
အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် ရုရှားနိုင်ငံတွင် ရောက်ရှိနေပြီး ခရီးစဉ်တွင် ရုရှားနိုင်ငံ၏ အကြီးမားဆုံးရဟတ်ယာဉ်ပြပွဲ (HeliRussia) ကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း မော်စကိုရှိ မြန်မာသံရုံးကို ကိုးကားလျက် The Moscow Times သတင်းစာက ရေးသားထားသည်။
ရုရှားနိုင်ငံထုတ် နောက်ဆုံးပေါ် Ka-52 နှင့် Mi-28NE တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပါဝင်ပြသသွားမည့် အဆိုပါပြပွဲတက်ရောက်လာမည့် နိုင်ငံပေါင်း ၅၀ တွင် မြန်မာပါဝင်ကြောင်း HeliRussia က ပြောကြားသည်ဟု သတင်းက ဆိုသည်။
နောက်ဆုံးပေါ် ဘက်စုံသုံးတိုက်ခိုက်ရေးရဟတ်ယာဉ် Ka-52 နှင့် အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ် Mi-28NE အမျိုးအစားများကို ပြည်ပသို့ စတင်ရောင်းချမည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် စစ်လက်နက်ပစ္စည်းရေးရောင်းချရေး အေဂျင်စီက ၂၀၁၆ ခုနှစ်တွင် ကြေညာခဲ့သည်။
လေတပ်အကြီးအကဲ မောင်မောင်ကျော်၏ ခရီးစဉ်နှင့် ပတ်သက်၍ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လူသိရှင်ကြား ထုတ်ဖော်ကြေညာခြင်း မရှိသော်လည်း သူ၏ ခရီးစဉ်၌ အစီအစဉ်များ ပြည့်ကျပ်နေကြောင်း မော်စကိုရှိ မြန်မာစစ်သံမှူးက ပြောကြားသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး အတင်းအဓမ္မ အာဏာသိမ်းယူခဲ့သည့် မြန်မာစစ်တပ်ကို ရုရှားက ဆက်လက်ထောက်ခံလျက်ရှိပြီး ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးသည်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်သို့ လာရောက်ခဲ့ကာ မတ် ၂၇ ရက်တွင် ကျင်းပပြုလုပ်သည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ခဲ့သည်။

လတ်တလောတွင် ရုရှားနှင့် မြန်မာနိုင်ငံကြား နက်ရှိုင်းသော စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည့်အပြင် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံပြီးနောက် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း ဒုတိယအများဆုံး တင်ပို့ရောင်းချနေသည့် နိုင်ငံဖြစ်ကြောင်း The Moscow Times က ဆိုသည်။
ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ၏ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း နေပြည်တော်ခရီးစဉ်၌ ရုရှားနိုင်ငံ၏ နာမည်ကျော် မြေပြင်မှဝေဟင်ပစ် Pantsir-S1 ဒုံးစနစ်အပါအဝင် Orlan-10E စောင့်ကြည့်ရေးဒရုန်းများနှင့် ရေဒါပစ္စည်းများ ရောင်းချရန် သဘောတူခဲ့သည်။
စစ်တပ်က အာဏာသိမ်းယူခြင်း မပြုမီ တစ်ပတ်အလိုတွင် ရုရှားနိုင်ငံနှင့် အဆိုပါ လက်နက်ပစ္စည်းများဝယ်ယူရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလအတွင်း မြန်မာစစ်အုပ်စုက ရုရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်းတန်ဖိုးရှိ ရေဒါပစ္စည်းများ ဝယ်ယူတင်သွင်းခဲ့သည်။
“ရုရှားက အာဏာသိမ်းမြန်မာစစ်တပ်ကို တရားဝင်အသိအမှတ်ပြုနေသည်သာမက စစ်လက်နက်ပစ္စည်းတွေ ရောင်းချရင်း အမြတ်ထုတ်တဲ့အပေါ် တော်တော်စိတ်ပျက်မိပါတယ်။ အခုဆိုရင် မြန်မာစစ်တပ်က ရုရှားလက်နက်တွေ အသုံးပြုပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေကို လက်လွတ်စပယ် ဗုံးကြဲတိုက်ခိုက်နေတယ်။ ရုရှားအနေနဲ့ ဒီစစ်ရာဇဝတ်တွေမှာ ပါဝင်ပတ်သက်နေတာကို ရပ်တန့်ရပါမယ်” ဟု မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများတွင် အာဏာသိမ်းစစ်ကောင်စီက ရုရှားနိုင်ငံမှ ဝယ်ယူထားသော တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များကို အများဆုံးအသုံးပြုလျက်ရှိသည်။
မေ ၃ ရက်က ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်ပစ်ချခံရမှုတွင် လေတပ်မှ အရာရှိစစ်သည် သုံးဦး ဆုံးရှုံးခဲ့ကြောင်း မေ ၇ ရက် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီတာဝန်ရှိသူက ထုတ်ဖော်ဝန်ခံခဲ့သည်။
ရုရှားနိုင်ငံသို့ ရောက်ရှိနေသော လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး လက်ရှိတပ်မတော် ကာကွယ်ရေးဦးစီးချုပ်လက်ထက်တွင် လေတပ်စခန်းမှူးအဖြစ်မှ ကာကွယ်ရေးဦးစီးချုပ် (လေ) အဆင့်၊ ဗိုလ်မှူးချုပ်မှ ဗိုလ်ချုပ်ကြီးအဆင့်ထိ အလျင်အမြန် ရာထူးတက်ခဲ့သူဖြစ်သည်။
ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် ယခင်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ဖူးပြီး မြန်မာစစ်တပ်တွင် အဆင့်မြင့်ဆုံးသော ဘက်စုံသုံး စတုတ္ထမျိုးဆက်တိုက်လေယာဉ်များဖြစ်လာမည့် ရုရှားထုတ် Su-30 ဝယ်ယူရာတွင် အဓိကပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။
အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိ ရုရှားထုတ် အဆင့်မြင် Su-30 တိုက်လေယာဉ် ခြောက်စီးဝယ်ယူရန် မြန်မာဘက်က သဘောတူခဲ့ကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ရုရှားတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။
စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု၏ ၂၀၁၉ အချက်အလက်များအရ မြန်မာ၏ ရုရှားလက်နက်များတင်သွင်းမှုသည် ဆယ်စုနှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈၀၇ သန်းရှိခဲ့ပြီး ရုရှားနိုင်ငံမှ ဒုတိယအများဆုံး ဝယ်ယူတင်သွင်းခဲ့သည်။