီနှင့် ၁၁ နာရီကြားတွင် တိုက်လေယာဉ်ဖြင့် ဗုံးသုံးကြိမ်ကြဲကာ တိုက်ခိုက်ခဲ့သည် ဟု  ကသာ ပအဖ အဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

ဒေသခံများအားလုံး နေအိမ်၌ အိပ်မောကျနေချိန် ဖြစ်သောကြောင့်  ထိခိုက်၊ သေဆုံးမှု များပြားခဲ့ သည်ဟု ၎င်းက ဆိုသည်။

“တော်တော်များများက အိပ်နေကြပြီဗျ၊ မအိပ်လည်း အိမ်ထဲပဲနေကြတာဆိုတော့ လူစုနေချိန်ဖြစ်နေ တာပေ့ါဗျာ။ ပထမအကြိမ်ကြဲပြီး ထပ်မကြဲဘူးထင်တာ၊ နှစ်ကြိမ်ထပ်ကြဲတော့ အဲဒီမှာ သေတာရော ထိခိုက်တာရောများကုန်တာ” ဟု အဆိုပါ ပအဖ အဖွဲ့ဝင်က ပြောသည်။

သေဆုံးသူများမှာ မောင်သက်ဖြိုးဦး(၁၀ နှစ်) ၊ ဦးကျော်ထွန်း(၇၂ နှစ်)၊ ဒေါ်ရီ (၆၄ နှစ်) ၊ ဒေါ်သိန်းသိန်းနု (၅၈ နှစ်) နှင့် ဒေါ်စန်းဌေး( ၄၂ နှစ်) တို့ဖြစ်ကြသည်။ ဒဏ်ရာရသူများမှာ မောင်ပိုလျှံကျော်၊ ဦးစိုးဝင်း၊ မဇာနည်ဇော်၊ မောင်ထွန်းရာဇာ၊ မောင်သန့်ဇင်ဟိန်း၊ ဒေါ်အုန်းမေ၊ ဒေါ်ခင်မျိုးလှ နှင့် အသက်(၉၄ နှစ်) အရွယ် ဒေါ်ရွှေမှတ်တို့ဖြစ်ပြီး ဒဏ်ရာများမှာ ပြင်းထန်ပြီး စိုးရိမ်ရသည်ဟု သိရသည်။

ဗုံးပေါက်ကွဲသည့်အသံကို ၁၅ မိုင်ခန့်ဝေးကွာသည့် ကသာမြို့ပေါ်ကပင် ကြားရပြီး မိနစ်အနည်းငယ်စီ ခြားကာ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကသာမြို့ခံ အမျိုးသမီး တစ်ဦးကလည်းပြောသည်။

“အသံရော ဟိန်းထွက်သွားတာ ၁၀ မိုင်ကျော်လောက်ဝေးတဲ့နေရာကတောင် မြေတုန်တယ်။ ဖျက်အား ပြင်းဗုံးတွေသုံးသွားတာ” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊​ အုပ်ချုပ်ရေးမှူးရုံးအပါအဝင် နေအိမ် နှင့် အဆောက်အအုံ ၁၄ လုံး ပျက်စီးခဲ့သည်ဟုအထက်ပါ ကသာ အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။

ကသာ ပအဖ အဖွဲ့ ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများအရ ပျက်စီးနေသည့် ဘုန်းကြီးကျောင်း တစ်ကျောင်း၊ မီးလောင်ထားသည့် နေအိမ်အချို့နှင့် ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်နေသည့် မြေကျင်းကြီး များကို တွေ့ရသည်။

ညောင်ခြေထောက်ရွာသည် ထီးချိုင့်မြို့နှင့်လည်း ၂၆ မိုင်ခန့်ကွာဝေးပြီး ဧရာဝတီမြစ်ကမ်းဘေးတွင် ရှိကာ စစ်သင်္ဘောများနှင့်လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏ ခံရလေ့ရှိသည်။ ကသာမြို့နှင့် ထီးချိုင့်မြို့များကို စစ်တပ်က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သော်လည်း မြို့အနီးဝန်းကျင် ကျေးရွာ အများစုမှာ တော်လှန်ရေးတပ်များ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။

-ညောင်ခြေထောက်ရွာ ဘုန်းကြီးကျောင်းအပျက်အစီးများနှင့် ဗုံးကြောင့်ဖြစ်ပေါ်ထားသောမြေကျင်း တစ်ခု။  (ဓာတ်ပုံ-ကသာပအဖ)
ညောင်ခြေထောက်ရွာ ဘုန်းကြီးကျောင်းအပျက်အစီးများနှင့် ဗုံးကြောင့်ဖြစ်ပေါ်ထားသောမြေကျင်း တစ်ခု။  (ဓာတ်ပုံ-ကသာပအဖ) 

အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)  တပ်များ ထိန်းချုပ်ထား သည့် ဗန်းမောက်မြို့ကို လေကြောင်းမှ ဗုံးအလုံးရေ ၃၀ ကျော်ကြဲချခဲ့သည့်အတွက် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ယနေ့  မွန်းလွဲပိုင်းကလည်း ယင်းမာပင်မြို့နယ်နှင့် ထိစပ်နေသော ယမားချောင်းဘေးရှိ ပုလဲမြို့နယ်၊ ချင်ပြစ်ရွာအဝင်အနီး လေကြောင်းဗုံးကြဲခဲ့ရာ  ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရကာ နေအိမ် နှစ်လုံး ပျက်စီးကြောင်း ယင်းမာပင်ဒေသခံ တစ်ဦးထံက သိရသည်။

“ကြဲတာက မြောက်ယမားဆည်ရဲ့ လက်ယာလက်တံဆည်ဘောင်မှာ ကြဲတာ။ ချင်ပြစ်ရွာအစပ်နေရာပေါ့။ ကိုက် ၁၀၀ လောက်အကွာမှာရှိပြီးတော့ အိမ်နှစ်အိမ် ပျက်စီးသွားတယ်။​ အိမ်တွေမှာ လူရှိမနေတော့ သက်သာတယ်ပြောရမယ်။ ဒီဇယ်လာသွင်းတဲ့ သူတော့ ပွဲချင်းပြီးပဲ။ နောက်တစ်ယောက်ထိတာကတော့ အဲဒီရွာခံ အသက် ၆၀ ဝန်းကျင်လောက်ရှိတဲ့ ဦးလေးတစ်ယောက်” ဟု ချင်ပြစ်ကျေးရွာမှ တော်လှန်ရေး သမားတစ်ဦးက ပြောသည်။

​​စစ်တပ်သည် စစ်ကိုင်းတိုင်းတွင် အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ပြုလုပ်နေပြီး ရွှေဘို၊ တန့်ဆည်၊ ဝက်လက်၊ အရာတော် ၊ မုံရွာ ၊မြင်းမူ၊ ချောင်းဦး ၊ ဆားလင်းကြီး နှင့် ပုလဲ စသည့်မြို့နယ်များတွင် လူသေဆုံးမှုများ ရှိခဲ့သည်။

ယင်းအပြင် စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း မြေပြင်တကျော့ပြန်စစ်ကြောင်းများ ထိုးပြီး စစ်ရေး ဖိအားပေးလာသကဲ့သို့ ဝေဟင်မှ Y12 နှင့် ရဟတ်ယာဉ်များအပြင် Spy Ballon များဖြင့်လည်း စစ်ရေး စောင့်ကြည့်ပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်ဆောင်လာသည်။

ယခုလေကြောင်းတိုက်ခိုက်ခံရသည့် ချင်ပြစ်ရွာသည် တိုက်နယ်အဆင့် ကျေးရွာဖြစ်ပြီး ရဲစခန်းနှင့် ဆေးရုံများမှာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီး လပိုင်းကတည်းကပင် လည်ပတ်နိုင်ခြင်းမရှိခဲ့ပေ။

စစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့ကလည်း အဆိုပါ မြောက်ယမားဆည်အနီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးပြီး ယင်းတိုက်ခိုက်မှုတွင် ယမားဆည်စီမံကိန်း အဆောက်အအုံ တစ်ခု ပျက်စီး သော်လည်း လူထိခိုက်သေဆုံးမှု မရှိခဲ့ပါ။

ယမန်နေ့က မန္တလေးတိုင်း၊ စဉ့်ကူးမြို့အနီးတဝိုက်သို့ လေယာဉ် ငါးစီးဖြင့် မွန်းတည့်ချိန်မှစတင်ကာ လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများ ဖော်ပြနေသော Wetlet Information Network က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ဧရာဝတီ မြစ်ကူးတံတား (ရတနာသိင်္ခ) တံတားကို ယမန်နေ့ နံနက်တွင် ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူအထိအခိုက်မရှိခဲ့ပေ။

ရခိုင်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်နှင့်ပေါက်တောမြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က ယမန်နေ့နှင့် ယနေ့ မွန်းလွဲအချိန်များတွင် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်၊ ဗုံးကြဲမှုကြောင့်  ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယနေ့ (အောက်တိုဘာလ ၃၀ ရက်နေ့) မွန်းတည့်၂ နာရီခန့်က ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းရွာကို စစ်တပ် က ဒရုန်းဖြင့်ဗုံးကြဲရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအေးလှိုင် (၅၂ နှစ်) သေဆုံးပြီး ကိုဖြိုးဝေထွန်း (အသက် ၂၃ နှစ်)၊ ကိုမောင်မောင်ဌေး (အသက် ၃၈ နှစ်)တို့ ဒဏ်ရာရသွားသည်။

