ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် ရှေ့တန်း တပ်မှူးများကြားတွင် သုံးသပ်မှုများ လုပ်ဆောင်နေပြီး တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခြင်းမရှိသေးကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးက ပြောသည်။
စစ်တပ်က နောင်ချိုမြို့ပေါ် ရပ်ကွက်နှစ်ခုအား ထိန်းချုပ်ထားပြီး TNLA တပ်ဖွဲ့များ မြို့ပေါ်မှ ဆုတ်ခွာနေ သည်ဟု သတင်းများ ထွက်နေသည့်အပေါ် Myanmar Now က ယနေ့(ဇူလိုင် ၁၅)နံနက်က ဆက်သွယ်မေးမြန်းရာ TNLA ဘက်မှ ယခုကဲ့သို့ တုံ့ပြန်ခဲ့သည်။
“ကျွန်မတို့ တပ်ဖွဲ့တွေ နောင်ချိုမှာ ရှိနေပါတယ်။ ကျွန်မတို့ လက်ရှိအချိန်အထိ ထိန်းနိုင်တဲ့အခြေအနေမှာ ရှိပါတယ်။ အနီးအနားမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ နောင်ချိုတိုက်ပွဲနဲ့ပတ်သက်လို့ ကျွန်မ တို့ ခေါင်းဆောင်ပိုင်းတွေဘက်ကလည်း သုံးသပ်မှုတွေ ရှိနေပါတယ်” ဟု လွေးယေဦးက ပြောသည်။
ကျော်ဇင်ဝင်း/ Myanmar Now



