အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုဂံမြို့ဟောင်းအနီး သုံးရက်ကြာ စစ်ကြောင်းထိုးခံရပြီးနောက် နေအိမ် ၃၀ ကျော် မီးရှို့ခံရ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ညောင်ဦးမြို့နယ်တွင် စစ်တပ်က သုံးရက်ကြာ စစ်ကြောင်းထိုးခဲ့စဉ် အိမ်ခြေ ၃၀ ခန့်မီးရှို့ဖျက်ဆီးခံရသည်၊ ရွာ ၁၀ ရွာကျော်မှ လူထောင်ချီ ထွက်ပြေးတိမ်းရှောင်ရသည်။

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင် မန္တလေးတိုင်း၊ ပုဂံမြို့‌ဟောင်း၏ တောင်ဘက် ၁၀ မိုင်ခန့်အကွာ ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီးနောက် နေအိမ် ၃၀ နီးပါး မီးရှို့ခံရသလို ဒေသခံ ငါးဦး ဖမ်းဆီးခံရကာ လူထောင်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ရှေးဟောင်းစေတီပုထိုး ထောင်ချီရှိသည့် ပုဂံမြို့‌ဟောင်းတောင်ဘက် ၁၀ မိုင်ခန့်အကွာ ညောင်ဦးမြို့နယ်၊ တောင်ဇင်းရွာရဲစခန်းအခြေစိုက် စစ်တပ်က အောက်တိုဘာလ ၁၀ ရက်နေ့မှစတင်၍ ၁၂ ရက်နေ့အထိ အနီးမှ ကျေးရွာပေါင်း ၁၀ ရွာ ထက်မနည်းကို  သုံးရက်ကြာ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

စစ်ကြောင်း စထွက်သောနေ့တွင် တောင်ဇင်းကျေးရွာမှ နှစ်မိုင်ခန့်အကွာ ညောင်ဦး- ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ချောင်ဖျား၊ အနောက်အုံ၊ ကန်ကြီးကုန်းနှင့် သဲပြင်တော စသောရွာများကို စီးနင်းခဲ့ပြီး  ကန်ကြီးကုန်းရွာအနီး စစ်ဘေးရှောင်များ ခိုလှုံနေသည့်နေရာများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။

နောက်တစ်‌နေ့ (အောက်တိုဘာ ၁၁ ရက်နေ့) တွင် မကျည်းတန်း၊ ကျောက်ကန်နှင့် ကန်နီပေါက်ရွာများကို စစ်ကြောင်း ဆက်ထိုးခဲ့ပြီး ရွာခံများ၏နေအိမ်များ ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းများနှင့် ငွေကြေးများ ယူဆောင်သွားသလို စစ်ဘေးရှောင်အချို့လည်း ဖမ်းဆီးခံရသည်ဟု သိရသည်။ 

“ မကျည်းတန်းရွာနားမှာ စစ်ရှောင်နေသူတွေကိုလည်း ဖမ်းပြီး စစ်ရှောင်တွေရဲ့ ရွှေတွေ၊ ပစ္စည်းတွေလည်း ယူသွားတယ်။ ကန်ကြီးကုန်း တောင်ရွာက တစ်ယောက်၊ မြောက်ရွာက တစ်ယောက်၊ သဲပြင်တောက တစ်ယောက် ဖမ်းခံရတယ်။ မြောင် (ရွာ) ဘက်က စစ်ကြောင်းကလည်း နှစ်ယောက်ဖမ်းသွားတယ်။ အခုထိတော့ လွတ်မလာသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုစစ်ကြောင်း၏ သုံးရက်တာစီးနင်းမှုအတွင်း ကျေးရွာ သုံးရွာ  မီးရှို့ခံရသလို စစ်ရှောင် ငါး ဦးခန့် ဖမ်းဆီးခံရသည်ဟု ညောင်ဦးဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ဝင်များထံက သိရသည်။ 

“ လက်နက်ကြီး ၆၀ မမနဲ့ လှမ်းပစ်တယ်။ ရွာခြေကပ်ပြီဆိုရင် လက်နက်ငယ်တွေ ပစ်ပြီး ရွာထဲ ဝင်သွား တယ်။ ရွာထဲ မဝင်ခင်မှာလည်း ဒရုန်းနဲ့ ကင်းထောက်တာမျိုးရှိတယ်” ဟု ညောင်ဦးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

