
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တပ်ဖွဲ့ဝင်များကို စစ်သင်တန်းပေးနေခြင်းမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဆိုသည်မှာ မကြာသေးခင်ကမှ ဖွဲ့လိုက်ခြင်းဖြစ်သည်ဟု သိရကြောင်း ပဒိုစောလှထွန်းက ပြောသည်။
“PDF က မေလကမှ ထုတ်ပြန်ကြေညာချက်ထုတ်ပြီးတော့ ဖွဲ့လိုက်တာမဟုတ်လား။ ပြီးတော့ သက်ဆိုင်ရာ မြို့တွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပေါ်လာတာ။ ပေါ်လာတဲ့အဖွဲ့တွေကို ဒီကာလမှာ ဘယ်လို သင်တန်းပေးမလဲ။ သင်တန်း ပေးတာ မရှိဘူးလေ” ဟု ပဒိုစောလှထွန်းက Myanmar Now ကို ပြောသည်။
ကရင်ပြည်နယ်စစ်ကောင်စီက မေ ၁၈ ရက် ရက်စွဲဖြင့် ပေးပို့သောစာ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ NUG နှင့် PDF အဖွဲ့ဝင်များကို KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၁)၊ (၂)နှင့် (၇) နယ်မြေများတွင် စစ်သင်တန်းပို့ချနေသည်ကို ထိုဒေသများမှ ပြန်လာပြီး ဖမ်းဆီးခံရသူများထံမှ သိရသောကြောင့် ၎င်းတို့အနေဖြင့် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။
ထိုကဲ့သို့ စစ်သင်တန်းပေးနေမှုသည် အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထားသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ကို ချိုးဖောက်ရာရောက်သည်ဟုလည်း ဆိုသည်။
စစ်ကောင်စီ၏ စွပ်စွဲမှုသည် လွဲမှားနေသည်ဟု ပဒိုစောလှထွန်းက တုံ့ပြန်လိုက်သည်။
“တလောက သတင်းတစ်ခုမှာ တွေ့လိုက်တယ်၊ သူတို့တပ်ထဲက ထွက်ပြေးလာတဲ့ ဗိုလ်မှူးလား၊ ဗိုလ်ကြီးလား၊ သူ သင်တန်းပေးတာ၊ အဲဒါနဲ့ သူတို့က ရောနေတာ။ အဲဒါက သူ့ဟာသူ ပေးတာကို။ စာက မှားနေတာပေါ့”
စစ်တပ်က အာဏာသိမ်းပြီးနောက် ၃ လကျော်အတွင်း လူ ၈၀၀ နီးပါး သေဆုံးခဲ့ပြီး ထောင်နှင့်ချီ အဖမ်းခံရကာ ဒေသအများအပြားကို ဖိနှိပ်နေသောကြောင့် လူငယ်အများအပြား လုံခြုံသည့် နေရာသို့ သွားရောက်တိမ်းရှောင်နေကြရာ တိမ်းရှောင်သည့် နေရာများထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေများလည်း ပါဝင်သည်။
၂၀၁၅ ခုနှစ်က အပစ်ရပ်စာချုပ် NCA တွင် လက်မှတ်ထိုးခဲ့သော KNU နှင့် စစ်တပ်သည် ၂၀၁၈ ကတည်းက အစပြု၍ တိုက်ပွဲများ မကြာခဏ ပြန်လည်ဖြစ်ပွားခဲ့သည်။
ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေ ဖာပွန်ဒေသအတွင်း ၂၀၂၀၊ ဧပြီ ၁ မှ ဇွန် ၃ အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု ၈၈ ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ တပ်မတော်ဘက်က သတ်မှတ်နယ်မြေကျော်လွန်ခြင်းနှင့် တပ်စခန်းများ လာရောက်ချထားခြင်းတို့ကြောင့် ဖြစ်ကြောင်း KNU ဘက်က ထုတ်ပြန်ခဲ့သည်။
ကရင်အရပ်ဘက်အဖွဲ့အစည်းများကလည်း စစ်တပ်သည် NCA စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်နေကြောင်း ဝေဖန်ခဲ့ကြသည်။
အပစ်ရပ် NCA စာချုပ် အခန်း (၃) တွင် တပ်နေရာချထားရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးရန်၊ အပစ်ရပ်နယ်မြေအတွင်း နှစ်ဖက်တပ်များက နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများ၊ စစ်အင်အားတိုးချဲ့ခြင်းများနှင့် တိုက်ခိုက်မှုများ မလုပ်ဆောင်ရန် ဖော်ပြထားသည်။
စစ်တပ်သည် ပြီးခဲ့သည့် မတ် ၂၇ မှစ၍ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်တိုင်းရင်းသား ၁၂,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု KNU ၏ ဧပြီ ၂ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရွေးကောက်ခံအမတ်များ ဦးဆောင်ဖွဲ့စည်းထားသော အစိုးရအဖွဲ့ NUG သည် ဖက်ဒရယ်တပ်မတော်တည်ထောင်နိုင်ရေး ရည်ရွယ်၍ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးနေပြီး ရှေ့ပြေးအဖြစ် PDF ကို မေ ၅ ၌ ဖွဲ့စည်းခဲ့သည်။
နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန်၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန်၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရန် တာဝန်ရှိသောကြောင့် PDF ကို ဖွဲ့စည်းလိုက်သည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် အာဏာသိမ်းစစ်ကောင်စီတပ်များက ပြည်သူတို့ကို နေ့စဉ် အကြမ်းဖက်တိုက်ခိုက်နေမှုကြောင့် နိုင်ငံအနှံ့မှ ပြည်သူများက ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းကာ ပြန်လည်ခုခံလျက်ရှိသည်။
တပ်မတော်အကြီးအကဲရာထူး သက်တမ်းကုန်ဆုံးခါနီးချိန်၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ခံအစိုးရအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး၍ ဖေဖော်ဝါရီ ၁ တွင် နိုင်ငံ့အာဏာသိမ်းယူခဲ့ချိန်မှစ၍ တစ်နိုင်ငံလုံး ဆန္ဒပြမှုများဖြင့် ကြုံတွေ့နေရသည်။
ဖေဖော်ဝါရီ ၇ မှစ၍ စစ်တပ်သည် ဆန္ဒပြပြည်သူများကို အကြမ်းဖက်တိုက်ခိုက်လျက်ရှိပြီး ကလေးသူငယ်များအပါအဝင် ပြည်သူ ၈၀၇ ဦး သေဆုံးခဲ့ပြီဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ကြေညာထားသည်။