အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေးအတွေးအမြင်

မြန်မာ့အနာဂတ်အတွက် အရေးကြီးသည့် စီးပွားရေးစစ်မျက်နှာ

မြန်မာနိုင်ငံသည် ကြီးစွာသော စီးပွားရေးနှင့် လူသားရေးရာ ကပ်ဘေးကြီးများကို ရင်ဆိုင်နေရသည်။ တိုင်းပြည်ရှိ အဆင်းရဲဆုံးနှင့် ထိခိုက်နစ်နာရန် အလွယ်ဆုံးသူများအတွက် အကာအကွယ်၊ အထောက်အပံ့များ ဖန်တီးပေးရန် အရေးပေါ် လိုအပ်နေသည်။ ထိုသို့ ကူညီကာကွယ် ထောက်ပံ့ရာတွင်လည်း အာဏာရှင်စနစ် အမြစ်တွယ်သွားရန် မဖြစ်ဖို့ အထူးသတိပြုရန် လိုအပ်သည်။ ဤအကျပ်အတည်းကို ဖြေရှင်းရင်း မြန်မာနိုင်ငံ၏ အလွန်အမင်းမညီမျှသော၊ လူနည်းစုသာ အမြတ်ကြီးစားနိုင်သည့် နိုင်ငံရေးအခြေပြုစီးပွားရေးစနစ်ကိုလည်း အသွင်ပြောင်းပစ်နိုင်ဖို့လည်း အလွန်အရေးကြီးလှသည်။ ဤသည်မှာ ဒီမိုကရေစီအတွက် လိုအပ်သည့် အပြောင်းအလဲဖြစ်သည်။ လွတ်လပ်ပြီး ပို၍ ညီမျှတိုးတက်သည့် လူ့အဖွဲ့အစည်းကို ထူထောင်ရေးအတွက် အဓိကသော့ချက်လည်း ဖြစ်သည်။

ဖေဖော်ဝါရီလက စစ်တပ်၏ အာဏာသိမ်းမှုကို လူထုက ဆန္ဒပြခြင်းများ၊ သပိတ်မှောက်ခြင်းများနှင့် တုံ့ပြန်သောအခါ အကြီးအကျယ် အကြမ်းဖက် ဖိနှိပ်ခြင်းများ ကြုံတွေ့ရသည်။ စစ်တပ်ကလည်း အာဏာကို ချုပ်ကိုင်ထားရန် မစွမ်းသာသည့်အပြင် မမျှော်လင့်ထားခဲ့သော နိုင်ငံရေးတွင် စစ်တပ်၏ ခြယ်လှယ်မှုကို အဆုံးသတ်သွားစေလိုသည့် တော်လှန်ရေးလှုပ်ရှားမှုများနှင့် ရင်ဆိုင်နေရသည်။ နောက်ထပ် နှစ်ပေါင်းများစွာ မတည်ငြိမ်မှုကို ကြုံတွေ့ရပေဦးမည်။

လက်ရှိတွင်မူ စီးပွားရေးစနစ် ပြိုလဲသွားကာ ပြည်သူသန်းချီကာ ဆင်းရဲတွင်းထဲသို့ အရှိန်အဟုန်ဖြင့် ကျကုန်တော့မည် ဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်းက နောင်လာမည့် ၆ လတွင် လူဦးရေ ၃.၄ သန်းသည် မိမိကိုယ်ကိုယ် ဝလင်အောင် ကျွေးမွေးနိုင်မည် မဟုတ်ဟု ခန့်မှန်းထားသည်။ ကျန်းမာရေးစနစ် ပြိုလဲသွားသောကြောင့် လူသန်းပေါင်းများစွာ၏ အသက်သည်လည်း အန္တရာယ်ရှိနေသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် တီဘီအဆုတ်ရောင်ရောဂါဆေးနှင့် ခုခံအားကျဆင်းမှုရောဂါ (AIDS) ကုသဆေးကို ပုံမှန်မှီဝဲနေရသူ ၇ သိန်းမျှ ရှိသည်။ ထို့အပြင် နှစ်စဉ် ပုံမှန်အားဖြင့် ဝက်သက်၊ ပိုလီယိုနှင့် အခြားသော ရောဂါပိုးများအတွက် ကာကွယ်ဆေးထိုးရန် လိုအပ်သည့် ကလေးငယ်ဦးရေလည်း ၉.၅ သိန်းမျှ ရှိသည်။ ယခု ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခြင်းလည်း မပြုလုပ်နိုင်တော့သလို နိုင်ငံတစ်ဝန်းတွင် ကာကွယ်ဆေးထိုးရန်လည်း မဖြစ်နိုင်တော့။