“ ကန်နီပေါက်ကျေးရွာမှာ ၁၇ အိမ်၊ ဂျိုးကန်ရွာက ၇ အိမ်၊ ‌ကျောက်ပြင်ကန်က သူတို့ စစ်ကြောင်း မထွက်ခင် မီးရှို့သွားလို့ အိမ်ခြေ ၄ အိမ် ပျက်စီးတယ်။ အခုလက်ရှိတော့ စစ်ကြောင်းဆုတ်သွားတော့ (ရွာတွေထဲ) ပြန်ဝင်လို့ ရပြီ” ဟု ထိုသူက ဆက်ပြောသည်။

လက်ရှိတွင် ထိုစစ်ကြောင်းရန်ကြောင့် အိမ်ခြေ အနည်းဆုံး ၅၀၀ ခန့်ရှိသည့် ရွာပေါင်း ၁၀ ရွာကျော် မှ ဒေသခံများ စစ်ဘေးရှောင်နေရသည်။ 

အထက်ပါ စစ်ကြောင်း ရှိနေစဉ်မှာပင် အောက်တိုဘာလ ၁၁ ရက်နေ့တွင် တောင်ဘက် ချောက်မြို့နယ်မှ တဆင့် ညောင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း တစ်ကြောင်း ကလည်း  ချောက်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မြောင်ကျေးရွာတွင် လာရောက်အထိုင်ချခဲ့သည်။ 

ထို့ကြောင့် ဒေသခံများအနေဖြင့် တစ်နေရာမှ တစ်နေရာသို့ စစ်ရှောင်ရာတွင် အခက်အခဲ တွေ့ခဲ့ရသည် ဟု ဆိုကြသည်။ 

“ (စစ်ကြောင်း) ရောက်တယ်အသံကြားလို့ အခြေအနေကြည့်ပြီး ရှောင်တယ်။ သက်ကြီးရွယ်အိုတွေကို အရင်ကြိုထုတ်ပြီး လူငယ်လူရွယ်တွေက နောက်မှရှောင်တာများတယ်။  သူတို့နီးလာပြီးဆိုရင် ဒီရွာကနေ ဟိုရွာဆက်ပြေးပေါ့။  တစ်ခါမလွတ် တစ်ခါပြောင်း၊ ကျွန်တော်တို့က တောင်သူတွေဆိုတော့ နွားတွေ လည်း ဆွဲပြေးရတယ်။ နွားကဲ့လိုက်၊ လူကဲ့လိုက်နဲ့ပေါ့” ဟုကျောက်ပြင်ကန်ရွာအနီးမှ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ 

စစ်ဘေးရှောင်ရသည့် သုံးရက်အတွင်း  နေရာ လေးနေရာခန့်ကို မိသားစုဝင် ခြောက်ဦး၊  နွားငါးကောင်နှင့် အတူ အဆင့်ဆင့် ပြောင်းရွှေ့ခဲ့ရသည်ဟု  အသက် ၄၀ ကျော်အရွယ် အဆိုပါအမျိုးသားက ဆိုသည်။ 

“  အသက် ၈၀ ကျော်အဘိုးနဲ့ အဘွားလည်းပါတော့ ဆိုင်ကယ်နဲ့နီးရင် ဆိုင်ကယ်၊  လှည်းနဲ့နီးရင် လှည်း လွတ်လောက်မယ်ထင်တဲ့နေရာ သွားပို့ပြီး ကိုယ်ဘာသာစီစဉ်ပဲ ရှောင်ရတယ်။ လွတ်လောက်မယ့်နေရာ လယ်တောတွေထဲမှာ မိုးကာစတွေနဲ့ တဲထိုးပြီးနေရတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကော်မရှင်သည် ကမ္ဘာ့အမွေနှစ်စာရင်းဝင် ပုဂံမြို့ဟောင်း၏ တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ကျေးရွာ များကို  ယခုနှစ်အတွင်း ခပ်စိတ်စိတ် စစ်ကြောင်းထိုးလာပြီး မီးရှို့ဖျက်ဆီးမှုများကို လုပ်လာသောကြောင့် မိုးအကုန် ဆောင်းအဝင် ပဲ၊ နှမ်း ရိတ်သိမ်းချိန် ကြုံလာရမည့် ဘေးအန္တရာယ်ကို ညောင်ဦးဒေသခံများ  စိုးရိမ်ပူပန်နေကြသည်။ 

ဇူလိုင်လအတွင်း မီးရှို့ခံထားရသော ပုဂံဒေသ ကျေးရွာမြင်ကွင်းတစ်ခု။ (ဓာတ်ပုံ-ပေးပို့) 

