အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ပစ်ခတ်မှုကြောင့် လွိုင်ကော်ဘုရားကျောင်းအတွင်း ၄ ဦးသေ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကယန်းသာယာရွာဘုရားကျောင်းကို စစ်ကောင်စီတပ်က ယနေ့ (မေ ၂၄) နံနက် ၁ နာရီတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ရွာသား ၄ ဦး သေဆုံးပြီး ၈ ဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုရွာနှင့် နီးသည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် ယမန်နေ့က ဖြစ်ခဲ့သည့် တိုက်ပွဲကြောင့် ဘုရားကျောင်းထဲတွင် ရွာသားအများအပြား လာရောက်ခိုလှုံနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ဒဏ်ရာရသူများမှာလည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး လမ်းတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အရေးပေါ်ခွဲစိတ်ကုသရန် လွိုင်ကော်ပြည်သူ့ဆေးရုံသို့ တင်ပို့၍ မရသေးကြောင်းလည်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။  

လွိုင်ကော်-မိုးဗြဲ ကားလမ်းမဘေးရှိ ကယန်းသာယာရွာသည် လွိုင်ကော်မှ ၆ မိုင်အကွာတွင်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်။ ယမန်နေ့က မိုးဗြဲတွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နှင့် တိုက်ပွဲပြင်းထန်နေစဉ် လွိုင်ကော်မှ စစ်ကူလာသော စစ်ကောင်စီတပ်များကို ဒေသခံတချို့က လမ်းခုလတ်တွင် တားဆီးပိတ်ဆို့ခဲ့သည်။

“မိုးဗြဲမှာ ရဲစခန်းကျသွားတော့ လွိုင်ကော်ဘက်က စစ်သားတွေ စစ်ကူဖို့သွားတာ၊ KPDF က ကယန်းသာယာရွာဘေးက ကြားဖြတ်တိုက်တာ စစ်ကူမရောက်ဘူးဖြစ်သွားတယ်။ နောက်ဆုံး ရွာထဲထိပါ ပစ်ခတ်မှုတွေဖြစ်သွားတော့ ရွာသူရွာသားတွေ ကြောက်လန့်ပြီး ဘုရားကျောင်းထဲ ပြေးပုန်းကြတာ” ဟု အဆိုပါ ဒေသခံက ပြောသည်။

လက်နက်ကြီးကျသဖြင့် ဘုရားကျောင်းမှ ထွက်ပြေးတိမ်းရှောင်သူများကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်နေပြီး အနီးအနားရှိ ဂူထဲတွင် ထပ်မံခိုလှုံနေရကြောင်း ပြောသည်။

ကယား(ကရင်နီ)ပြည်နယ်တွင် စစ်ကောင်စီတပ်သည် KPDF သာမက အခြားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားနေသည်။ ဒေသခံ သောင်းနှင့်ချီ စစ်ဘေးရှောင်နေရသည်။

စစ်တပ်လက်နက်ကြီးကျည် ဘုရားကျောင်းသို့ ကျရောက်သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မေးမြန်းရန် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်၍မရသေးပေ။  

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button