စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဇနီးမောင်နှံနှစ်ဦးကို စစ်တပ်နှင့် ပျူစောထီးစခန်းတစ်ခုက ဖမ်းဆီးလိုက်ပြီး ဇနီးမှာ မုဒိမ်းကျင့်သတ်ဖြတ်ခံရကာ ခင်ပွန်းဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်လာသည်ဟု စုံစမ်းသိရသည်။
ယမန်နေ့ (အောက်တိုဘာလ ၁၆ ရက်နေ့) နံနက် ၆ နာရီခန့်တွင် ကောလင်းမြို့နယ်၊ ညောင်ကုန်းရွာမှ တန့်ဆည်ဘက်သို့ ကထိန်ခင်းရန် လာသော အသက် ၃၀ ကျော်အရွယ် ကိုကျော်မျိုးနှင့် မအေးမာဦးတို့ နှစ်ဦးသည် ကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာရွာအနီး ရွှေဘို – မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ်နှင့်ပျူစောထီး ဂိတ်တွင် နံနက် ၉ နာရီခန့်က ဖမ်းဆီးခံလိုက်ရသည်။
ထိုဂိတ်တွင် စစ်ဆေးချိန် အခြားဆိုင်ကယ် ငါး စီးခန့်ကိုပြန်လွှတ်လိုက်သော်လည်း ၎င်းတို့ ဇနီးမောင်နှံကို သွားခွင့်မပေးဘဲ မှတ်ပုံတင်နှင့် ဖုန်းများကိုစစ်ဆေးတော့သည်ဟု လွတ်မြောက်လာသည့် အသက် ၃၅ နှစ် အရွယ် ကိုကျော်မျိုး က ပြောသည်။
၎င်းတို့စီးလာသည့် ဆိုင်ကယ်အပြင် ဆွဲကြိုး နှစ်ကုံး၊ ဆွဲသီးတစ်ခု၊ လက်ကောက် တစ်ကွင်း၊ နားကပ် တစ်ရံ၊ ရွှေတစ်ကျပ်သား တစ်တုံး၊ ပိုက်ဆံခုနှစ်သိန်းနှင့် ဖုန်းသုံးလုံးကိုလည်း ထိုဂိတ်က သိမ်းသွားသည်။
ထို့နောက် ၎င်းတို့ကို အဆောင်တစ်ခုစီတွင် သီးခြားစီခွဲ၍ ဖမ်းဆီးလိုက်ပြီး ၎င်းကို လက်ပြန်ကြိုးတုပ်ကာ တစ်နေကုန်နီးပါး နှိပ်စက်ကြသလို အသက် ၃၂ နှစ်အရွယ် ဇနီးဖြစ်သူကိုလည်း ဝါးသုံးလေး၊ပြန်အကွာ ရှိ အဆောင်တစ်ခုတွင် ချုပ်နှောင်ထားသည်ဟု ဆိုသည်။
“ ကျွန်တော့်ဖုန်းကို စစ်ပြီးတော့ ဘာရယ်မှမဟုတ်ဘူး။ (ကျွန်တော်) လိုင်းလည်းမသုံးဖြစ်ဘူး။ ဒါကို ရမယ် ရှာပြီးတော့ မှတ်ပုံတင်ကို အကြောင်းပြပြီးတော့ မင်းက ညောင်ကုန်းက သူကလည်း ဖလံချိုင်က ဆိုတော့ နှစ်ယောက်လုံး ဘယ်သူမှမလွတ်တော့ဘူးဆိုပြီးတော့ အမျိုးသမီးကို အဆောင်တစ်ခု ပို့လိုက်၊ ကျွန်တော့် ကျတော့ ဟိုဘက်အဆောင်ကို ခေါ်သွား ဆိုပြီးတော့ ကျွန်တော့်ကို နောက်ပြန်ကြိုးတုပ်လိုက်ပြီးတော့ ထိုးကြိတ်နှိပ်စက်တော့တာပဲ” ဟု ကိုကျော်မျိုးက ပြောသည်။
