ဆောင်းပါး

ကမ်းမမြင်လမ်းမမြင်ငြိမ်းချမ်းရေးကို ထိုင်စောင့်နေရသူ

မိုင်ဂျာယန် – အသက် ၇ဝ အရွယ် ကချင်အမျိုးသားကြီးက မဖိတ်ခေါ်ဘဲ ရုတ်တရက်ရောက်လာတဲ့ သတင်းထောက်ကို မီးခိုးတလူလူထွက်နေတဲ့ မီးဖိုဘေးမှာ ဧည့်ခံစကားပြောပါတယ်။
အနွေးဓာတ်ပေးထားတဲ့ ရေနွေးကြမ်းကို လက်ဖက်ရည်ချိုးကပ်နေတဲ့ ခွက်လေးထဲ ထည့်ပြီး ကမ်းပေးပါတယ်။

တရုတ်မြန်မာနယ်စပ် တောခေါင်တောင်ထူတဲ့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတာ ၅ နှစ်၊ ၅ မိုးကြာပြီဖြစ်တဲ့ ကချင်အမျိုးသားကြီးက ဧည့်သည်ကို ဒီထက်ပိုပြီး ဧည့်ခံဖို့ အခြေအနေ မပေးပါဘူး။

သူ့နာမည်က ဦးဇခေါင် ဖြစ်ပါတယ်။ သူတို့လင်မယားမှာ သား ၃ ဦး ထွန်းကားခဲ့ပေမယ့် တစ်ဦးမှ အဖတ်မတင်ခဲ့ပါဘူး။ စခန်းထဲမှာတော့ သူတို့က ဆွေမျိုးတွေ အများကြီးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဇနီးသည် အရင်အိမ်ထောင်နဲ့ရတဲ့သားတွေက သူတို့မိသားစုတွေနဲ့အတူ ခိုလှုံနေကြလို့ပါပဲ။

ဦးဇခေါင်က သူ့ထက် အသက်အများကြီးငယ်တဲ့သူနဲ့ တွေ့နေရပေမယ့် “ငါ” ဆိုတဲ့ အသုံးအနှုန်းအစား “ကျွန်တော်” ဆိုတဲ့ နာမ်စားကို သုံးပြီး တစ်ဖက်သားကို လေးစားမှုပြတဲ့သူပါ။
နေရပ်ရင်း ဝိုင်းမော်မြို့နယ်၊ မန်တောင်ရွာမှာ တောင်ယာလုပ်ကိုင်တဲ့ ဦးဇခေါင် အတွက်တော့ ဘာမှ လုပ်ကိုင်စရာမရှိတဲ့ အန်ခေါင်းပါ ဒုက္ခသည်စခန်းဟာ အကျဉ်းထောင်တစ်ခုလို ဖြစ်ပါပဲ။

ဝိုင်းဖွဲ့စကားပြောမိပြီး တဖြည်းဖြည်း အရှိန်ရလာတော့ ရေစိုခံရာဘာဖိနပ်၊ ကချင်ပုဆိုး၊ တီရှပ်နက်ပြာရောင်တို့ကို ဝတ်ဆင်ထားတဲ့ ဦးဇခေါင်က မြန်မာပြည်အလယ်ပိုင်းဒေသထွက် ဆေးပေါ့လိပ်တစ်လိပ်ကို မီးဖိုမီးနဲ့ညှိ၊ တစ်ချက် ဖွာရှိုက်ပြီး “ကျွန်တော် ဒီမှာ မနေချင်တော့ဘူး” လို့ လေးလေးပင်ပင် ညည်းတွားလိုက်ပါတယ်။

သူခိုလှုံနေတဲ့ စခန်းဟာ ကျောက်တုံးတွေများတဲ့၊ မိုးရိပ်ဆင်တာနဲ့ တောင်ခိုးတွေဝေလာတဲ့ တောင်ပေါ်ဒေသမှာ တည်ရှိတာကြောင့် လူနေတဲအိမ်တွေကို တစ်စုတစ်ဝေးတည်း မတွေ့ရပါဘူး။ တဲတန်းကလေးကို ဟိုနားတစု၊ ဒီနားတစုနဲ့စုဖွဲ့ ဆောက်လုပ်ထားပါတယ်။ ဦးဇခေါင်တို့ မိသားစု နေရာရတာကတော့ အိမ်ထောင်စု ၅ စု အတွက် အခန်းဖွဲ့ ဆောက်ထားတဲ့ တဲတန်းကလေးမှာပါ။

