စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ပိုင်းရှိ ကျေးရွာတစ်ရွာကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ရုတ်တရက် ဝင်ရောက်စီးနင်းစဉ် ဒေသခံတစ်ဦး သတ်ဖြတ်ခံရကာ အိမ်ခြေ ၁၀၀ ကျော် မီးရှို့ခံပြီး လူ ၃၀ နီးပါး ဖမ်းဆီးသွားကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အနီး စစ်တပ်အထိုင်ချတပ်စွဲထားသည့် သကြားစက်ရုံနှင့် ကျောက်ဆည် ကန်ရွာတို့မှ စစ်တပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင် ၈၀ ခန့်ပါသော စစ်ကြောင်းသည် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ထန်းတပင်ရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
ထန်းတပင်ရွာ စီးနင်းချိန် ဒေသခံအမျိုးသား တစ်ဦး သတ်ဖြတ်ခံရသည်သာ အတည်ပြုနိုင်ပြီး အသက်၊ အမည်နှင့်အသေးစိတ်အချက်အလက်များ မသိရှိရသေးကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်တပ်က ကျေးရွာနေအိမ် ၁၃၀ ကျော် မီးရှို့ခဲ့ပြီးနောက် ထိုနေ့မှာပင် အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ရွာနှင့်တစ်မိုင်ခန့် အကွာ သကြားစက်အတွင်း ဖမ်းဆီးခေါ်ဆောင်ခံရသည်ဟု ၎င်းက ဆိုသည်။
“ထန်းတပင်ရွာဆိုတာက ဗျူဟာလမ်းကြီးကနေ ဇီးကုန်းမြို့ကိုသွားတဲ့လမ်းဘေးမှာကပ်လျက်တည်ရှိတာ ဖြစ်တယ်လေ။ သူက ကျောက်ဆည်ကန်တို့၊ ယမနေ (ရွာ) တို့က စစ်xxxx လှုပ်ရှားမှု ရှိတဲ့အခါ ကားတွေနဲ့ ဖြတ်သွားတာတွေရှိတော့ သွားနေကြလို့ (ကာကွယ်ရေးအဖွဲ့တွေရှိမယ်) ထင်ကောင်းထင်မှာပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
“ လျှပ်တပြက်နဲ့ ဝင်ရောက်စီးနင်းတဲ့ အချိန်မှာ ပြည်သူတွေအနေနဲ့ဒီလိုအဖြစ်မျိုး ခံလိုက်ရတာ”ဟု ၎င်းက ဆက်ပြောသည်။
ရွာကို စီးနင်းထားစဉ် ပြည်သူပိုင်ပစ္စည်းများ၊ ဆိုင်ကယ်များပါ ယူဆောင်သွားပြီးသာမက အမျိုးသမီးများ ၏ ရွှေထည်ပစ္စည်းများကိုလည်း ဖြုတ်ယူသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
“ အဲ့ဒီရွာက xxxxxခြံတွေနဲ့အနီးကပ်ဆုံးမှာနေရတာ။ စက်ရုံနဲ့လည်း နီးသလို သကြားစက်နဲ့လည်းနီးတယ် ထွက်မယ်ဆိုရင် ထွက်ပေါက်က တစ်ပေါက်ပဲရှိတာ။ ထွက်ချိန် မရလိုက်ဘူး။ မီးရှို့နေတုန်း ထွက်ထွက် မိမိ မိတဲ့ဟာတွေကို ဆွဲဖြတ်ယူသွားတာ”ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
စစ်တပ်က ရွာကိုစီးနင်းပြီးနောက် ပြန်ဆုတ်ခွာသွားချိန် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။ လက်ရှိတွင် ရွာခံအများစုသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ကသုံးလုံး (ကောလင်း၊ ကသာ၊ ကန့်ဘလူ) ဒေသတွင် ပါဝင်သည့် ကန့်ဘလူမြို့နယ်သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အထိ ဆက်သွယ်ရေး အရေးပါသည့် ဒေသဖြစ်ရာ ထိုဒေသ စိုးမိုးထိန်းချုပ်နိုင်ရေး စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများက အပြိုင်အဆိုင် ကြိုးပမ်းနေသည်။

စစ်တပ်နှင့် ပျူစောထီးများကဒေသတွင်း ဆက်သွယ်ရေးအရ အချက်အချာကျသည့် လမ်းပိုင်းများကို ပြန်လည် ထိန်းချုပ်ပြီး နယ်မြေ စိုးမိုးမှုချဲ့ထွင်နိုင်ရန် ယမန်နှစ် နှစ်ကုန်ကစပြီး လုပ်ဆောင်နေကြသည်။
မြို့အနောက်ဘက်ရှိ ကောလင်း – ကန့်ဘလူ ခရိုင်ချင်းဆက်လမ်းပေါ်ရှိ အဓိကကျသည့်နေရာများတွင် စစ်တပ်ကအထိုင်ချတပ်စွဲခြင်းဖြင့် ထိုလမ်းပိုင်းကို ယခုနှစ် နှစ်လယ်ပိုင်းကစပြီး အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြို့အရှေ့ဘက်ရှိ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို ထိုးစစ် ဆင်ကာ နေရာအချို့တွင် ခြေကုပ်ယူထားနိုင်သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးအင်အားစုများက စီးနင်းတိုက်ခိုက် ခဲ့ပြီး အောက်တိုဘာလဆန်းကလည်း စစ်တပ်နှင့် ပျူစောထီးများ ပူးတွဲအထိုင်ချထားသည့် အုန်းတောရွာ ကင်းစခန်းကို စီးနင်းခဲ့ရာ သုံ့ပန်းများဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
“ သူတို့ကတော့ ကျွန်တော်တို့ဘက်ကို ဝင်ရောက်နိုင်ဖို့အမျိုးမျိုးကြိုးစားနေတာရှိတယ်။ ကျွန်တော်တို့ ဘက်ကလည်း ဒါနဲ့ပတ်သက်ပြီး သတိဝီရိယထားပြီးတော့ ပြင်ဆင်မှုတွေ၊ ကာကွယ်မှုတွေ လုပ်ပြီး အသင့် စောင့်ကြိုနေတဲ့အနေအထားရှိပါတယ်။ ကြားထဲမှာလည်း သူတို့က ခုလိုကြိုကြား ကြိုကြား ခံလိုက်ရတဲ့အတွက် သူတို့နဲ့အနီးကပ်ဆုံးရှိနေတဲ့ ကျွန်တော်တို့ဘက်က စိုးမိုးနယ်မြေမှာရှိတဲ့ ရွာတွေကို ဝင်ရောက်စီးနင်းပြီးတော့ အကြမ်းဖက်တဲ့လုပ်ရပ်မျိုးလုပ်တာ”ဟု အထက်ပါ ကန့်ဘလူမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။
နှစ်ကုန်တွင် ရွေးကောက်ပွဲကျင်းပမည်ဟုကြေညာထားသည့် စစ်တပ်က လက်လွှတ်ခဲ့ရသည့် နယ်မြေ များ ပြန်လည်ရရှိရန်ထိုးစစ်ဆင်နေပြီး စစ်ကိုင်းတိုင်းတွင်လည်း ဩဂုတ်လမှ စတင်ကာ မြို့နယ် ၁၅ ခုထက်မနည်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်နေသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း စစ်တပ်နှင့်လက်အောက်ခံအဖွဲ့များ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း တစ်သိန်းကျော်ပျက်စီးခဲ့ရသည့်အနက် ၆၀ ရာခိုင်နှုန်းကျော်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း အချက်အလက်များကို စာရင်းပြုစုထားသည့် Data for Myanmar အဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။



