သတင်း

မိုးဗြဲရဲကင်းစခန်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီ သတင်းထိမ်ချန်

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သော မိုးဗြဲမြို့မရဲစခန်းကို ပြည်ထဲရေးဝန်ကြီးသွားရောက်ခဲ့သည်ဟု စစ်ကောင်စီက ယနေ့ (မေ ၂၆) တွင် သတင်းထုတ်ပြန်ခဲ့သော်လည်း သေဆုံးခဲ့သော တပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍မူ တစ်လုံးတစ်ပါဒမျှ မဖော်ပြဘဲ သတင်းထိမ်ချန်ထားသည်။ 

စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် မေလ ၂၅ ရက်တွင် မိုးဗြဲရဲကင်းစခန်း၌ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် ဖော်ပြခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထဲရေးဝန်ကြီးက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ချီးမြှင့်ထောက်ပံ့ငွေများကို တစ်ဦးချင်း ချီးမြှင့်ပေးအပ်ကာ နှစ်သိမ့်အားပေးစကားပြောကြားသည်ဟု စစ်ကောင်စီသတင်းစာက အမွှမ်းတင်ထားသော်လည်း နှစ်သိမ့်ရသည့်အကြောင်းကိုမူ လုံးဝဖော်ပြခြင်း မရှိပေ။ 

စစ်ကောင်စီပြည်ထဲရေးဝန်ကြီးသည် ဖယ်ခုံမြို့မရဲစခန်းသို့လည်း သွားရောက်ကာ မိသားစုဝင်များကို တွေ့ဆုံအားပေးလျက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီထိန်းချုပ်သတင်းစာတွင် လေးကော်လံစာသတင်းတိုဖော်ပြချက်တွင် မိသားစုဝင်များကို ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် အားပေးနှစ်သိမ့်နေသည့် ဓာတ်ပုံကို နှစ်ကော်လံစာ နေရာယူဖော်ပြထားသည်။

ရဲစခန်းများတိုက်ခိုက်ခံရပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးက ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးခဲ့ကြောင်း အရေးတယူဖော်ပြခဲ့သော်လည်း တိုက်ခိုက်ခံရသည့် ရဲစခန်းများနှင့် ပတ်သက်၍သော်လည်းကောင်း၊ သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍သော်လည်းကောင်း အရေးတယူဖော်ပြခဲ့ခြင်း အလျှင်းမရှိပေ။

ပြီးခဲ့သည့် မေလ ၂၃ ရက်က ရှမ်းနှင့် ကယားနယ်စပ်ရှိ မိုးဗြဲမြို့မရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့သည့် KPDF တပ်ဖွဲ့ဝင်တစ်ဦးကမူ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၄ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု ဆိုသည်။ 

ရဲစခန်းကို စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ KPDF အဖွဲ့ဝင်တစ်ဦး၏ အဆိုအရ အပြန်အလှန်ပစ်ခတ်နေချိန်တွင် ရဲစခန်းအတွင်းဘက် ကတုတ်ကျင်းများထဲမှ အကာအကွယ်ယူခုခံခဲ့သည့် ရဲနှင့် စစ်သား ၃၀ ခန့် ရှိကာ ထွက်ပြေးသူ အများစုရှိခဲ့၍ စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့သည်။ 

ရဲစခန်းများ စီးနင်းတိုက်ခိုက်ခံရချိန်တွင် စစ်ကူလာသော စစ်ကားခြောက်စီးကိုလည်း KPDF က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ 

လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်များတွင် ရဲစခန်းဝင်စီးခံရစဉ်အတွင်း ရဲနှင့် စစ်သားများ အတုံးအရုံးလဲကျသေဆုံးနေသည်ကို တွေ့ရှိရသည်။ 

ထိုသို့တိုက်ခိုက်ခံရပြီး နောက်တစ်နေ့ထုတ် စစ်ကောင်စီထိန်းချုပ်သတင်းစာများတွင် သာမန်ရဲကင်းစခန်းတစ်ခု တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးကြောင်း မှေးမှိန်ဖော်ပြထားပြီး ထိခိုက်သေဆုံးသည့် အရေအတွက်နှင့် ပတ်သက်၍ အတိအကျဖော်ပြခဲ့ခြင်း မရှိပေ။ 

အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထိမ်ချန်ခြင်းနှင့် သတင်းလိမ်လည်ဖော်ပြခြင်းမှာ အထူးအဆန်းမဟုတ်တော့ဘဲ နိုင်ငံပိုင်သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် စစ်တပ်ပိုင်မီဒီယာများ အားလုံး၏ ဦးတည်ချက်မှာ စစ်တပ်အတွင်းမှ တပ်မှူးတပ်သားများသာဖြစ်ကြောင်း ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဆိုသည်။

“ဖုံးကွယ်လို့မရပေမဲ့ ဖုံးကွယ်နေတာပေါ့နော်။ တကယ်တော့ သူ့တပ်ထဲက တပ်မှူးတပ်သားတွေကို တခြားဟာတွေ ပိတ်ပင်ပြီးတော့ ဒီဟာတွေပဲ ကြည့်ခိုင်းနေတဲ့အတွက်ကြောင့် အဲဒီအတွက်ရည်ရွယ်ပြီးတော့ သူတို့ သေချာလုပ်နေတယ်” ဟု ဦးစည်သူအောင်မြင့်က ပြောသည်။ 

Show More

Related Articles

Back to top button