ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ ဝိဇ္ဇာ၊ သိပ္ပံဆိုင်ရာ အတွင်းရေးမှူး ကိုသက်တင်အောင်သည် မန္တလေးတိုင်း၊ ကူမဲမြို့အနီး မေ ၂၄ ၌ ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း အဆက်အသွယ်မရတော့ကြောင်း မိသားစုဝင်များက ယနေ့ (မေ ၂၆) တွင် ပြောသည်။
ထိုနေ့က မိတ်ဆွေဖြစ်သူ ကိုပိုင်စိုးနှင့်အတူ တောင်ငူမှ မန္တလေးမြို့သို့အသွား ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ကိုသက်တင်အောင်၏ မိခင်က Myanmar Now ကို ပြောသည်။
“ဘယ်နေရာကို ဖမ်းသွားတယ်ဆိုတာကိုလည်း အတိအကျလည်း မသိရဘူး။ သတင်းအစအနလည်း မရတဲ့အခါကျတော့ ဘယ်ကိုလိုက်ရမှန်းလည်း မသိဘူး” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်ငူမြို့ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ တောင်ငူမြို့ခံ အသက် ၂၅ နှစ်အရွယ် ကိုသက်တင်အောင်သည် ပြီးခဲ့သည့် မတ် ၁၇ ကတည်းက ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်တင်အောင်ကို ဖမ်းဝရမ်းထုတ်သည့် အချိန်မှစ၍ စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက တောင်ငူရှိ ၎င်းနေအိမ်သို့ မကြာခဏ လာရောက်မေးမြန်းခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ အင်အားသုံးရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း မိခင်ဖြစ်သူက ပြောသည်။
“ကျွန်မသားလေး ဘယ်မှာ ထိန်းသိမ်းခံထားရတယ်၊ အသက်အန္တရာယ်ကင်းဖို့နဲ့ သက်ရှိထင်ရှားရှိဖို့ တတ်နိုင်သလောက် ကူညီပေးကြပါ”ဟု ကိုသက်တင်အောင်၏ မိခင်က ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ပစ်ခတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုတို့ကြောင့် သေဆုံးခဲ့ရသူ ပြည်သူ ၈၂၇ ဦးအထိ ရှိနေပြီး အမှန်တကယ်အရေအတွက်မှာ ထို့ထက်ပိုများနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ (မေ ၂၆) တွင် ထုတ်ပြန်ထားသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးရခြင်းဖြစ်ပြီး တချို့မှာ စစ်ကြောရေးစခန်းများတွင် နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခဲ့ရသည်။
စစ်ကြောရေးစခန်းတွင် သေဆုံးသူ အနည်းဆုံး ၂၁ ဦးအထိ ရှိနေပြီဖြစ်သည်ဟု AAPP က ပြောသည်။
ကိုသက်တင်အောင်သည် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းကလည်း ရခိုင်ပြည်နယ်ရှိ မူလတန်းကျောင်းသို့ လက်နက်ကြီးကျရောက်မှု၊ ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ထားမှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကန့်ကွက်ဆန္ဒပြခဲ့ရာ ငြိမ်းစုစီ ပုဒ်မ (၁၉) ဖြင့် တရားစွဲဆိုခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။
ကိုသက်တင်အောင်နှင့် မိတ်ဆွေ ကိုပိုင်စိုးတို့ ၂ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို အတိအကျမသိရှိရသေးကြောင်း၊ စစ်ကြောရေးကာလ သေဆုံးသွားသူများရှိနေသဖြင့် ဖမ်းဆီးခံရသူတို့၏ အသက်အန္တရာယ်ကို စိုးရိမ်နေကြောင်း ဗကသဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ပြောသည်။
“သူက စစ်အာဏာရှင်ကို အာဏာသိမ်းမှ ဆန့်ကျင်ခဲ့တာမဟုတ်ဘူး။ ရှေ့မှာ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း ဆန့်ကျင်ခဲ့တာကြောင့် ထောင်ကျခဲ့တာတွေရှိပါတယ်။ ဒါ့ကြောင့် စစ်တပ်ကကောင်တွေက သူ့ကို အငြိုးထားမှာကို စိုးရိမ်ရပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ပြည်ထဲရေးဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်၏ ညီဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစိုးမိုးလှိုင်သည်လည်း မေ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် မေ ၂၄ တွင် သေဆုံးခဲ့ရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွစွာလှုပ်ရှားနေသော ကျောင်းသားများကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီး နှိပ်ကွပ်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
ဗကသဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ မိတ်ဆွေသုံးဦးမှာ ဧပြီ ၆ ကတည်းက ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသည်။
ပဲခူးမြို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အဆုတ်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည့် ဗကသကျောင်းသား ကိုသဲမောင်မောင်၏ နာရေးအခမ်းအနားကို စစ်ကောင်စီတပ်က မတ် ၂၈ ၌ ပစ်ခတ်ဖြိုခွဲခဲ့သေးသည်။
မြင်းခြံ၊ တလုပ်မြို့ကျေးရွာတွင် တက္ကသိုလ်ကျောင်းသား ကိုဇင်ကိုထွန်း မေ ၁၂ ၌ အဖမ်းခံရပြီး နောက်တစ်နေ့တွင် ဒဏ်ရာများစွာနှင့် သူ၏ ရုပ်အလောင်းကိုသာ မိသားစုက ပြန်ရခဲ့သည်။