၎င်းကို ထိုးကြိတ်ရိုက်နှက်သူများတွင် ပျူစောထီး (ပြည်သူ့စစ်) ဦးထုပ်ဆောင်းထားသူ အပါအဝင် လေး ငါး ဦး ပါဝင်ပြီး တစ်နေကုန်နီးပါး ဖြတ်သန်းခဲ့ရသည့် ငရဲခန်းအတွေ့အကြုံကိုလည်း သူက ပြောပြသည်။
“ ကျွန်တော့်ကိုကျတော့ သူတို့ အချိန်ပြည့်ထိုးနေတာ။ သောက်လိုက်၊ ထိုးလိုက်နဲ့၊ ဓါးတွေနဲ့လည်း ခုတ် လိုက်နဲ့။ ဓါးချွန်တွေနဲ့ နားထင်တွေထောက်၊ လည်ပင်းတွေ၊ မေးစေ့တွေထောက်။ တုတ်ကတော့ ထင်းချောင်းတွေနဲ့ကိုရိုက်တာ။ ထင်းခြမ်းကွဲ လက်သုံးလေးလုံးလောက်ရှိတာနဲ့ရိုက်တာ”
“ လေး ငါး ယောက် ရှိတာ။ ဖိနပ်နဲ့ကန်လိုက်၊ လက်သီးနဲ့ထိုးလိုက်၊ ပါးရိုက်လိုက်၊ အချိန်ပြည့်လုပ်နေတာ။ ထိုင်သောက်လိုက် ထရိုက်လိုက် အဲ့လိုမျိုးတွေ”ဟု ၎င်းက ဆိုသည်။
ထိုးကြိတ်နှိပ်စက်နေသူများက ၎င်းကိုလည်း သတ်မည်၊ ဇနီးကိုလည်း မုဒိမ်းကျင့် သတ်မည်ဟု ခြိမ်းခြောက်ကြသည်ဟု ကိုကျော်မျိုးက ပြောသည်။
“ မင့်ကိုလည်း သတ်မှာ။ မင်းမိန်းမကိုလည်း မုဒိမ်းကျင့်ပြီး သတ်မှာ။ အဲ့လိုပြောပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးအဆောင်နဲ့ သိပ်မကွာဘူးရယ်။ သူတို့သွားတဲ့အချိန် ကျွန်တော့်အမျိုးသမီး အဆောင်ဆီက အသံတွေလည်းကြားတယ်”ဟု ဆိုသည်။
ထို့နောက် နေ့လယ်တွင် ဇနီးဖြစ်သူကို ချုပ်နှောင်ထားသည့် အဆောက်အအုံဆီမှ သေနတ်သံကို ကြားရ ပြီးနောက် တစ်နာရီခန့်အကြာ သေနတ်ကိုင်ထားသူနှစ်ဦးက လာရောက်ခေါ်ဆောင်ချိန် တီးတိုးပြောဆိုသံ များကြောင့် သတ်မည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို သိရှိခဲ့ရသည်ဟု ကိုကျော်မျိုးက ပြောပြသည်။
ဖမ်းဆီးလာသူနှစ်ဦးမှာ အရက်မူးနေသည်ကို အခွင့်ကောင်းယူပြီး လမ်းတွင် ချောင်း (မြောင်း)ငယ် တစ်ခု တွေ့ချိန် ခုန်ချထွက်ပြေးခဲ့ရာမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
“ ပစ်ခါမှ ပစ်ရော့ဆိုပြီးချောင်းထဲကို အရင်ထိုးချပြီးတော့ ပြေးခဲ့တာ။ သတ်တော့မယ့်နေရာကနေ ချောင်းထဲ ထိုးချပြီးတော့ နောက်ဘက်က ကုန်းပေါ်တက်ပြေးတာ”
“ ပစ်လို့ မှန်ရင်လည်း သေပါစေဆိုပြီ။ ကျွန်တော့်အမျိုးသမီးလည်းမရနိုင်တော့တဲ့အတူတူ ဆိုပြီးတော့။ ကိုယ်လွတ်ရုန်းတာတော့ မဟုတ်ဘူး။ သူ့ကို တကယ့်တကယ် မကယ်နိုင်ခဲ့လို့သာ မကယ်ခဲ့ရတာ”ဟု ကိုကျော်မျိုးက ဆိုသည်။
