သတင်း

ကနီတွင် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကို စစ်တပ်က ပစ်သတ် 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံကျေးရွာတွင် ယမန်နေ့ (မေ ၁၁) ညပိုင်း၌ စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ယမန်နေ့ (မေ ၁၁ ) ည ၉ နာရီဝန်းကျင် သမင်ခြံကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်သည် ၎င်းရွာမှ အသက် ၃၅ နှစ်အရွယ် ကိုကျော်မြင့်ဆိုသူကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

“သူက စိတ်ဝေဒနာ ခံစားနေရတာ။ အမြဲတမ်းဖောက်နေတာတော့ မဟုတ်ဘူး။ တစ်ခါတစ်ရံ ထထဖောက်တာ။ စစ်သားတွေကို ဆဲတယ်လို့ပြောတယ်။ အဲ့ဒီမှာ အိမ်ထဲထိ ဝင်ပစ်သွားတာ။ သေနတ်နဲ့ပစ်သတ်တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သမင်ခြံကျေးရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။  

ပြီးခဲ့သည့် မေ ၆ ကတည်းက သမင်ခြံကျေးရွာနှင့် အနီးအနားကျေးရွာများ၌ စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် သမင်ခြံကျေးရွာအတွင်း စစ်တပ်က တပ်စွဲထားလိုက်သည်။

ထို့နောက် ၎င်းရွာအတွင်း မကြာခဏဆိုသလို စစ်တပ်က နေအိမ်များကို ရှာဖွေမွှေနှောက်ပြီး ပစ္စည်းများပါ လုယက်ယူငင်နေ၍ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေသည်။ 

လူ နှစ်ထောင်ကျော်နေထိုင်သော သမင်ခြံကျေးရွာအတွင်း နေထိုင်သူမှာ အယောက် ၅၀ ဝန်းကျင်သာ ကျန်တော့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ကနီမြို့နယ် ကလေးဝ – ယာကြီး – မုံရွာ လမ်းမအနီး ကျေးရွာများနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကျေးရွာများတွင် ဒေသခံကာကွယ်ရေးအဖွဲ့များသည် စစ်တပ်နှင့် မေ ၆ မှစ၍ အပြန်အလှန်ပစ်ခတ်နေပြီး ဒေသခံတို့က တူမီးအပါအဝင် ရရာလက်နက်ဖြင့် ခုခံနေသည်။ 

ကနီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တူမီးသေနတ်ရှာဖွေရန် အကြောင်းပြကာ စစ်တပ်က တစ်အိမ်တက်ဆင်း မွှေနှောက်ရှာဖွေကာ၊ ဒေသခံများကို ရိုက်နှက်စစ်ဆေးမေးမြန်းနေသည်။ 

မေ ၁၀ ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံအုပ်စု စိမ့်အင်တိုင်းရွာမှ အမျိုးသား  ၁၄ ဦးကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ တူမီးသေနတ်အကြောင်း စစ်ဆေးမေးမြန်းရိုက်နှက်ကာ ဖမ်းဆီးသွားသည်။

ယနေ့မနက်၌ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေကာ ဒေသခံ  ၃၀ ကျော်ကို ရိုက်နှက်စစ်ဆေးသည်ဟု သိရသည်။

“မနက်အစောကြီးကတည်းက သေနတ်ဖောက်ပြီး ရွာကို ဝင်နေတယ်။ အရပ်ဝတ်တွေလည်းပါတယ်။ လက်နက်ကြီးတွေလည်းပါတယ်။ အခု ရွာက အယောက် ၃၀ လောက်ကို ဖမ်းဆီးရိုက်နှက်ပြီး မေးမြန်းနေတယ်။ ယောက်ျားလေးဆိုရင် ဘယ်အရွယ်ဖြစ်ဖြစ် အလွတ်မပေးဘူး။ အသက်မပြည့်သေးတဲ့သူတွေလည်းပါတယ်။ အကုန်ဖမ်းနေတာ” ဟု ကနီမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ 

စိတ်ကျန်းမာရေးမကောင်းသူကို ပစ်သတ်မှု၊ ဒေသခံတို့ကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး မေးမြန်းလိုသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ အကြမ်းဖက်မှုကို ခုခံသော အရပ်သားများကို ဆူပူအကြမ်းဖက်သူများဟု စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။

မကြာသေးခင်ရက်များက ဇီးပင်တွင်းကျေးရွာတွင် စစ်တပ်နှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး နောက်ရက်များတွင် ၎င်းရွာအတွင်း စစ်တပ်က ရှာဖွေမွှေနှောက်ခဲ့သည်။ 

ထိုသို့ စစ်တပ်က ကနီမြို့နယ်အတွင်း ကျေးရွာများအပေါ် ဆက်တိုက်ဖိနှိပ်နေမှုကြောင့် ရွာ ၃၀ ကျော်မှ ဒေသခံ ရှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်။

ဧပြီလဆန်းပိုင်းမှ လက်ရှိအချိန်အထိ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်မှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၁၉ ဦး သေဆုံးပြီး ၅၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားသည်။ 

Show More

Related Articles

Back to top button