အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

TNLA ထိန်းချုပ် ၃ မြို့ ဗုံးကြဲခံရပြီး ကလေးများအပါအဝင် ၈ ဦးသေဆုံး၊ ၂၀ ဒဏ်ရာရ

သီပေါ၊ နမ္မတူနှင့် နမ့်ဆန်မြို့များ နေ့စဉ်နီးပါး ဗုံးကြဲခံရပြီး ရက်သတ္တပတ် တစ်ပတ်အတွင်း ကလေးများ အပါအဝင် ရှစ်ဦးသေဆုံးပြီး နှစ်ဆယ်ဝန်းကျင် ဒဏ်ရာရခဲ့သည်။

တအာင်းတပ် (TNLA) ထိန်းချုပ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ နမ္မတူနှင့် နမ့်ဆန်မြို့များအား ယခုလ ပထမပတ်အတွင်း လေကြောင်းမှ နေ့စဉ်တိုက်ခိုက်နေရာ ကလေးငယ် နှစ်ဦး အပါအဝင် ရှစ်ဦး သေဆုံးပြီး ၂၀ ဝန်းကျင်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံက သိရသည်။

အောက်တိုဘာလ ၂ ရက်နေ့မှ ယနေ့ (အောက်တိုဘာလ ၇ ရက်နေ့) အထိ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် သီပေါမြို့တွင် အမျိုးသားနှစ်ဦး၊ နမ္မတူမြို့တွင် လေးဦးနှင့် နမ့်ဆန်မြို့တွင် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် နမ္မတူမြို့

ကမ္ဘာကျော် သတ္တုမိုင်းလုပ်ငန်းများရှိရာ နမ္မတူမြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာ ရပ်ကွက်များအား စစ်တပ်က ယခုလ ၂ ရက်နေ့မှ  ၇ ရက်နေ့ နံနက်အထိ လေကြောင်းမှ သုံးကြိမ် ဗုံးကြဲခဲ့သည်။

ယနေ့ နံနက် ဗုံးကြဲတိုက်ခိုက်မှုတွင် စစ်ဘေးဒုက္ခသည်များ မကြာခဏလာရောက် ခိုလှုံလေ့ရှိသည့် ဗုဗ္ဗာရုံဘုန်းကြီးကျောင်း ထိမှန် ပျက်စီးသွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

“ဒီမနက် ၆ နာရီခွဲလောက် ဗုဗ္ဗာရုံကျောင်းကို လာကြဲသွားတာ။ အရင်ရက်တွေ လာကြဲကတည်းက ဘုန်းကြီးတွေ ကိုရင်တွေ ကြိုရှောင်ထားလို့ ဘာမှမဖြစ်ကြတာ။ စစ်ရှောင်တွေ မရှိတဲ့အချိန်မို့လည်း တော်သေးတာ ”ဟု နမ္မတူမြို့ခံတစ်ဦးကဆိုသည်။

နမ္မတူမြို့ အမှတ် (၈) ရပ်ကွက်ကိုလည်း အောက်တိုဘာလ ၂ ရက်နေ့ နံနက်က လေကြောင်းတိုက်ခိုက်မှု အတွင်း သတ်လတ်ပိုင်းအရွယ် အမျိုးသမီး သုံးဦးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း လေးဦးသေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

ယမန်နေ့ (အောက်တိုဘာလ ၆ ရက်နေ့) သီတင်းကျွတ်လပြည်နေ့ နံနက်တွင် နမ္မတူမြို့ပေါ် မီးသတ်ရုံး အနီး ဗုံးကြဲခံရကာ နေအိမ် ခြောက်လုံး ပျက်စီးခဲ့သည်။

နမ္မတူမြို့အား “ ၁၀၂၇ စစ်ဆင်ရေး” ကာလ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် TNLA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး တစ်နှစ်ကျော်ကြာသည့်အချိန် စစ်တပ်က နမ္မတူမြို့အား လေကြောင်း မှ ဖိအားပေး တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဘော်တွင်းသတ္တုတွင်းလည်းရှိသည့် နမ္မတူမြို့တွင် မြို့ပေါ်ရပ်ကွက် နှစ်ခုရှိပြီး ကျေးရွာအုပ် စုပေါင်း ၂၂ စုရှိသည်။

