အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီ၏ သက်သေခံကို ဦးဝင်းထိန်၏ ရှေ့နေအဖွဲ့ပယ်ချ

ဖမ်းဆီးပြီးနောက် သုံးလကျော်ကြာ မည်သူနှင့်မျှတွေ့ခွင့်မရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးဝင်းထိန်ကို ယနေ့(မေ ၁၄)တွင် နေပြည်တော်အချုပ်ထောင်၌ အထူးတရားရုံးဖွင့်ကာ ပထမဆုံးအကြိမ် လူတွေ့ရုံးထုတ်စစ်ဆေးစဉ် စစ်ကောင်စီဘက်က တင်သွင်းသော သက်သေခံအချက်အလက်များကို ၎င်း၏ရှေ့နေအဖွဲ့က ပယ်ချလိုက်သည်။

“တရားလိုကို စစ်တယ်။ တရားလိုက သက်သေခံစာရွက်စာတမ်းတွေ တင်တယ်။ ကျွန်မတို့ဘက်က တင်သွင်းခြင်းကို ကန့်ကွက်လွှာတင်လိုက်တယ်”ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

ဥပဒေအရ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ၏ အမိန့်အရသာ တရားလိုကို တာဝန်ပေးရမည်ဖြစ်သော်လည်း ယခုအမှုတွင် နေပြည်တော်ကောင်စီကပါ တရားစွဲဆိုခွင့်အခွင့်အာဏာအပ်နှင်းထားကြောင်း တွေ့ရ၍ ထိုသို့ကန့်ကွက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း(နှစ်၂၀ထိ) ချမှတ်ခံရနိုင်သော နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၁၂၄ – ကဖြင့် နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက တရားလိုလုပ်ကာ ဖေဖော်ဝါရီ ၄ ရက်ကတည်းက အမှုဖွင့်ထားခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ၁ရက်က နေပြည်တော်၌ သတင်းဌာနအချို့နှင့် တွေ့ဆုံစဉ် ပြည်သူသို့ပန်ကြားချက်ဟုဆိုသည့် ဦးဝင်းထိန်၏ ပြောကြားမှုများကြောင့် ဖမ်းဆီးကာ တရားစွဲဆိုရခြင်းဖြစ်သည်ဟု ဒက္ခိဏခရိုင်တရားသူကြီးဦးဆောင်သည့် ယနေ့တရားခွင်တွင် တရားလိုက ထွက်ဆိုခဲ့ကြောင်း ဒေါ်မင်းမင်းစိုးက ပြောသည်။

“ပြည်သူသို့ပန်ကြားချက်ဆိုတဲ့ စာအရ အစိုးရကို မလိုမုန်းထားဖြစ်အောင်၊ လေးစားမှုမပြုနိုင်အောင် လှုံ့ဆော်အားထုတ်တဲ့အတွက်ကြောင့်လို့ပဲ ပါတယ်။ အတိအကျတော့ မပါဘူး”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ရက်က သတင်းဌာနအချို့နှင့် တွေ့ဆုံရာတွင် စစ်အာဏာသိမ်းယူမှုမှာ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စမဟုတ်ကြောင်း ဦးဝင်းထိန်က အကျယ်တဝင့်ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နေပြည်တော်အချုပ်ထောင်၌ ယနေ့ပြုလုပ်သည့် တနာရီခန့်ကြာသည့် တရားခွင်မတိုင်မီ နှစ်ဦးပါရှေ့နေအဖွဲ့နှင့် ဦးဝင်းထိန်တို့ ပထမဆုံးအကြိမ်သီးသန့်တွေ့ဆုံခွင့်ရခဲ့ပြီး ၄၅ မိနစ်ကျော် ကြာမြင့်ခဲ့ကြောင်း ဒေါ်မင်းမင်းစိုးက ပြောသည်။

“တရားခွင်မစခင်၊ တရားခွင်ထဲမှာပဲ တွေ့ဖို့ နေရာလေး လုပ်ပေးထားတယ်။ အဲဒီတရားရုံးမှာ ဘဘကို ကားနဲ့ ခေါ်လာတယ်။ ရုံးရောက်တော့ ဝှီးချဲပေါ်မှာ ထိုင်ခိုင်းတယ်။ တရားသူကြီးတွေကတော့ သူတို့အခန်းလေးတွေထဲမှာပဲ နေကြတာပေါ့။ အစောင့်တွေက မလှမ်းမကမ်းမှာ ရှိတယ်။ ကျွန်မတို့ စကားပြောတာတော့ မကြားလောက်တဲ့အနေအထားမှာ”ဟု ၎င်းက ပြောသည်။