ယခုကဲ့သို့ ဖြစ်ပေါ်လာသည့် ကပ်ဘေးဒုက္ခများစွာတို့သည် အာဏာသိမ်းခြင်းနှင့် နောက်ဆက်တွဲအကျိုးများသာ ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေပြုစီးပွားရေးစနစ်၏ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို နားလည်ခြင်းသည် အနာဂတ် ရွေးချယ်စရာလမ်းကြောင်းများကို ဆင်ခြင်ရာတွင် အလွန်အရေးကြီးသည်။

ဗြိတိသျှအုပ်ချုပ်ရေးအောက်က မြန်မာ့စီးပွားရေးစနစ်သည် အိန္ဒိယနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများနှင့် အခြေခံကုန်စည်များ တင်ပို့မှုပေါ်တွင်သာ အခြေတည်သည်။ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် နိုင်ငံရေးတွင် လက်ဝဲဝါဒီများ ကြီးစိုးကာ ကိုလိုနီခေတ်၏ အကြွင်းအကျန်များကို မြေလှန်ပစ်နိုင်ရေးကိုသာ အားထုတ်ခဲ့ကြသည်။ ၁၉၈၀ ပြည့်လွန်နှောင်းပိုင်းနှစ်များတွင်မူ စစ်အစိုးရသစ်က “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်”ကို တစ်ခန်းရပ်ကာ ဈေးကွက်သစ်များကို ဖန်တီးခဲ့သည်။ စက်မှုတော်လှန်ရေးဖြစ်ပေါ်နေသည့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ချိတ်ဆက်ထားသည့် သယံဇာတထုတ်ယူရေးလုပ်ငန်းများသာ ဖြစ်သည်။ အကောက်ခွန်နှင့် လူမှုဖူလုံရေးဟူသည်မှာ မရှိသလောက်။ မညီမျှမှုများ တစ်ဟုန်ထိုး တိုးတက်ကာ ရာသီဥတုပြောင်းလဲမှုနှင့် မြေယာသိမ်းဆည်းခံရမှုများကြောင့် လူသန်းချီတို့သည် အလုပ်အကိုင်ရှာဖွေရေးအတွက် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းသွားကြရသည်။ စစ်တပ်များ၊ လက်နက်ကိုင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ ခြေချင်းလိမ်နေသည့် တောင်တန်းဒေသများတွင်လည်း လက်နက်ကိုင်ထားသူများထက်ပင် အဆပေါင်းများစွာ ချမ်းသာသည့် တရားမဝင်လုပ်ငန်းများက ကြီးစိုးထားသည်။ ကုလသမဂ္ဂက ထိုဒေသတွင် မက်သဖက်တမင်းထုတ်လုပ်မှုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆၁ သန်းမျှ ရှိသည်ဟု များမကြာမီက ဆိုခဲ့သေးသည်။

ဖေဖော်ဝါရီလက တွေ့ရသော အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်သူများ 

လွန်ခဲ့သည့် ၁၀ နှစ်တာ ကာလက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေချိန်တွင် စီးပွားရေးစနစ်ဘက်တွင်မူ ဖွဲ့စည်းတည်ဆောက်ပုံပြောင်းလဲမှု မတွေ့ခဲ့ရ။ စစ်တပ်က စီးပွားရေးတွင် ထဲထဲဝင်ဝင် ပါဝင်နေခြင်းမှ သိသိသာသာ နောက်ဆုတ်သွားခဲ့ပြီး စည်းကြပ်မှုများ ဖြေလျှော့လိုက်သဖြင့် နိုင်ငံခြားမှ အပြိုင်အဆိုင်ဝင်လာသော ရင်းနှီးမြှုပ်နှံမှုများကြောင့် ခရီးသွား၊ အိမ်ခြံမြေနှင့် ဆက်သွယ်ရေး စသည့် ကဏ္ဍအချို့တွင် တိုးတက်မှုအနည်းငယ် ဖြစ်လာခဲ့သည်။ သို့သော်လည်း ထိခိုက်နစ်နာရန် အလွယ်ဆုံးဖြစ်သည့် တောင်သူများ၊ မြေမပိုင်သည့် လယ်သမားများ၊ မြို့ပြ အစွန်အဖျားတွင် ကျူးကျော်နေရသူများနှင့် အခြားသော လူနည်းစု ပြည်သူအများကမူ အကြမ်းဖက်ခြင်းတို့၏ လက်တစ်လှမ်း အကွာ၊ ဆင်းရဲတွင်းထဲတွင်သာ ဆက်ရှိနေခဲ့ကြသည်။ ၂၀၁၇ ခုနစ်က ရိုဟင်ဂျာလူမျိုးတို့ကို လူမျိုးသုဉ်းသတ်ဖြတ်ခြင်းမှာလည်း အဆမတန် အကြမ်းဖက်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း နှစ်ပေါင်းများစွာ မြန်မာအစိုးရသည် ပြည်သူများ အကျိုးအတွက် ဘာမှ လုပ်ဆောင်ပေးခဲ့သည် မဟုတ်။