လူစည်ကားသည့် မြို့ပေါ်ရပ်ကွက်နှစ်ခုတွင် လူဦးရေ တစ်သောင်းခွဲဝန်းကျင်နေထိုင်ပြီး ယခုရက်ပိုင်း စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် မြို့ခံထက်ဝက်ကျော် ဘေးလွတ်ရာသို့ ထွက်ခွာသွားကြသည်ဟု နမ္မတူမြို့ခံများထံက သိရသည်။
“နေ့တိုင်းလာကြဲနေတော့ လူတွေက မနေရဲတော့ဘူးပေါ့ဗျာ။ မနေ့ကကို ကားအစီးရေ အနည်းဆုံး သုံး၊ လေးဆယ်ရှိမယ်။ မြို့ကနေ လားရှိုးဘက်ကို ထွက်သွားတာ။ ဒီမနက်လည်း ထပ်ပြီး ထွက်နေကြတုန်းပဲ။ မြို့မှာက အိမ်စောင့်လောက်ပဲကျန်တယ်” ဟု နမ္မတူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်ထိုးစစ် ဦးတည်နေသည့် သီပေါမြို့အား လေကြောင်းမှ ပိုမိုဖိအားပေးသည့်အနေဖြင့်  ယမန်နေ့ နံနက်ကလည်း မြို့တွင်းရှိ မိုက်ခရိုဝေ့ပ် ဆက်သွယ်ရေးကို ဗုံး တစ်လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ရာမှ အသက် တစ်နှစ်အရွယ် မောင်ခန့်ညာထွန်း၊ အသက် ၂၃ နှစ်အရွယ် ဦးသောနနှင့် အသက် ၂၆နှစ်အရွယ် ဦးပတူးတို့ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။ 

ယမန်နေ့ကလည်း ဒဏ်ရာရသွားသော သီပေါမြို့ခံတစ်ဦး။ (ဓာတ်ပုံ-TNLA) 

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ နံနက်ကလည်း နမ္မတူမြို့အား ဗုံးကြဲပြီးနောက် အဆိုပါနေ့ ညနေ တွင် သီပေါမြို့ စံဖိတ်ကွက်သစ်ရှိ ကုမုဒြာဟိုတယ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည်။

စစ်တပ်ဝါဒဖြန့်မီဒီယာများတွင် အဆိုပါဟိုတယ်အား TNLA ဌာနချုပ်ဟု ဆိုကာ ရေးသားနေကြသည်။

ထို့နောက် နှစ်ရက်အကြာ အောက်တိုဘာလ ၄ ရက်နေ့တွင် သီပေါမြို့ ကျင်သီရွာ၊ မန်ဟဲရွာ၊ ကျောင်းစုရွာ ဘုန်းကြီးကျောင်း၊ အထက (၂) စာသင်ကျောင်းနှင့် ခလရ (၂၃) စစ်တပ် နေရာများအား လေကြောင်းမှ တစ်ရက်အတွင်း သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခံရသည်။

ထိုတိုက်ခိုက်မှုအတွင်း ကျင်သီရွာမှ သတ်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရခဲ့သည်ဟု သီပေါမြို့ခံများထံက သိရသည်။

“ မနက်ရော၊ နေ့ရော၊ ညရော တစ်ရက်တည်းလာကြဲတာ ။ ကျင်သီရွာမှာ ကြဲတာက တစ်ယောက်က နေရာမှာပဲ ဆုံးတာ။ နောက်တစ်ယောက်က လားရှိုးပို့ရင်း လမ်းမှာ ဆုံးတာ။ ရွာတွေထဲလည်းကျတယ်။ အိမ်တွေလည်းပျက်တာပေါ့”ဟု သီပေါမြို့ခံတစ်ဦးက ဆိုသည်။

သီပေါမြို့ပေါ်တွင် ရပ်ကွက် ၁၁ ခု ရှိပြီး လူဦးရေ နှစ်သောင်းကျော်နေထိုင်သည်။ စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့ခံအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြ သည်မှာ တစ်ကျော်ကြာခဲ့ပြီဟု သိရသည်။