တစ်နေကုန် ထိုးကြိတ်ထားသဖြင့် ဖူးရောင်နေသည့် မျက်လုံးများက ဝေးဝေးလံလံလည်း မကြည့်နိုင် သလို လက်ပြန်ကြိုးတုပ်လျက်ဖြင့် တစ်ညတာလုံးဖြတ်သန်းခဲ့ရသည်၊ ယနေ့ နံနက်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ၎င်းကိုတွေ့ပြီး ကယ်ဆယ် ကုသပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ကန့်ဘလူခရိုင် အမှတ် (၃) တပ်ရင်းမှ ထောက်လှမ်းရေးတာဝန်ခံက “လက်ပြန်ကြိုးတုပ်လျက်ကြီးနဲ့ အင်္ကျီတွေရော၊ ဘောင်းဘီတွေရော အကုန်လုံး ရေတွေလည်း စိုရွှဲလို့။ ညကလည်း မိုးကကျသေးတာ ဆိုတော့လေ။ သူတော်တော်လေး ခက်ခက်ခဲခဲကိုထွက်ခဲ့ရတာ။ တစ်ကိုယ်လုံးကလည်း ဒဏ်ရာဒဏ်ချက် တွေနဲ့ဆိုတော့ယိုင်ထိုးနေပြီ” ဟု ပြောသည်။
ကိုကျော်မျိုးမှာ မျက်နှာတွင် ညိုမဲဖူးရောင်နေသလို ဦးခေါင်း ညာဘက် ချိုစောင်းတွင် ဓားနှင့်ခုတ်ထားသည့် ပြတ်ရှဒဏ်ရာများ၊ ကျောကုန်းတွင် အညိုအမဲ သာမက နံကြားနှင့်လည်ပင်းတွင်လည်း ဒဏ်ရာဒဏ်ချက်များကို တွေ့မြင်ရသည်။

နှစ်ဖက်မိဘများကို ရည်စူးလှူဒါန်းမည်ဖြစ်သည့် ဇနီးဖြစ်သူ၏ ဇာတိ တန့်ဆည်မြို့နယ်ထဲမှ ကထိန် အလှူပွဲကို မရောက်ရောက်အောင် ဆက်သွားရန် ကိုကျော်မျိုးက စိတ်ပိုင်းဖြတ်ထားသည်ဟု ဆိုသည်။
“ကျွန်တော်က ကထိန်ကို ပျော်ပျော်ရွှင်ရွှင်နွှဲချင်တာပါ့။ အခုကျတော့ အမျိုးသမီးလည်းမပါလာတော့ သူ့ညီမတွေ၊ မောင်တွေလည်းဘယ်လို မျက်နှာပြလို့ မျက်နှာပြရမှန်းမသိဘူး။ကျွန်တော်လည်း ဒီလို ရုန်းကန်ပြီးထွက်ခဲ့ရတာ ဆိုတော့ ကျွန်တော်ပြောတော့ ယုံတော့ယုံမယ်လေ”
“ ကျန်တဲ့လူတွေကျ တော့ ဘယ်လိုပြောလို့ ပြောရမှန်းမသိဘူး။ ကျွန်တော်လည်း ကထိန်က အမေ့ ရှစ်နှစ်မြောက်နဲ့ နှစ်ဖက်မိဘတွေကို ရည်စူးပြီးလှူတာဆိုတော့ သူ မပါတော့ စိတ်မကောင်းဘူးပေါ့ဗျာ” ဟု ကိုကျော်မျိုးက ငိုရှိုက်ရင်း ဖွင့်ဟသည်။
ကိုကျော်မျိုးတို့ဇနီးမောင်နှံ ဖမ်းဆီးခံရသည့် စံပယ်နံ့သာဂိတ်မှာ ရွှေဘို – မြစ်ကြီးနားလမ်းပေါ်တွင်ရှိပြီး စစ်တပ်အာဏာစသိမ်းသည့် ၂၀၂၁ နှစ်ကတည်းက အထိုင်ချတပ်စွဲထားခြင်းဖြစ်သည်။
ပျူစောထီး အင်အား ၄၀ ခန့်နှင့် စစ်သား ၁၅ ဦးအပါအဝင် အင်အား ၇၀ ခန့်ဖြင့် ဗျူဟာလမ်းပေါ်ဂိတ်ဖွင့်၍ ဖြတ်သန်းသွားသည့် ခရီးသည် တင်ယာဉ်များနှင့် လမ်းသွားလမ်းများကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင် နေသည်။