ယင်းမတိုင်မီ မွန်းလွဲ ၁ နာရီခန့်က ပုဏ္ဏားကျွန်းမြို့ကိုလည်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူ အထိအခိုက်မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မြို့ထဲကို နှစ်ကြိမ် ဂျက်လေယာဥ်နဲ့လာချတာရှိတယ်။ အထိအခိုက်တော့မကြားမိသေး”ဟု ၎င်းက ဆိုသည်။

ပုဏ္ဏားကျွန်းမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့်ဗုံးကြဲခြင်း၊ အနီးရှိ စစ်တွေမြို့ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံများ မြို့ထဲသို့မဝင်ရဲသေးဘဲ အနီးအနား ကျေးရွာများ တွင် စစ်ဘေးရှောင်နေကြသည်။

ယမန်နေ့ (အောက်တိုဘာ ၂၉ ရက်နေ့) မွန်းလွဲ  ၂ နာရီ ကလည်း ပေါက်တောမြို့နယ်၊ တောင်ညိုရွာကို စစ်တွေမြို့အခြေစိုက်စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ မဇင်ချိုအိ ( အသက် ၅ နှစ်) သေဆုံးခဲ့ သည်။ ထို့ပြင် မဇင်ချိုအိ၏ဖခင် ကိုနေဇော်ထွန်း (၃၀ နှစ်)နှင့် ဦးမောင်စိန်ဝင်း (၆၆ နှစ်) ဒဏ်ရာရရှိ သွားပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

 ဒဏ်ရာရသွားသော ဦးမောင်စိန်ဝင်း (၆၆ နှစ်) ။ (ဓာတ်ပုံ-ပေးပို့) 

အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့က အမ်းမြို့ကို လေယာဉ်က ဗုံးကြဲရာ အသက် ၉ နှစ်အရွယ် ဆလိုင်းသိန်းဇော်သန်း ဒဏ်ရာရသွားသည်။ထို့ပြင် ယင်းနေ့က စစ်တပ်က ဗုံးကြဲသဖြင့် ပုဏ္ဏားကျွန်း ၊ ကွမ်းတောင်ရွာသို့ လူနာသွားယူသည့် အသက် ၁၄ နှစ်အရွယ် ပရဟိတသမား မောင်​ဌေး​အောင်ဟိန်း (ခ) ကိုလတ် သေဆုံးခဲ့သည်။

ယင်းနေ့မှာပင် ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းရွာကို ဗုံးကြဲမှုကြောင့် မောင်ငြိမ်းချမ်းစိုး(၁၅ နှစ်)နှင့် ကိုစောဝင်းနိုင် (၁၉ နှစ်)တို့ဒဏ်ရာရရှိသွားသည်။

ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်၏လက်ချက်ကြောင့် ၂၀၂၃  ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ၂၀၂၅ ၊စက်တင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးသူ ၉၇၀ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၅၄ ဦး ရှိပြီး လူပေါင်း ၁၀၀၀ ဖမ်းဆီးခံထားရကြောင်း အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

AA သည်  ရခိုင် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားသည်။  လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူ၊ ရခိုင်နှင့်နယ်မြေဆက်စပ်လျက်ရှိသော မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း စသော နေရာသုံးခုတွင်လည်း စစ်တပ်နှင့်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကော်မရှင်သည် ရှမ်းမြောက်ဒေသများကို ပစ်မှတ်ထားဗုံးကြဲနေရာမှ တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် တအာင်းတပ် (TNLA) နှင့် အောက်တိုဘာလ ၂၉ ရက်နေ့ (၀၀း၀၀) နာရီမှစတင်၍ အပစ်ရပ်လိုက်ရာ နိုင်ငံ အလယ်ပိုင်းနှင့် ရခိုင်ဒေသများကို ပိုမိုပစ်မှတ်ထားလာနေသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော သတင်း အချက်အလက်များအရ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့်  ၈၇ ဦး သေဆုံးခဲ့သည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အောက်ကလေးငယ်  ၂၈ ဦး ပါဝင်သည်။ 

အဆိုပါရက်အတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများအနက် ရှမ်းပြည်နယ်တွင် ၄၀ ဦးဖြင့် အများဆုံး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၂၁  ဦးဖြင့် ဒုတိယအများဆုံးသေဆုံးခဲ့သည်။ 

Related Articles

Back to top button