စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို ယနေ့ (အောက်တိုဘာလ ၁၅ ရက်နေ့) အထိ သုံးရက် လေကြောင်းတိုက်ခိုက်မှုအတွင်း သက်ကြီးရွယ်အို အပါအဝင် နှစ်ဦး သေဆုံးပြီး လေး ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ဝက်လက်မြို့အနောက်တောင်ဘက် ခုနစ် မိုင်ခန့်အကွာရှိ ရွာသာကြီးရွာကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်မှ စတင်၍ လေယာဉ်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသည့် ဂျိုင်ရိုကော်ပတာတို့ဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း တစ်ဒါဇင်ထက်မနည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရွှေဘို- မြစ်ကြီးနားလမ်း နှင့် ဝက်လက်- မုံရွာလမ်းလေးခွဆုံတွင်ရှိသည့် ရွာသာကြီးရွာကို တော်လှန်ရေး အစောပိုင်း ကာလတွင် စစ်တပ်က အကြိမ်ကြိမ် စစ်ကြောင်းထိုးခဲ့ပြီးနောက် ၂၀၂၂ နှစ်ကုန်တွင် အင်အား ၃၀ ဖြင့် ရွာလယ်လမ်းဆုံ၌ တပ်စွဲထားသည်။
ရွာသာကြီးရွာအခြေစိုက် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ရှိနေပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ်တစ်ဦး ဗုံးစထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သလို အသက် ၇၀ အရွယ် လူကြီး တစ်ဦး ထိတ်လန့်သေဆုံးခဲ့သည်။ ဒဏ်ရာရရှိသူ လေးဦး အနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်မှ စပြီး ဂျိုင်ရိုကော်ပတာ သုံးစီးက ရွာသာကြီးကို ဗုံးကြဲခဲ့ပြီး နေ့လယ်တွင် နှစ်ကြိမ်၊ ညနေတွင် တိုက်ခိုက်ရေးလေယာဉ်ဖြင့် ရွာလယ်ရှိ ဘုန်းကြီးကျောင်းနှင့် ဘုရားကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဘုန်းကြီးကျောင်း၌ လာရောက်တိမ်းရှောင်နေသော မိသားစုဝင် သုံးဦးသည် ညနေပိုင်းတွင် ရွာထဲသို့ ပစ္စည်းယူရန် ခဏပြန်ချိန်တွင် လေကြောင်းတိုက်ခိုက်မှုနှင့်ကြုံပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ ရွာထဲကနေ ထွက်လို့မရတဲ့ ပြည်သူ လေး ဦး ထိတယ်။ ကလေး တစ် ဦးကတော့ မရတော့ဘူး။ သုံး ဦးက မိသားစုတစ်စုတည်း။ မိန်းမဖြစ်သူရယ်၊ ခယ်မရယ်၊ ယောကျာ်းရယ်၊ ဘုန်းကြီးကျောင်း ထဲမှာ တိမ်းရှောင်နေတဲ့ အချိန်မှာ မိုးချုပ်တော့မှာဆိုတော့ ရွာထဲက သူ့နေအိမ်ကို သွားပြီး အသုံးအဆောင်တွေ သွားယူတာ။ အဲ့ဒါ လမ်းမှာပစ်တာ”ဟု ရွာသာကြီးရွာ ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ညပိုင်းတွင် ဝက်လက်မြို့နယ်နှင့် ကပ်လျှက် အရာတော်မြို့နယ်အခြေစိုက် အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ ၁၀) ဘက်က လက်နက်ကြီးဖြင့် နှစ်ကြိမ်ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်နေ့) နံနက် ၉ နာရီခွဲဝန်းကျင်ကစပြီး ရွာသာကြီးရွာကို ဂျိုင်ရို ကော်ပတာ သုံးစီးဖြင့် တနေကုန်နီးပါး တိုက်ခိုက်ခဲ့ပြီး ညနေတွင် တိုက်လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ရွာသာကြီးရွာ မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ သမန်သာရွာ စာသင်ကျောင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင်လည်း ပြည်သူ နှစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး အင်အားစုများက ပြောသည်။
ယနေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် ရွာသာကြီးရွာကို ဂျိုင်ရိုကော်ပတာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။
ဝက်လက်မြို့နယ် သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွင် ပြီးခဲ့သည့်လကုန်ပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရောက်လာသည့် ဂျိုင်ရိုကော်ပတာများကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့သည်။
ဂျိုင်ရိုကော်ပတာတစ်ကြိမ်တက်လျှင် သုံး စီးအတွဲလိုက် တက်လေ့ရှိပြီး နှစ် စီး တိုက်ခိုက်မှုလုပ်နေချိန်တွင် ကျန်တစ်စီးသည် လုံခြုံရေးယူပေးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုလုပ်ရာတွင် ကုန်ကျစရိတ် ပိုသက်သာသည့် ပါရာမော်တာ (အင်ဂျင်တပ် လေထီး ) များကို ၂၀၂၄ နှစ်ကုန်ပိုင်းမှစပြီး မြေပြန့်ဒေသတွင် စစ်တပ်က တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ရာမှ ယခုနှစ် နှစ်ကုန်တွင် ဂျိုင်ရိုကော်ပတာများကိုပါ တိုးချဲ့သုံးစွဲလာသည်။
“ဂျိုင်ရိုကော်ပတာက တစ်ခါတက်ရင် သုံးစီး ပူးတက်တယ်။ တစ်ခါချရင် လေး လုံးချတယ်။ သူ့အသံ ကလည်း နှေးတယ်။ သွားတာ လာတာလည်း နှေးတယ်။ တအားမြန်မြန်ဆန်ဆန်ကြီး မရှိဘူး။ ဖိုက်တာ (တိုက်လေယာဉ်) ကတော့ မြန်တယ်”ဟု ဝက်လက်နယ်မှတော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
နေ့စဉ်ရက်ဆက်လေကြောင်း တိုက်ခိုက်မှုများကြောင့် ရွာသာကြီးရွာနှင့် အနီးဝန်းကျင် ကျေးရွာတို့မှ ဒေသခံများသည် ဘေးလွတ်ရာကျေးရွာများ၊ တောတိုက်များနှင့် နီးစပ်ရာဆွေမျိုးသားချင်းတို့ထံ ထွက်ပြေး ခိုလှုံနေရသည်။
“အခု ခက်တာက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေကို မစီစဉ်ပေးရဲဘူး ဖြစ်နေတာ။ ကြဲရင် အဲ့ဒီနေရာတွေကိုပဲ ကြဲတာ။ စစ်ဘေးရှောင်တွေလာပြီဆိုရင် ဘယ်မှာထားရမလဲဆိုတော့ အဆင်ပြေသလိုသာ ကြည့်ပြီး နေခိုင်းရတာပဲ”ဟု ဝက်လက်မြို့နယ်မှ လုံခြုံရေးအရ အမည်မဖော် လိုသည့် ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
စစ်ကိုင်း၊ ရွှေဘိုတို့နှင့်ထိစပ်နေသည့် ဝက်လက်မြို့နယ်တွင် စစ်တပ်က မြို့ပေါ်၊ ရှိန်းမကား၊ စိုင်နိုင်ကွေ့၊ လှတော၊ ရွာသာကြီး၊ ဟန်လင်းစသည့်ကျေးရွာများ၌ ခြေကုပ်ယူထားပြီး တော်လှန်ရေးအင်အားစုများက ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားသည်။
ဝက်လက်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသလို ကပ်လျှက်ရှိ စစ်ကိုင်းမြို့နယ်တွင်လည်း ဖြန့်ခွဲနေရာယူထားသည့် စစ်ကြောင်းက စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့နယ်သည် ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပမည့်မြို့နယ်များတွင် ပါဝင်ပြီး စစ်တပ်က နယ်မြေ ပြန်လည်စိုးမိုးနိုင်ရေးအတွက် အင်အားအလုံးအရင်းဖြင့် ဖြန့်ကျက်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ယနေ့ (အောက်တိုဘာလ ၁၅ ရက်နေ့တွင်) စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်တွင် အပစ်ရပ် လက်မှတ်ထိုးပွဲ NCA (၁၀) နှစ်ပြည့် အခမ်းအနားကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဦးဆောင် ကျင်းပနေသော်လည်း လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ခြင်းမရှိပေ။







