မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ သီပေါမြို့အား သိမ်းပိုက်ရန် ကျောက်မဲမြို့မှတဆင့် ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်များသည် မြို့နှင့် လေးမိုင်အကွာသို့ ရောက်ရှိလာပြီး TNLA အမာခံ ခံစစ်စခန်းများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် သီပေါမြို့နှင့်လေးမိုင်အကွာ ဘော်ကြိုရွာအား စစ်တပ် က သိမ်းပိုက်ခဲ့ပြီး ဘော်ကြိုရွာနှင့် တဆက်တည်းရှိနေသည့် နားခဲကျေးရွာအထိ စစ်တပ်စစ်ကြောင်း များ ရောက်ရှိလာသည်ဟု ဒေသခံများက ဆိုသည်။
“ဘော်ကြို ကျော်ပြီပဲ။ သီပေါနဲ့ သိပ်မလိုတော့ဘူး။ နားခဲမှာ စစ်တပ်ရောက်ပြီ။ TNLA တပ်ဖွဲ့တွေ မန်ဟဲဘက်မှာ သိပ်မကွာဘူး။ တစ်မိုင်ကျော် နှစ်မိုင်ပဲ” ဟု သီပေါ ဒေသခံတစ်ဦးက ပြောသည်။
သမိုင်းဝင် ဘော်ကြိုဘုရားအနီး တိုက်ပွဲများဖြစ်ပါက စေတီပုထိုးများ ပျက်စီးမည့်အရေးကြောင့် နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲမဖော်ဆောင်ရန် ဘော်ကြိုဆရာတော်နှင့် ဒေသခံများက မေတ္တာရပ်ခံခဲ့ရာ TNLA တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့၍ တိုက်ပွဲမဖြစ်ခဲ့ဟု ဒေသခံများထံက သိရသည်။
မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကျောက်မဲနှင့် သီပေါမြို့သည် မိုင် ၂၄ မိုင်ခန့် အကွာအဝေးသာ ရှိသည်။
အောက်တိုဘာလ ဆန်းပိုင်းတွင် ကျောက်မဲမြို့အား သိမ်းပိုက်ခဲ့သည့် စစ်ကော်မရှင်တပ်များသည် သီပေါမြို့သို့ ဆက်လက်ထိုးစစ်ဆင်နေရာ လဝက်အကြာ မြို့အနီးသို့ ရောက်လာသည်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သီပေါမြို့အနီး ရောက်လာသော်လည်း လမ်းတစ်လျှောက်တွင် စစ်တပ် ဘက်မှ လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုများမှလွဲ၍ တိုက်ပွဲများ ကြီးကြီး မားမား မရှိခဲ့ဟု သိရသည်။
“ကျောက်မဲ၊ နောင်ပိန် တိုက်ပွဲလောက် အခု သီပေါဘက်က တိုက်ပွဲတွေ သိပ်မပြင်းထန်တော့ဘူး။ TNLA ဘက်က ဖြည်းဖြည်းချင်း ဆုတ်ပေးနေပုံရတယ်။ ကျင်သီတံတားနားဆိုလည်း အေးဆေးပဲ ပြီးသွားတာ။ စစ်တပ်ဘက်ကတော့ လေကြောင်းနဲ့ ခဏခဏတော့ လာပစ်နေတယ်” ဟု သီပေါမြို့ခံနောက်တစ်ဦးက ပြောသည်။
စစ်တပ်၏ ထိုးစစ်မှာ သီပေါမြို့နှင့် သုံးမိုင်အကွာရှိ TNLA တပ်ဖွဲ့များ အခိုင်အမာ တပ်စွဲထားသည့် ဂေါ်ဒန်သတ္တုမိုင်းနှင့် မန်ဟဲကျေးရွာအား ဦးတည်နေပြီး အဆိုပါရွာအား စစ်တပ် သိမ်းပိုက်နိုင်ပါက သီပေါမြို့ဦးနေရာအထိ စိုးမိုးသွားနိုင်သည်ဟု ဒေသခံများက ပြောသည်။
စစ်တပ်အနေဖြင့် ကျောက်မဲမြို့ဘက်မှ အင်အား ထပ်ဖြည့်ထားပြီး လေကြောင်းနှင့် ဒရုန်းပစ်ကူများ ပိုသုံးထား၍ TNLA အနေဖြင့် ရေရှည်ခုခံနိုင်ရန် ခက်ခဲနိုင်သည်ဟု အများက ခန့်မှန်းထားကြသည်။
TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့်နီးစပ်သူများကမူ သီပေါမြို့အား လွယ်လွယ်နှင့် လက်လျော့ပေးမည် မဟုတ်ဟု ဆိုထားသည်။

ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညနေတွင် ဘော်ကြိုရွာနှင့် သီပေါမြို့ကြားရှိ နားလွယ်၊ နမ့်ဟူးနွဲ့ ၊ ခါလိန်၊ မန်ဟဲစသည့် ကျေးရွာများအား စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“နားခဲအကျော်ကနေစပြီး မန်ဟဲအထိ လမ်းမကြီးအတိုင်းကြဲသွားတာပဲ။ လမ်းက ရွာတွေ ထိကုန်တယ် ” ဟု အထက်ပါသီပေါဒေသခံက ဆိုသည်။
အဆိုပါ ကျေးရွာများရှိ ဒေသခံများနှင့် သီပေါမြို့ခံများမှာ စစ်တပ်၏ မကြာခဏ ဗုံးကြဲမှုကြောင့် တိုက်ပွဲကင်းလွတ်ရာ နမ့်လန်မြို့နှင့် လားရှိုးမြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများသို့ ထွက်ပြေးနေကြ ရသည်ဟု ဒေသခံများထံက သိရသည်။
ရှမ်းတိုင်းရင်းသားများ အများစုနေထိုင်သည့် သီပေါမြို့တွင် မြို့ပေါ်ရပ်ကွက် ၁၁ ခုရှိပြီး လူဦးရေ တစ်သောင်းကျော်နေထိုင်သည်။
ကျောက်မဲအား သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင်တပ်သည် TNLA တပ်ဖွဲ့ ထိန်းချုပ်ရာ မြို့များအား လေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့များတွင် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ် ကယားကြီးရွာ၊ အုမ်မစွမ်းရွာ များအား လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အုမ်မစွမ်းရွာမှ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့သည်။
အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ သီပေါမြို့များတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၃၀ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သည်။
စစ်တပ်မှ အရပ်သားများအား ဦးတည်၍ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည့်နေရာများတွင် ရနေထိုင် ကြရန် တအာင်းပြည်ကောင်စီ (TLC) က တိုက်တွန်းထားသည်။
နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကြောင့် ထိခိုက်နစ်နာနေရသည့် လူထုအား ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ လူသားချင်းစာနာမှု အကူအညီများပေးကြရန် တအာင်းပြည်ကောင်စီ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။