“ စစ်ကြောင်းက တစ်လကို အနည်းဆုံး တစ်ခေါက်၊ နှစ်ခေါက်လောက် လာတယ်။ တခါတလေ တစ်ပတ် ပဲ ခြားပြီး ဝင်လာတာမျိုးလည်းရှိတယ်။  သီတင်းကျွတ်တောင် ဘယ်အချိန် ကျွတ်သွားလဲမသိလိုက်ဘူး။  ဆီးမီးတောင် မထွန်းဖြစ်ဘူး” ဟု အဆိုပါအမျိုးသားက ဆက်ပြောသည်။

“ ပဲ၊ နှမ်းပေါ်တဲ့အချိန် ပဲစင်းငုံရိတ်တဲ့အချိန် သူတို့လာမှာပဲစိုးရိမ်နေကြတာ မီးရှို့ဖျက်ဆီးခံရမှာစိုးလို့ ဘယ်နေရာမှာ သိမ်းရမလဲ စိုးရိမ်ပူပန်နေရတယ်”

ယခုလတွင် ညောင်ဦးမြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် သုံးရက်ကြာ စစ်ကြောင်းဝင်ရောက်ခဲ့ သော်လည်း ဒေသခံ တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပေ။

အင်အားမမျှသောကြောင့်  တိုက်ပွဲဖော်‌ဆောင်ခဲ့ခြင်းမရှိဟု ညောင်ဦးအခြေစိုက် တော်လှန်ရေးအဖွဲ့များက ဆိုသည်။

သြဂုတ်လအတွင်း ကျောက်ပြင်ကန်ရွာတွင် ဂျိုင်ရိုကော်ပတာ (Gyrocopter) နှစ်စီး ဗုံးကြဲခဲ့သောကြောင့် အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးနှင့်  တော်လှန်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။ 

ဇူလိုင်လအတွင်းကလည်း စစ်တပ်စစ်ကြောင်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့်လည်း ကျောက်ပြင်ကန်၊ ချောင်းရှည်၊ မြောင်နှင့် အနောက်အုံ အပါအဝင် ရွာ ငါး ရွာခန့်တွင် နေအိမ် ၁၀၀ခန့် ပျက်စီးခဲ့သည်။​

နိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသဖြစ်သော အဆိုပါကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် အခြေစိုက် သည်ဟု ယူဆ၍ စစ်တပ်က မြေပြင်စစ်ကြောင်းများ ခပ်စိတ်စိတ်ထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာသည်။ 

ပုဂံညောင်ဦးဒေသသည် စစ်တပ် အာဏာမသိမ်းခင်က ကမ္ဘာလှည့်ခရီးသွားများနှင့် အမြဲမပြတ် စည်ကား ခဲ့သည့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဖြစ်သည်။ AD ၉ ရာစုမှ ၁၃ ရာစုအတွင်းစည်ကားခဲ့သည့် ပုဂံမြို့ဟောင်းနှင့်သာသနိကအဆောက်အအုံများသည် ကုလသမဂ္ဂယူနက်စကို (UNESCO) အဖွဲ့၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၉ ဇူလိုင် တွင် သတ်မှတ်ခံံံခဲ့ရသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ရှေးဟောင်းဘုရားစေတီပုထိုးများတည်ရှိရာ ပုဂံမြို့ဟောင်းတောင်ဘက် ၁၄ မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဂျိုးကန်ရွာနှင့် ကျောက်ပြင်ကန်ရွာကြားကို စစ်တပ်က ပထမဆုံးအကြိမ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ဗမာအများစုနေထိုင်ရာ ထိုဒေသအတွင်း စစ်တပ်က မြေပြင်စစ်ကြောင်းထိုးမှုများ ခပ်စိတ်စိတ် ဖြစ်လာသလို ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ မြို့အနီးဝန်းကျင်တွင် ဖြစ်ပွားလာခဲ့သည်။ 

နိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် ညောင်ဦးမြို့နယ်တွင် တော်လှန်ရေးတပ်များဖြန့်ကျက်မှု အားကောင်းလာပါက  နယ်မြေထိစပ်လျက်ရှိသည့် ချောက်၊ မြင်းခြံ၊ ကျောက်ပန်းတောင်းမြို့နယ်များ တွင် တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် စစ်တပ်က စစ်ကြောင်းထိုး၍ နယ်မြေစိုးမိုးမှုရယူရန် ကြိုးပမ်းနေ သည်။ 

Related Articles

Back to top button