ထိုသို့တွေ့ဆုံစဉ် စစ်ကောင်စီ၏ စွပ်စွဲချက်များကို ချေပရန် နည်းလမ်းများဆွေးနွေးနိုင်ခဲ့သည်ဟု ဒေါ်မင်းမင်းစိုးထံမှ သိရသော်လည်း အသေးစိတ်ကိုမူ မသိရပေ။

“(ဦးဝင်းထိန်)သူ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်ရတာဖြစ်တယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ သူ သေရမှာမကြောက်ဘူးလို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

ရှေ့နေအဖွဲ့နှင့် သီးသန့်တွေ့ဆုံပြီးနောက်ပြုလုပ်သည့် တရားခွင်တွင်လည်း အသက် ၈၀ ရှိပြီဖြစ်ပြီး ရောဂါမျိုးစုံရှိသည့် ဦးဝင်းထိန်က သူ၏ ထုံးစံအတိုင်း ရယ်ရယ်မောမော၊ နောက်နောက်ပြောင်ပြောင်ဖြင့် ကြုံတွေ့ရသည့် အခြေအနေများကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ခဲ့သည်ဟု ဒေါ်မင်းမင်းစိုးထံမှ သိရသည်။

ဦးဝင်းထိန်သည် လက်တွန်းလှည်းဖြင့် သွားလာနေရပြီး အသက်ရှူရပ်သည့် ရောဂါကြောင့် အောက်ဆီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါ၊ ဆီးကြိတ်ကြီး ရောဂါများရှိနေခြင်းကြောင့် ကျန်းမာရေးအရ အာမခံပေးရန် မတ် ၅ ရက်က တရားရုံးသို့ လျှောက်ထားခဲ့ဖူးသော်လည်း ပယ်ချခံရသူဖြစ်သည်။

တရားခွင်မစမီတွေ့ဆုံမှုအတွင်း ဦးဝင်းထိန်က “ဒီရောက်ပြီးမှာ ပိုပြီးကျန်းမာနေတယ်လို့ ပြောတယ်”ဟု ပြောကြောင်း ဒေါ်မင်းမင်းစိုးထံမှ သိရသည်။

ဦးဝင်းထိန်၏ နောက်တစ်ကြိမ်ရုံးချိန်းကို မေ ၂၈ရက်သို့ ထပ်မံချိန်းဆိုလိုက်ပြီး တရားလို၏ သက်သေခံတင်သွင်းမှုအပေါ် ကန့်ကွက်မှုနှင့်ပတ်သက်၍ တရားခွင်၌ နှစ်ဖက်လျှောက်လဲရမည်ဖြစ်သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထားသည့် NLD ထိပ်တန်းခေါင်းဆောင်များထဲတွင် ဦးဝင်းထိန်မှာ ပထမဆုံး ရှေ့နေနှင့် သီးသန့်တွေ့ခွင့်ရသူ၊ လူတွေ့ရုံးထုတ်စစ်ဆေးခံရသူဖြစ်သည်။

စစ်ကောင်စီက ပုဒ်မခြောက်ခုဖြင့် အမှုဖွင့်ထားသည့် NLD ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD ဒုဥက္ကဋ္ဌ ၁၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့မှာမူ စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှစ၍ ယနေ့တိုင် မည်သူနှင့်မျှ တွေ့ခွင့်မရသေးပေ။

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် မေ ၂၄ရက်ရုံးချိန်းမှစ၍ နေပြည်တော်ရှိ ၎င်း၏နေအိမ်အနီးတွင် အထူးတရားရုံးဖွင့်ကာ စစ်ဆေးမည်ဟု ဇဗ္ဗူသီရိမြို့နယ်တရားသူကြီးက ပြောထားသော်လည်း တရားခွင်မစမီ ရှေ့နေနှင့် တွေ့ခွင့်ပေးမပေးမှာမူ ရှင်းလင်းစွာမသိရသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button