“နောင်ပိန်ရွာဘက်ကို စတိုက်တဲ့အချိန်တုန်းက သီပေါကို လေယာဉ်နဲ့ ဗုံးကြဲတာ။ အဲဒီကတည်းက လူတွေ က လားရှိုးဘက်ကို ပြေးပြီရော။ အခု ကျောက်မဲသိမ်းပြီးတော့ အခြေအနေတွေ ပိုဆိုးလာတယ်” ဟု သီပေါမြို့ခံတစ်ဦးက ဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ကလည်း နမ့်ဆန်မြို့၊ ဇယ်တုန်ဟုန်းကျေးရွာအား လေကြောင်းတိုက်ခိုက်ရာ ကလေးငယ် နှစ်ဦးသေဆုံးပြီး နောက်ထပ် ကလေးငယ် ခြောက်ဦးအပါအဝင် ကိုးဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံက  သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်ဟု တအာင်းတပ် TNLA ဘက်ကဆိုသည်။

ခရိုင်မြို့ကြီးဖြစ်သည့် ကျောက်မဲမြို့နယ်တွင် ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့မြို့ များပါဝင်သည်။

နောင်ချိုနှင့် ကျောက်မဲမြို့အား စစ်တပ်က သိမ်းပိုက်ထားပြီး ကျောက်မဲခရိုင်ရှိ TNLA ထိန်းချုပ် မြို့များ အား ထပ်မံထိုးစစ်ဆင်နိုင်သည့်အတွက် အဆိုပါမြို့များတွင် လေကြောင်း အန္တရာယ်ပိုမို သတိပြုရမည် ဟု နိုင်ငံရေးအကဲခတ်များက ဆိုသည်။

“တောင်ခမ်းကနေစလို့ မြို့တစ်မြို့ကို ထိုးစစ်ဆင်တော့မယ်ဆိုရင် လေကြောင်း လက်နက်ကြီးနဲ့ ဖိအား ပေးပြီးမှ မြေပြင်စစ်ကြောင်းတွေ ရွေ့ရွေ့လာတာကိုတွေ့ရ တယ်။ သီပေါပြီးရင် နမ္မတူတို့ မိုးကုတ်တို့ကို ဆက်ပြီးတိုက်မလားဆိုတာ စောင့်ကြည့်ရမယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်တပ်၏ ရွေးကောက်ပွဲကျင်းပမည့် စာရင်းတွင် ကျောက်မဲနှင့်သီပေါမြို့များအား ထည့်သွင်းထားရာ ကျောက်မဲမြို့အား သိမ်းပိုက်ခဲ့သည့် စစ်တပ်သည် ဆက်စပ်နေသည့် သီပေါ မြို့ကိုပါ ဆက်လက် ထိုးစစ် ဆင်လာနိုင်သည်ဟု နိုင်ငံရေးအကဲခတ်များက မှတ်ချက်ပြုထားသည်။

စစ်တပ်ထောက်ခံသူများက ကျောက်မဲမြို့မှ မိုင် ၂၀ ကျော် ကွာဝေးသည့် သီပေါမြို့ဘက်သို့ စစ်တပ် က ဆက်လက်ထိုးစစ်ဆင်နေပြီဟု မျှဝေနေကြသည်။ နမ္မတူမြို့မှာ သီပေါမြို့မြောက်ဘက် မိုင် ၄၀ ကျော် အကွာတွင် တည်ရှိသည်။ 

 ယနေ့နံနက်က ဗုံးကြဲခံရသည့် နမ္မတူမြို့ ဗုဗ္ဗာရုံဘုန်းကြီးကျောင်း ။ (ဓာတ်ပုံ-TNLA)

သီပေါနှင့် ကျောက်မဲမြို့မှာ မိုင် ၂၀ကျော် ကွာဝေးပြီး အဆိုပါလမ်းပိုင်း၏ ထက်ဝက်ကျော်အား TNLA တပ်ဖွဲ့က ထိန်းချုပ်ထားဆဲဖြစ်သည်။