လော့ဒေါင်း (Lockdown) နှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအဟန့်အတားများ စသည့် ကပ်ရောဂါ၏ နောက်ဆက်တွဲ စီးပွားရေးရိုက်ခတ်မှုများကြောင့် မူလကပင် ယိုင်နဲ့နဲ့ စီးပွားရေးစနစ်သည် ဒေါင်ချာစိုင်းနေတော့သည်။ နိုင်ငံ၏ အလားအလာကောင်းသည့် တစ်ခုတည်းသော စီးပွားရေးကဏ္ဍတစ်ဖြစ်လဲ အမျိုးသမီးငယ် တစ်သန်းကျော်မျှကို အလုပ်ပေးထားနိုင်သည့် အထည်ချုပ်ကဏ္ဍ လဲပြိုခဲ့ရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပြုလုပ်သည့် နိုင်ငံတကာ လေ့လာမှုတစ်ခုက ဝင်ငွေဆင်းရဲမွဲတေမှု (တစ်နေ့လျှင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၉ အောက်သာ ရရှိသူ) သည် လူဦးရေ၏ ၁၆ ရာခိုင်နှုန်းမှ ၆၃ ရာခိုင်နှုန်းထိ ထိုးတက်သွားခဲ့သည်ဟု ဆိုသည်။ အစိုးရ၏ ထောက်ပံ့ကြေးမှာမူ မရှိသလောက် နည်းခဲ့သည်။

ယခု အာဏာသိမ်းပြီးနောက်တွင်လည်း စီးပွားရေးစနစ်မှာ ရပ်တန့်နေဆဲ။ အထွေထွေသပိတ်အပြင် စစ်တပ်၏ အင်တာနက်ပိတ်ဆို့မှုများကြောင့် ဘဏ္ဍာရေးစနစ်၏ အစိတ်အပိုင်း အတော်များများ သုံးမရတော့ဘဲ စီးပွားရေးလုပ်ငန်းများနှင့် လစာပေးရန် တစ်လလျှင် အမေရိကန်ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် ပေးချေမှုများ စကောစက ဖြစ်ကုန်သည်။ ယုံကြည်မှု နည်းပါးလာသည့်အပြင် ဗဟိုဘဏ်ကလည်း လိုအပ်သည့် ငွေကြေးပမာဏကို ဖန်တီးမပေးနိုင်သောအခါ မိသားစုများက ရနိုင်သမျှ ငွေစက္ကူတို့ကို အိမ်တွင်သာ စုထားကြတော့သည်။ နောင်လာမည့်လများတွင် မြို့ပြရှိ ဆင်းရဲသူများအပါအဝင် သာမန်ပြည်သူများ မည်သို့ ဆက်လက်ရှင်သန်ကြမည်ကို တွေးကြည့်ရန် ခက်လှသည်။ အများစုမှာ မြေပိုင်ယာပိုင် မရှိသည့်အပြင် ကျပန်းအလုပ်၏ ဝင်ငွေကိုသာ မှီခိုနေကြသည်ကိုး။

စစ်အုပ်စုကတော့ စီးပွားရေးကျဆင်းမှုကို ခံနိုင်ရည် ရှိနေပုံပေါက်သည်။ အနောက်နိုင်ငံများ၏ အပြင်းထန်ဆုံးသော စီးပွားရေးပိတ်ဆို့မှုဒဏ် ခံနေခဲ့ရသည့် လွန်လေပြီးသော စစ်အုပ်ချုပ်ရေးကာလများက မွေးဖွားလာခဲ့သည့် မြန်မာ့စီးပွားရေးစနစ်သည် ယနေ့ထိ ဆက်လက်တည်မြဲနေသောကြောင့် ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဖြစ်တည်လာခဲ့သည့် ကုန်ထုတ်လုပ်ရေးကဲ့သို့သော စီးပွားရေးကဏ္ဍသစ်များက မရှင်သန်နိုင်သော်လည်း စီးပွားရေးကဏ္ဍဟောင်းများဖြစ်သည့် ကျွန်းသစ်ထုတ်လုပ်ရေး၊ သတ္တုတူးဖော်ရေးတို့က တစ်ဖန်ပြန်လည် ဦးမော့လာဦးမည်။ တောင်တန်းဒေသများတွင်လည်း မူးယစ်ဆေးဝါးထုတ်လုပ်ရေး၊ ငွေကြေးခဝါချခြင်းမှသည် သားရိုင်းတိရစ္ဆာန်ကုန်ကူးခြင်း စသည့် တရားမဝင်လုပ်ငန်းများကလည်း မတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ တိုးပွားလာဦးမည်။

လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းများ ဖေဖော်ဝါရီလက ဆန္ဒပြနေစဉ်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတကာက မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် ထိခိုက်နစ်နာရန် အလွယ်ဆုံးသော ပြည်သူများ အသက်ဆက်နိုင်ရေးအတွက် ဦးစားပေးကာ ကူညီထောက်ပံ့သင့်သည်။ အထူးသဖြင့် ကလေးသူငယ်များအတွက် ကာကွယ်ဆေးထိုးပေးနိုင်ရန်ကိုလည်း အလေးပေးဆောင်ရွက်သင့်သည်။ အရေးကြီးသည်မှာ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ပြည်သူလူထုအများက လိုလားနေသည့် နိုင်ငံရေးအပြောင်းအလဲလမ်းစဉ်ကို မထိပါးစေအောင် နိုင်ငံရေး ကျွမ်းကျင်မှုဖြင့် လုပ်ဆောင်ရန် ဖြစ်သည်။

ယနေ့ တော်လှန်ရေးလှုပ်ရှားမှုများသည် စစ်အုပ်စု၏ ဝင်ငွေကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်ပြီး ထို့အတွက် စီးပွားရေးစနစ်ကို အနစ်နာခံရန် ဝန်မလေးကြ။ သို့သော်လည်း အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ရေးသည် လပိုင်းနှင့် ပြီးဆုံးသွားမည် မဟုတ်ဘဲ နှစ်ချီ ကြာနိုင်သဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် မည်သို့ စီးပွားရေးအခင်းအကျင်းက သင့်လျော်မည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ စစ်အုပ်စုကို အားနည်းစေရန် အားထုတ်မှုများက နိုင်ငံတကာ တရားမဝင်ကွန်ရက်များကို အားပေးသလို ဖြစ်ခဲ့သည်ရှိသော် တိုင်းပြည်ပြိုလဲနိုင်သည်သာမက နိုင်ငံရေးဖွဲ့စည်းပုံ ကမောက်မကဖြစ်ကာ ပြုပြင်ရန် မျိုးဆက်များစွာ စောင့်ဆိုင်းရတော့မည်။

အာဏာရှင်စနစ်ကို ဆန့်ကျင်ရမည်မှာ မှန်သော်လည်း ဒီမိုကရေစီတစ်ခုတည်းသည် မလုံလောက်ပေ။ နောင်လာမည့်လများတွင် ခေါင်းဆောင်မျိုးဆက်သစ်တစ်ခု ပေါ်ထွန်းလာလိမ့်မည်။ အများစုက မြန်မာ့နိုင်ငံရေး၏ အချက်အချာကို လူမျိုးရေးအခြေပြု အမျိုးသားရေးမဖြစ်စေလိုကြတော့ဘဲ လူမျိုးရေး၊ ဘာသာရေးများကို ကျော်လွန်နိုင်မည့် မိတ်ဖွဲ့သစ်များ ဖြစ်ပေါ်လာရန် လိုလားကြသည်။ ဤသည်ကို ကြိုဆိုသင့်သည့်အပြင် အနာဂတ်တွင် အောင်မြင်မှုရရှိနိုင်ရေး အတွက်လည်း အဓိကကျသည်။ ဆင်းရဲချမ်းသာကွာဟမှု၊ မဖွံ့ဖြိုးမှု၊ ထိခိုက်နစ်နာလွယ်သူများကို ကာကွယ်မှုတို့ကိုလည်း အလေးထား စဉ်းစားကာ မနက်ဖြန်တွင် ပို၍ မျှတသည့် နိုင်ငံရေးအခြေပြုစီးပွားရေးကို ပြန်လည် ဖန်တီးပုံဖော်နိုင်ရန် အထူးအရေးကြီးပေသည်။

မူရင်းဆောင်းပါး – Remaking Myanmar’s devasted economy is the key for a future democracy 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button