သတင်း

ကန်ပက်လက်ရဲစခန်းမှ ရဲ ၁၂ ဦး CDM လှုပ်ရှားမှုတွင် ပါဝင်လာ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်လာသည့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၏ အသက်လုံခြုံရေးကို တာဝန်ယူသွားမည်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) က ယနေ့ (မေ ၂၂) ထုတ်ပြန်သည်။

ကန်ပက်လက်မြို့မရဲစခန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) က သွားရောက်တိုက်ခိုက်ပြီး နှစ်ရက်အကြာ မေ ၁၅ ရက်တွင် အဆိုပါ ရဲစခန်းမှ တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်နှစ်ဦးနှင့် ရဲတပ်သားကိုးဦးတို့ CDM တွင် ပါဝင်လာခြင်းဖြစ်ပြီး ၎င်းတို့အားလုံးသည် ချင်းလူမျိုးများဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်နေသည့် စစ်အာဏာရှင်စနစ်အောက်တွင် ရဲဝန်ထမ်းများစောင့်ထိန်းရမည့် ကျင့်ဝတ်၊ တာဝန်နှင့် ဝတ္တရားများကို မျက်ကွယ်ပြု၍ တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ကြောင်း ကာယကံရှင်များကိုယ်တိုင် လက်မှတ်ထိုးထားသည့် စာများကိုလည်း CDF က ထုတ်ပြန်ထားသည်။ 

“ကျွန်တော်တို့လူမျိုးဖြစ်တဲ့ ချင်းတွေက ကျွန်တော်တို့နဲ့ လာပူးပေါင်းပြီး CDM ဝင်လာတဲ့အတွက်ကြောင့် ကျွန်တော်တို့က ကြိုဆိုပြီးလက်ခံတယ်။ စောင့်ရှောက်ပေးထားတယ်” ဟု ကန်ပက်လက်မြို့နယ် CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

CDM တွင် ပါဝင်လာသည့် ရဲများအနေဖြင့် CDF နှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်လိုပါက ခွင့်ပြုသွားမည်ဖြစ်ပြီး ၎င်းတို့၏ မိသားစုနှင့်အတူ လုံခြုံသည့်နေရာတွင် ဆက်လက်နေထိုင်ရန် ဆန္ဒရှိပါကလည်း ကန့်ကွက်မည်မဟုတ်ဟု ၎င်းက ဆက်ပြောသည်။

ထို့အတူ အခြားသောရဲတပ်ဖွဲ့ဝင်များကိုလည်း CDM လှုပ်ရှားမှုတွင် အမြန်ဆုံးပါဝင်ပြီး စစ်ကောင်စီကို ဆန့်ကျင်ရန် CDF က တိုက်တွန်းထားသည်။

ကန်ပက်လက်မြို့သည် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို တိုက်ခိုက်ခြင်း၊ ပြန်လည်ခုခံခြင်းများ ပြုလုပ်နေသည့် ချင်းပြည်နယ်အတွင်းရှိ မြို့များအနက် တစ်ခုဖြစ်သည်။

ချင်းတိုင်းရင်းသားများ စုစည်းဖွဲ့စည်းထားသည့် CDF သည် ကန်ပက်လက်မြို့နယ်အပါအဝင် မင်းတပ်၊ မတူပီနှင့် ပြည်နယ်မြို့တော် ဟားခါးတွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် ရဲစခန်းနှင့် လုံခြုံရေးဂိတ်များကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

Show More

Related Articles

Back to top button