နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ပဲချက်ကျေးရွာကို စစ်ကော်မရှင်က ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်နေ့ ) နံနက်အစောတွင် အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ လေးဦးသေဆုံးပြီး နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
နွားထိုးကြီးမြို့အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာ ပဲချက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေထီး သုံး စီးဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အသက် ၅၅ နှစ်ဝန်းကျင်အရွယ် ဦးခင်မောင်ဝင်း၊ ဦးကျော်နိုင်၊ ဒေါ်ခင်သန်းနုနှင့် အသက် ၉၁ နှစ်အရွယ် ဒေါ်ခင်တင့်တို့ သေဆုံးခဲ့ကြောင်း နွားထိုးကြီး ဒေသခံ အမျိုးသား တစ်ဦးက Myanmar Now ကို ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၄၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ၎င်းက ဆိုသည်။
“ပွဲချင်းပြီးကတော့ သုံး ယောက် သေတာပေါ့။ ဒဏ်ရာအပြင်အထန်နဲ့တစ်ဦးက နောက်ပြီးတော့မှ ထပ်ပြီး သေတာဆိုတော့ လေး ယောက် ဖြစ်သွားတာပေါ့။ နှစ် ယောက် ဒဏ်ရာရတယ်လေ။ သူတို့ရဲ့ နေအိမ်တွေ လည်း ပျက်စီးတယ်” ဟု ၎င်းက ဆက်ပြောသည်။
“ဝေဟင်က မျိုးစုံနဲ့လာချနေတာဆိုတော့ ပြည်သူလူထုကတော့ မနေရဲဘူးပေါ့ဗျာ”
အမည်မဖော်လိုသည့် နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကလည်း အင်ဂျင်တပ်လေထီးများသည် နံနက် ဝေလီဝေလင်း နှင်းမကွဲသေးသည့် အချိန် လာရောက်တိုက်ခိုက်ခဲ့ပြီး နေအိမ်များပေါ်သို့ ဗုံးသီး ၁၀ လုံးဝန်းကျင်ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပြောသည်။
“နှင်းကလည်း မကွဲသေးတော့ အပေါ်လည်း မမြင်ရသေးတော့ နေအိမ်ထဲမှာ ရှိတဲ့အချိန် အိမ်ပေါ် တည့်တည့်ကျတော့ သေဆုံးတာပေါ့” ဟု အထက်ပါဒေသခံက ဆိုသည်။
သေဆုံးသူများအနက် ဦးကျော်နိုင်၊ ဒေါ်ခင်သန်းနုတို့မှာ ဇနီးမောင်နှံများဖြစ်ပြီး အသက် ၉၁ နှစ်အရွယ် ဒေါ်ခင်တင့်မှာ ဒေါ်ခင်သန်းနု၏ မိခင်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယမန်နေ့က ပဲချက်ကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရဖြစ်စဉ်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ယခင်ကလည်း Y12 အမျိုးစားလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရဖူးကာ ထိုစဉ်က ဒေသခံတစ်ဦးသေဆုံး၍ နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ညနေနှင့် ညပိုင်းတွင် နွားထိုးကြီးမြို့နယ်အနှံ့တွင် စစ်ကော်မရှင်က လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကော်မရှင်၏ မြေပြင်စစ်ကြောင်းများလည်းဆက်ရှိနေပြီး စစ်ရှောင်နေရသည်ဟု ဒေသခံများကလည်း ဆိုကြသည်။
ယမန်နေ့တစ်ရက်တည်းတွင် မြင်ခြံခရိုင်ထဲရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန်မြို့နယ်တို့တွင် ဒရုန်း၊ လေကြောင်းနှင့် ၊လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရကြောင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေ သော မြင်းခြံလူထူလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်အရှေ့ဘက် ဖိုခနောက်ဆိုင် တည်ရှိသည့် မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့သည် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများ က စိုးမိုးထားသည်။
စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာနောက်ဆုံးပတ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့ပြီး နောက် မန္တလေးတိုင်းအတွင်း နယ်မြေစိုးမိုးမှု အသာစီးရရန် ကြိုးပမ်းလာနေသည်။
ယခုလအတွင်း မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တို့၌ ဒေါ်သီတာယုမွန် ဦးဆောင်သည့် ပျူစောထီးတပ်များ နှင့် စစ်တပ်ပူးပေါင်းအဖွဲ့များက လေကြောင်းဗုံးကြဲခြင်းအပြင် လက်နက်ကြီးနှင့်ဒရုန်းများ အသုံးပြု၍ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်နေသည်။
မြေပြင်စစ်ကြောင်းများလည်းရှိနေသဖြင့် ဒေသကာကွယ်ရေးအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်နေကာ နှစ်ဖက် အထိအခိုက် အကျအဆုံးများရှိသည်ဟု သိရသည်။
ထိုသို့တိုက်ခိုက်ရာတွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများရှိသလို စစ်ကြောင်းနှင့် ထိပ်တိုက် တိုးသော အရပ်သားများသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်းရှိသည်ဟု ဒေသခံများက ပြောသည်။
တိုက်ခိုက်ရေး လေယာဉ်များ၊ ပါရာမိုတာ (အင်ဂျင်တပ်လေထီး)နှင့် ဂျိုင်ရိုကော်ပရာ (နှစ်ယောက်စီး ရဟတ်ယာဉ်ငယ်) များ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် လူသေဆုံးထိခိုက်မှုများလည်း ရှိနေသည်။