ဒီစခန်းမှာ ဝိုင်းမော်၊ မိုးကောင်းမြို့နယ်တွေထဲက ကျေးရွာ ၁၅ ခု ဝန်းကျင်ကနေ စစ်ဘေးရှောင်လာသူ ၁,ရဝ၈ ဦး နေထိုင်ကြတာပါ။ ဒီလဆန်းပိုင်း စခန်းထဲရောက်သွားချိန်မှာတော့ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ ဦးဇခေါင်တို့လို အသက်အရွယ်ကြီးသူတွေကိုသာ အများစုတွေ့ရပါတယ်။ လူငယ်၊ လူလတ်ပိုင်းအရွယ်တွေကတော့ ဒီစခန်းနဲ့ချောင်းကလေးသာခြားတဲ့ တရုတ်နိုင်ငံထဲက စိုက်ခင်းတွေမှာ အလုပ်သွားလုပ်နေကြတယ်လို့ စခန်းတာဝန်ခံတွေက ပြောကြပါတယ်။

ဒီစခန်းက KIA နယ်မြေတွေဖြစ်တဲ့ မိုင်ဂျာယန်-လိုင်ဇာတို့ကို ဆက်သွယ်ထားတဲ့ တောတွင်းလမ်းပေါ်မှာ ရှိတာပါ။ တပ်မတော်နဲ့ KIA တို့ကြား အပစ်ရပ်စဲမှုက မြစ်ဆုံရေကာတာစီမံကိန်း အငြင်းပွားမှု ပေါ်ပေါက်လာတဲ့ ၂ဝ၁၁ အထိ ၁၇ နှစ်ကြာခဲ့ပါတယ်။ ကချင်တိုင်းရင်းသားတို့ရဲ့ ဒေသမှာ တိုက်ပွဲများ ပြန်လည်အစပြုတဲ့နောက်ပိုင်း အရပ်သား အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ဒုက္ခသည်စခန်းတွေက မြန်မာပြည်မြောက်ပိုင်းမှာ နေရာအနှံ့ ပေါ်ပေါက်လာပါတော့တယ်။

ဦးဇခေါင်တို့လင်မယား ရောက်နေတဲ့ စခန်းအပါအဝင် အရွယ်အစား စုံလင်တဲ့ စခန်း ၂၉ ခုကတော့ တောတောင်တွေကြားထဲ KIA ထိန်းချုပ်ရာနယ်မြေမှာ ရှိတာပါ။

ဒုက္ခသည်စခန်းကနေ ၆ နာရီကျော်ကျော် လျှောက်ရင် ရောက်တဲ့ သူတို့ရွာထဲမှာ KIA တပ်တွေက နေရာယူထားသလို ရွာအောက်ဘက်မှာက တပ်မတော်က နေရာယူထားတယ်လို့ ဦးဇခေါင်က ပြောပြတယ်။ နှစ်ဖက်ထိပ်တိုက်တွေ့နေတဲ့ သူတို့ရွာရှိတဲ့နေရာကို ပြန်ဆင်းဖို့ မဖြစ်နိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ၅ နှစ်တာကာလ ဒီစခန်းထဲမှာရှိတဲ့ စစ်ရှောင်တွေအားလုံးဟာ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုနဲ့ ရှင်သန်ခဲ့ရတာပါ။ ဦးဇခေါင်က ဒီလိုနေရတာ စိတ်ပျက် အားငယ်နေပြီ၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ တောင်ယာလေးလုပ်ပြီး နေခွင့်ရရင် ပိုပြီး သက်ရှည်ကျန်းမာမယ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရတဲ့အတွက် ပျော်ရွှင်စရာလည်း ပိုကောင်းမယ်လို့ ဆေးပေါ့လိပ်ငွေ့ မှုတ်ထုတ်ရင်း ပြောပြပါတယ်။

စခန်းထဲမှာလည်း အသီးအရွက်တွေကိုသာ အဓိကမှီဝဲနေရပြီးတော့ အသား၊ ငါး စားနိုင်တဲ့အခြေအနေ မရှိပါဘူး။ မကြာသေးခင်က ရှားရှားပါးပါး ဝေစုရထားတဲ့ ဝက်သား ၃ မျှင်လောက်ကို ကျပ်တင်ထားတယ်လို့ မီးဖိုဘက် လက်ညှိုးထိုးပြီး ပြောပါတယ်။

ထင်းရှာ၊ အသီးအရွက်ရှာဖို့ တောထဲ မသွားရဲဘူး၊ တပ်မတော်နဲ့တိုးရင် သူတို့ကို KIA လက်နက်ကိုင်အဖွဲ့ဝင်တွေပဲလို့ ထင်တတ်ကြတဲ့အတွက် အန္တရာယ်ရှိတယ်လို့ သူက ဆက်ပြောပြတယ်။