သီပေါနှင့် လားရှိုးမြို့လမ်းပိုင်းအား MNDAA ကိုးကန့်တပ်ဖွဲ့က ထိန်းချုပ်ထားပြီး သီပေါမြို့နယ် အတွင်းပါဝင်သည့် နမ့်လန်၊ သီပေါ လမ်းပိုင်းအားလည်း MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားသည်။

စစ်တပ်က သီပေါမြို့အား သိမ်းပိုက်နိုင်ပါက စစ်တပ်နှင့် MNDAA တပ်ဖွဲ့တို့၏ စစ်ရေးပဋိပက္ခများ ရှိလာနိုင်သည်ဟု နိုင်ငံရေးအကဲများက မှတ်ချက်ပြုထားသည်။

ယခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွေ့ဆုံဆွေးနွေးပွဲတွင် TNLA က ကျောက်မဲ၊ သီပေါမြို့များအား ပြန်ပေး၍ အပစ်ရပ်မည်ဟု ဆွေးနွေးခဲ့သော်လည်း စစ်တပ်က ထိုမြို့များကို တိုက်ယူ နိုင်သဖြင့် နမ့်ဆန်နှင့် မန်တုံ နှစ်မြို့ကိုသာ TNLA ထံ ပေးမည်ဆို၍ ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့သည်။

ထိုနောက်ပိုင်း စစ်တပ်က ကျောက်မဲမြို့အား သိမ်းပိုက်ခဲ့ပြီး မြောက်ဘက်မှ သီပေါမြို့အား ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။  

ယခုလအတွင်း TNLA နှင့် စစ်တပ်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် အပစ်ရပ်ရေးကိစ္စ ထပ်မံဆွေးနွေးရန် ရှိနေသည်။

ကျောက်မဲမြို့အား TNLA ထိန်းချုပ်ထားစဉ် အုပ်ချုပ်ရေးလုပ်ငန်းများ မဆောင်ရွက် နိုင်စေရန် စစ်တပ် က ကျောက်မဲဆေးရုံ၊ ရဲစခန်းနှင့် မြို့တွင်းမြို့ပေါ်ရပ်ကွက်နေရာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့သည်။

စစ်တပ်သည် ကျောက်မဲအား ပြန်သိမ်းပိုက်ပြီးနောက် တစ်နှစ်ကျော် ပိတ်ဆို့နေသည့် နောင်ချို၊ ကျောက်မဲ လမ်းပိုင်းအား ပြန်ဖွင့်ပေးလိုက်သည်။ တရုတ်နှင့် ထိစပ်နေသည့် မူဆယ်မြို့မှ နိုင်ငံအလယ်ပိုင်း မန္တလေး မြို့အထိ ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ရန် စစ်တပ်က ကြိုးပမ်းနေခြင်း ဖြစ်သည်။ 

လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ဆေးရုံ၊ စာသင်ကျောင်းများအား ဒေသခံများအကူအညီ ဖြင့် စစ်တပ်က ရှင်းလင်းမှုများ လုပ်ဆောင်နေသည်။ ယာယီဆေးရုံနှင့် အစိုးရဌာနဆိုင်ရာ ရုံးအချို့ ပြန်ဖွင့်ပေးထားပြီး စာသင်ကျောင်းများ ပြန်ဖွင့်ရန် ပြင်ဆင်နေသည်ဟု မြို့ခံများထံက သိရသည်။

စစ်တပ်၏ လေကြောင်းဗုံးကြဲမှု အန္တရာယ်ကြောင့် နေရပ်စွန့်ခွာနေရသည့် နောင်ပိန်ရွာ၊ ပင်တိန်ရွာ နှင့် နောင်ချို၊ ကျောက်မဲမြို့ကြားရှိကျေးရွာများမှ ဒေသခံများနေရပ်ပြန်လာနေကြသည်။ ကျောက်မဲမြို့ ပေါ်တွင်လည်း မြို့ခံများ နေရပ်ပြန်လာနေကြသည်ဟု သိရသည်။ 

Related Articles

Back to top button