သတင်း

စစ်တပ်က ပစ်သတ်ခဲ့သည့် ပဲခူး ဗကသကျောင်းသားနာရေး ဖြိုခွဲခံရ 

ပဲခူးမြို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ဗကသကျောင်းသား ကိုသဲမောင်မောင်၏ နာရေးအခမ်းအနားကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ယနေ့ နံနက်ပိုင်းက ပစ်ခတ်ဖြိုခွဲခဲ့သည်။

အဆုတ်ကျည်ထိမှန်ဒဏ်ရာဖြင့် ယမန်နေ့က ကျဆုံးခဲ့သည့် အသက် ၂၀ အရွယ် ကိုသဲမောင်မောင်၏ ဈာပနကို ယနေ့ နံနက် ၁၀ နာရီ၊ ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊ သုသာန်တွင် ပြုလုပ်နေစဉ် စစ်ကောင်စီ၏ လက်နက်ကိုင်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုကြောင့် လိုက်ပါပို့ဆောင်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဈာပနတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

“နာရေးကို ပန်းစည်းတွေကိုင်၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် ခွပ်ဒေါင်းအလံအနက် ထောင်သွားတယ်။ သုသာန်ရောက်ပြီး အလောင်းကို အမိန့်စာပြန်တဲ့အချိန်ရောက်မှ အပြင်ကနေ လှမ်းပစ်တာ။ ကျွန်တော်တို့လည်း လွတ်ရာကို တောလမ်းတွေထဲ ဖြတ်ပြီး လွတ်ရာထွက်ပြေးရတယ်။ အနောက်ဘက်မြေသားလမ်းထိပ်ထိ လိုက်လာပြီး ပစ်ခတ်တယ်” ဟု နာရေးလိုက်ပါပို့ဆောင်ခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

နာရေးအခမ်းအနားတွင် ပစ်ခတ်ဖြိုခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် ဖမ်းဆီးခံရမှုအခြေအနေကို လတ်တလော မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။ 

ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သော မတ် ၂၇  ပဲခူးမြို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွဲရာတွင် ကိုသဲမောင်မောင်အပါအဝင် ပြည်သူ ၄ ဦး ကျဆုံးခဲ့သည်။

အသက် ၂၀ အရွယ် ကိုသဲမောင်မောင်သည်လည်း ဒဏ်ရာအပြင်းအထန်ရကာ ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ 

အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြသူများကို နောက်စေ့နှင့် နောက်ကျောကို ပစ်ခတ်ခံရနိုင်သည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် မတ် ၂၇ ရက်နေ့တွင် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့ရာ ယင်းနေ့တစ်နေ့တည်းမှာပင် နိုင်ငံတစ်ဝန်း မြို့နယ် ၄၀ ခန့်တွင် အရပ်သား ပြည်သူ ၁၀၀ ကျော် ကျဆုံးခဲ့ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းတွင် သေဆုံးမှုအများဆုံးနေ့ ဖြစ်ခဲ့သည်။

စစ်ကောင်စီလက်နက်ကိုင်များသည် ဆေးရုံများအတွင်းထိပါ ဝင်ရောက်ပစ်ခတ်မှုများရှိနေပြီး ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ရှိ အာရှတော်ဝင်ဆေးရုံအတွင်း ယနေ့ ဝင်ရောက်ပစ်ခတ်ခဲ့၍ ဆေးရုံဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့သည်။

Show More

Related Articles

Back to top button