
နိုင်ငံတချို့တွင် စက်သုံးဆီကုမ္ပဏီ ရှက်ဗရွန် (Chevron) ကို ပြီးခဲ့သည့် သောကြာ၊ စနေနေ့တို့တွင် ဆန္ဒပြကြရာ အာဏာသိမ်းစစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆိုခဲ့ကြသည်ကို တွေ့ရသည်။
အမေရိကန်နိုင်ငံ၏ အကြီးမားဆုံး စက်သုံးဆီကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော ရှက်ဗရွန်၏ ယနေ့ မေ ၂၆ ရက်နေ့ ရှယ်ယာရှင်များအစည်းအဝေးမတိုင်မီ ထိုသို့ဝိုင်းဝန်းဆန္ဒပြကြခြင်း ဖြစ်သည်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ဆန္ဒပြပွဲတွင် ကုမ္ပဏီ၏ မြန်မာနိုင်ငံတွင်းလုပ်ငန်းများ၊ တောင်အမေရိကရှိ အမေဇွန်မိုးသစ်တောလုပ်ငန်းများ၏ ဆိုးကျိုးများကို ကန့်ကွက်ဆန့်ကျင်ခဲ့ကြသည်။
ဆန္ဒပြပွဲအား ဦးဆောင်သူတစ်ဦးဖြစ်သည့် ဂျက်အစ်ဒ် (Jack Eidt) က ရှက်ဗရွန်သည် အမေရိကန်အစိုးရနှင့် လက်တွဲပြီး အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးသင့်သည်ဟု ပြောသည်။
“ရှက်ဗရွန်ရဲ့ သဘာဝဘေးပတ်ဝန်းကျင်ကို ဂရုမထားဘဲ အကျင့်ပျက်ခြစားနေတဲ့ စီးပွားရေးလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေဟာ သူတို့လုပ်နေကြ စီးပွားရေးလုပ်ငန်းပုံစံပါပဲ။ အမြတ်အစွန်းကိုသာ ရှေ့ထားပြီး လူသားတွေနဲ့ ကမ္ဘာမြေကြီးကိုတော့ ဂရုမစိုက်တဲ့သဘောပါ။ သူတို့က သူတို့အတွက် အမြတ်အစွန်းရမယ်ဆိုရင် စစ်ကောင်စီကို ထောက်ခံပြီး ပိုက်ဆံထောက်ပံ့နေမှာပဲ။ ရှက်ဗရွန်အနေနဲ့ စစ်ကောင်စီကို ထောက်ပံ့နေတာကို ရပ်စေချင်တယ်” ဟု ဂျက်အစ်ဒ် (Jack Eidt) က ပြောသည်။
သောကြာနေ့တွင် ဆန်ဖရန်စစ္စကိုမြို့ရှိ ကုမ္ပဏီ၏ ဆီသန့်စက်ရုံရုံးရှေ့တွင် စုစည်းဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
မြန်မာအမေရိကန်ဒီမိုကရက်တစ်ညွန့်ပေါင်းအဖွဲ့ (Burmese American Democratic Alliance) ၏ အဖွဲ့ဝင် ဦးညွန့်သန်းက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအား အရေးယူရန် အမေရိကန်အစိုးရကို တောင်းဆိုခဲ့သည်။
“ဖေဖဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးကတည်းက လူပေါင်း ၈၀၀ကျော်ရဲ့ အသက်တွေ ဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။ ရှက်ဗရွန်က မြန်မာပြည်က (စစ်ကောင်စီရဲ့) လူသတ်ပွဲကို ငွေကြေးထောက်ပံ့ပေးနေတာဖြစ်ပြီး ဒါကို ရပ်တန့်ဖို့ဆိုရင်တော့ သမ္မတဘိုင်ဒင်အနေနဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့လိုပါတယ်။ ဒါမှလည်း ဒီလို (ရှက်ဗရွန်ရဲ့) ငွေကြေးထောက်ပံ့နေမှုဟာ တရားမဝင်ဖြစ်သွားမှာပါ” ဟု ၎င်းက ပြောပါသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်တွင်ရှိပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍ အာဏာသိမ်းစစ်ကောင်စီ၏ တိုက်ရိုက်စီမံခန့်ခွဲမှုအောက်သို့ ရောက်ရှိသွားခဲ့သည်။
ဩစတေးလျ၊ ဖိလစ်ပိုင်နိုင်ငံတို့တွင်လည်း ရှက်ဗရွန်ဆန့်ကျင်သော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။
လူမှုအရပ်ဘက်အဖွဲ့အစည်းများကလည်း အွန်လိုင်းမှ ကောက်ခံရရှိသော လက်မှတ်များကို ကုမ္ပဏီ၏ CEO မိုက်ကယ်ရက်သ်ထံ ပို့ဆောင်၍ “မြန်မာစစ်တပ်အား ငွေကြေးထောက်ပံ့နေမှုများ ရပ်တန့်ရန်” တောင်းဆိုဖိအားပေးနေကြသည်။ အွန်လိုင်းပေါ်တွင် လက်မှတ်ပေါင်း ၁၅,၀၀၀ ကျော် ရရှိခဲ့ပြီးဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အာဏာသိမ်းစစ်ကောင်စီ၏ အဓိကအခွန်ဘဏ္ဍာငွေအရင်းအမြစ်ဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးများကို နိုင်ငံတကာဥပဒေနှင့်အညီ ဖိအားပေးနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင် ရုံးချုပ်အခြေစိုက်သော ရှက်ဗရွန်ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော စက်သုံးဆီထုတ်လုပ်သော ကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဈေးကွက်ပေါက်ဈေး အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ကျော်ပိုင်ဆိုင်သည်။
မြန်မာနိုင်ငံတွင် Total ကုမ္ပဏီက လုပ်ဆောင်နေသော ရတနာကမ်းလွန်ဓာတ်ငွေ့ထုတ်လုပ်မှုလုပ်ငန်းတွင် ရှက်ဗရွန်က ၂၈.၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ ရှက်ဗရွန်သည် ရတနာပိုက်လိုင်းလုပ်ငန်းတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ထိခိုက်မှုရှိသော ကရင်ရွာသားများက ရှက်ဗရွန်နှင့် ဆက်စပ်နေသည့် Unocal ကုမ္ပဏီကို အမေရိကန်နိုင်ငံရှိ တရားရုံးများတွင် ၁၉၉၆ခုနှစ်က တရားစွဲဆိုခဲ့ဖူးသည်။
ရတနာပိုက်လိုင်းလုပ်ငန်းနှင့် ဆက်စပ်သော လူသတ်ခြင်း၊ အတင်းအဓမ္မရွှေ့ပြောင်းနေထိုင်စေခြင်း၊ အဓမ္မအလုပ်ခိုင်းစေမှုများ၊ မုဒိမ်းကျင့်မှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စွဲဆိုခြင်းဖြစ်သည်။ ထိုစွဲချက်များအတွက် ကရင်တိုင်းရင်းသားများကို တရားခွင်ပြင်ပတွင် လျော်ကြေးငွေများပေးကမ်း၍ အမှုကျေအေးစေခဲ့သည်။