ပြီးခဲ့သည့်လပိုင်းကစ ဗျူဟာလမ်းပြန်လည်ဖွင့်လှစ်ချိန်ကတည်းကစပြီး စံပယ်နံ့သာဂိတ်တွင် ဖမ်းဆီး မှုများပိုများလာကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
စံပယ်နံ့သာရွာတွင် ဦးဝါသဝ လက်အောက်ခံ ပျူစောထီးအဖွဲ့များဖြစ်ပြီး ခေါင်းဆောင်မှာ သက်ဖြိုးဟန် ဖြစ်ကြောင်း ကန့်ဘလူခရိုင် အမှတ် (၃) PDF တပ်ရင်းမှ ထောက်လှမ်းရေးတာဝန်ရှိသူက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရွှေဘိုဘက်မှ စစ်ကိုင်းတိုင်းအထက်ပိုင်း တနိုင်းဘက်သို့သွားမည့် ခရီးသည်တင်
ကားပေါ်မှ လူငယ် ကိုး ဦးကို စပယ်နံသာဂိတ်တွင် ဖမ်းဆီးခဲ့သလို ယနေ့ နံနက်တွင် တန့်ဆည်ဘက်မှ လူငယ် သုံး ဦးကို ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကိုင်းတိုင်း နှင့် အထက်ဘက် ကချင်ပြည်နယ်သို့ ချိတ်ဆက်ထားပြီး ဆက်သွယ်ရေးအရအချက်အချာ ရွှေဘို – မြစ်ကြီးနားလမ်း ကန့်ဘလူမြို့နယ်ထဲဖြတ်သန်းသွားသည့်အပိုင်းတွင် စစ်တပ်နှင့် တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားခဲ့သည်။
ထိုလမ်းပိုင်း အပြည့်အဝပြန်လည် စိုးမိုးနိုင်ရန် စစ်တပ်က ကြိုးပမ်းနေပြီး ယခုနှစ်လယ်မှ စ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးသဖြင့် ကျေးရွာအချို့တွင် တိုးချဲ့ ခြေကုပ်ယူနိုင်လာသည်။
ဗျူဟာလမ်းပေါ်ရှိ ရေကြည်ဦး၊ ဘူးကုန်းရွာလမ်းခွဲနှင့် ဇီးကုန်း – မလယ်လမ်းဆုံတို့တွင် ထပ်တိုးနေရာ ယူကာ ပြည်သူများအားဖမ်းဆီးနှိပ်စက်လေ့ရှိသည့်အတွက် သတိပြုသွားလာကြရန် တော်လှန်ရေးအဖွဲ့ များက သတိပေးထုတ်ပြန်ထားသည်။
စက်တင်ဘာလဆန်းပိုင်းကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ဘက်မှ ကန့်ဘလူဘက်သို့ ပြန်လာသည့် အမျိုးသား ခုနစ် ဦးသည် မြစ်ကြီးနား – ရွှေဘိုလမ်းပိုင်းပေါ်ရှိ ရေကြည်ဦးနှင့် ဘူးကုန်းရွာကြား စစ်တပ်ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။
နှိပ်စက်ညှဉ်းပန်းခံရပြီး ကြိုးတုပ်လျက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရချိန်တွင် တစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့သည်။