လားရှိုးမြို့ဘက်က ခရစ်ယာန်ဓမ္မဆရာမလည်းဖြစ်တဲ့ သူနာပြုဆရာမတစ်ဦးက ဒီစခန်းထဲမှာ ဆေးပေးခန်းဖွင့်ထားပါတယ်။ အနည်းငယ် ဖျားနာတာ၊ ထိခိုက်တာတွေအတွက် ဒီဆေးပေးခန်းကို အားကိုးနိုင်တယ်၊ အဲဒီအခြေအနေထက် ကျော်လွန်သွားရင်တော့ KIA နယ်မြေထဲက မိုင်ဂျာယန် ဆေးရုံ၊ ရှမ်းပြည်နယ်ထဲက မူဆယ်မြို့နယ် ဆေးရုံတို့အထိ သွားပြီး ကုသမှု ခံယူရတယ်၊ တရုတ်နိုင်ငံထဲက ဆေးရုံကိုလည်း သွားကြတယ်လို့ ဆိုတယ်။

နေထိုင်ရေး၊ ကျန်းမာရေး အင်မတန် ခက်ခဲတဲ့ဘဝကနေ အမြန် ဆုံးလွန်မြောက်ကြရေးက အခုအစိုးရသစ်လက်ထက်မှာ စစ်ပွဲတွေရပ်ပြီး ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ခွင့်ရချိန်မှ ဖြစ်လာမယ်လို့ ဦးဇခေါင်က ဆိုပါတယ်။

လက်ရှိအစိုးရက ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရ၊ ပြည်သူတွေ ဝိုင်းဝန်း ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရ ဖြစ်တဲ့အတွက် ဝမ်းသာကြရပေမဲ့ သူနားထောင်ရတဲ့ ရေဒီယို သတင်းတွေအရဆိုရင် ငြိမ်းချမ်းရေးရဖို့လမ်းက ဝေးနေသေးတယ်လို့ ဦးဇခေါင်က မြေကြီးကို ငုံ့ကြည့်နေရင်းနဲ့ ပြောပါတယ်။

“ကြားရတာတွေက မဖြစ်နိုင်သလိုလို ဘာလိုလိုနဲ့၊ ခက်ခဲနေတယ်တို့နဲ့၊ နေ့တိုင်း နေ့တိုင်းလည်း တိုက်ပွဲသတင်းတွေကို ကြားကြားနေရတယ်” လို့ သူက စိတ်ပျက်လက်ပျက် ဆိုပါတယ်။

စခန်းအပြင်ဘက်မှာ အရပ်သားတွေ နှိပ်စက်ခံရတယ်ဆိုတဲ့ သတင်းတွေဝင်လာတိုင်း ဒီစခန်းထဲက အရဲစွန့်ထွက်ချင်တဲ့ စိတ်တွေ ပျောက်သွားရတယ်လို့လည်း သူက ညည်းတွားလိုက်ပါတယ်။ ဒီသတင်းတွေ တကယ်မှန်လား၊ မမှန်လားဆိုတာ မသိရပေမယ့် သူထပ်ပြီး မကြားချင်တော့ပါဘူး၊ စခန်းအပြင်ထွက်ရေးက အကန့်အသတ်ကြီးမားလာတဲ့အတွက် သူရောက်နေတဲ့နေရာဟာ အကျဉ်းစခန်းနဲ့ ပိုတူလာပါတယ်။ သူ့အတွက်တော့ အသက် ၇၀ ဆိုတာ ဘဝနေဝင်ချိန်ကာလ ဖြစ်တဲ့အတွက် နေရပ်ရင်းမှာသာ ခေါင်းပြန်ချလိုတယ်လို့ သူက ပြောပါတယ်။

“ဒီမှာ နေ့တိုင်း၊ ည တိုင်း စိတ်ညစ်နေရတယ်” လို့ တိမ်ခိုးတွေနဲ့ပြည့်နေတဲ့ ကချင်ပြည်နယ်က တောင်တန်းတွေကို ဝါးထရံကာ မီးဖိုဆောင်အပေါက်ဝကနေ လှမ်းမျှော်ကြည့်ရင်း သူ့အသံတိုးတိုးလေးနဲ့ ဖြည်းဖြည်းချင်း ပြောလိုက်ပါတယ်။

“ဒီမှာမနေချင်တော့ဘူး။ ကျွန်တော်နေခဲ့တဲ့နေရာကို ဘယ်တော့မှ ဆင်းရပါ့မလဲ”

Show More

Related Articles

Back to top button