
ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ယမန်နေ့ (မေ ၁၃)ညက တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရသွားသည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – Chinland Defence Force (CDF) က ပြောသည်။
မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ည ၉း၀၀ နာရီခန့်တွင် တိုက်ခိုက်ခဲ့သည်၊ မြို့တွင်းရှိ ရဲကင်းစခန်းကို ည ၁၂ နာရီမှ မနက် ၂ နာရီကြာသည်အထိ တိုက်ခိုက်ရာမှ ဒဏ်ရာရသွားကြခြင်းဖြစ်သည်ဟု ကန်ပက်လက်မြို့ CDF ၏ ပြောခွင့်ရ ကိုဘောရစ်က ပြောသည်။
“ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူး။ သူတို့(စစ်ကောင်စီ)ဘက်ကတော့ နှစ်ယောက် ဒဏ်ရာရတယ်။ သေဆုံးတဲ့သတင်းတော့ မကြားရသေးပါဘူး” ဟု ကိုဘောရစ်က ပြောသည်။
ညအချိန်ဖြစ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ မည်သည့်ယူနီဖောင်း ဝတ်ဆင်ထားမှန်း သဲသဲကွဲကွဲ မမြင်ရဟု ၎င်းက ဆိုသည်။
ကန်ပက်လက်မြို့တွင် စစ်ကောင်စီ၏ နယ်မြေခံတပ်ရင်းများ၊ စစ်စခန်းများမရှိဘဲ အဆိုပါ ရဲကင်းစခန်းသာရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။
နာမည်ကျော် နတ်မတောင် (ဝိတိုရိယတောင်) တည်ရှိရာ ကန်ပက်လက်သည် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများကို အကြီးအကျယ်ပြုလုပ်ခဲ့ပြီး ကျန်းမာရေး၊ ပညာရေးအပြင် ဌာနဆိုင်ရာဝန်ထမ်းအများအပြား အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာကြသည့် မြို့နယ်ဖြစ်သည်။
ကန်ပက်လက်မြို့နယ်သည် လတ်တလော တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် မင်းတပ်မြို့၏တောင်ဘက် မိုင် ၂၀ ကျော်ခန့်အကွာတွင် တည်ရှိသည်။ ဒေသခံတို့သည် ယခင်က တိုက်ပွဲအတွေ့အကြုံ မရှိကြသော်လည်း ယမန်နေ့ညက စ၍ CDF က လက်ဦးမှုယူကာ စတင်တိုက်ခိုက်ခြင်းဖြစ်သည်။
CDF က ထိုသို့တိုက်ခိုက်သည့်နေ့မှာပင် ထုတ်ပြန်သည့် ကြေညာချက်တွင် ကန်ပက်လက်မြို့အတွင်းရှိ ပြည်သူများ မလိုအပ်ဘဲအပြင်မထွက်ရန်၊ နယ်ဝေးမှလာသည့် အလုပ်သမားများ အချိန်မီနေရပ်ပြန်ရန်၊ ကန်ပက်လက်နှင့် ယော၊ ဆောနယ်များသို့ ခရီးအသွားအလာမလုပ်ရန် စသည့် တားမြစ်ချက်များ ပါဝင်သည်။ မလိုက်နာပါက လုံခြုံရေးအာမခံမည်မဟုတ်ဟု ဆိုသည်။
ထိုသို့စာထုတ်ပြီးနောက် လူအသွားအလာမရှိတော့ဘဲ တစ်မြို့လုံးငြိမ်သက်နေသည်ဟု CDF တာဝန်ရှိသူက ဆိုသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီလက်နက်ကိုင်များဘက်မှ လှုပ်ရှားမှုမရှိသေးသလို ၎င်းတို့ဘက်ကလည်း အခြေအနေကို စောင့်ကြည့်နေသည့်အတွက် ပစ်ခတ်မှုများ ရပ်တန့်နေသည်ဟု ကိုဘောရစ်က ပြောသည်။
ယနေ့မနက်ပိုင်းတွင် မကွေးတိုင်း ဆိပ်ဖြူမြို့မှ စစ်ကားနှစ်စီး ကန်ပက်လက်မြို့ဘက်သို့ တက်သွားသည်ဟု ဒေသတွင်းသတင်းတချို့တွင် ဖော်ပြထားသည်။
ထို့အပြင် မင်းတပ်မြို့တွင်လည်း စစ်ကောင်စီနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး မေ ၁၃ ရက်က စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် မင်းတပ်မြို့ CDF တပ်ဖွဲ့ဝင် Salai Thang Hung Thang ကျဆုံးခဲ့သည်ဟု CDF က စာထုတ်ထားသည်။
မေ ၁၃ ရက်တွင်ပင် မင်းတပ်မြို့၏ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် မကွေးတိုင်း ကျောက်ထုမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် ကျောက်ထုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးနိုင်ပြီး ၄ ဦးဒဏ်ရာရသွားကြောင်း ကျောက်ထုပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် မလိုအပ်ဘဲခရီးမထွက်ကြရန် ဒေသခံတို့ကို တိုက်တွန်းထားသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖွဲ့ပြီးနောက် တူမီးအပါအဝင် ရရာလက်နက်များဖြင့် စစ်ကောင်စီတပ်များကို ပြန်လည်ခုခံ တိုက်ခိုက်နေကြသည်။
လူထုကိုယ်စားလှယ်များ၊ အစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီကမူ ခုခံသူတို့ကို ဆူပူအကြမ်းဖက်သူများဟု တံဆိပ်ကပ်နေသည်။
ယမန်နေ့က ရင်ဆိုင်ရသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။